ဆန္ဒပြပွဲတွင် အကြမ်းဖက်မှုကို လုံးဝသည်းခံလိမ့်မည် မဟုတ်ကြောင်း တောင်ကိုရီးယားအစိုးရ ပြော

ဆန္ဒပြပွဲတွင် အကြမ်းဖက်မှုကို လုံးဝသည်းခံလိမ့်မည် မဟုတ်ကြောင်း တောင်ကိုရီးယားအစိုးရ ပြော

ဆိုးလ်၊ နိုဝင်ဘာ-၂၇ ။                ။ လာမည့်ရက်သတ္တပတ်တွင် စီစဉ်ထားသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမတိုင်မီတွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုကို လုံးဝသည်းခံလိမ့်မည် မဟုတ်ကြောင်း တောင်ကိုရီးယား တရားရေးဝန်ကြီးက နိုဝင်ဘာ ၂၇ရက်နေ့တွင် သတိပေးချက် ထုန်ပြန်ခဲ့သည်။

တစ်ပြည်လုံးသို့ ပြောကြားသည့် ရုပ်သံမိန့်ခွန်းတွင် တရားရေးဝန်ကြီး ကင်ဟွန်ဝန်းက မည်သည့် လူထုအဓိကရုဏ်းကိုမဆို ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် ဥပဒေချိုးဖောက်သူများအနေဖြင့် ချိုးဖောက်မှုနှင့်ညီမျှသော တန်ဖိုးကို ပြန်လည်ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၄ရက်နေ့က လူပေါင်း ၆၀၀၀၀နီးပါး ပါဝင်ခဲ့ပြီး ဆန္ဒပြသူများနှင့် ရဲများကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ရဲများက ငရုတ်ရည်များပက်ဖျန်း၊ ရေအမြှောက်များဖြင့် ပစ်ခတ်ကာ တည်ငြိမ်မှုကို ထိန်းသိမ်းခဲ့ရသည့် ဆိုးလ် အစိုးရဆန့်ကျင်ရေးစုရုံးပွဲကြီးမတိုင်မီကလည်း ကင်က အလားတူ သတိပေးချက် ထုတ်ပြန်ခဲ့ဖူးသည်။

ဒီဇင်ဘာ ၅ရက်နေ့တွင်လည်း အလားတူဆန္ဒပြ ကြရန် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းနှိုးဆော်ထားသည်။

ဆန့်ကျင်ဆန္ဒပြရသည့် အကြောင်းအရာများမှာ ကျယ်ပြန့်ပါသည်။ အလုပ်သမားရေးပြုပြင်ပြောင်းလဲမှုများနှင့် စိုက်ပျိုးရေးကဏ္ဍကို ဖွင့်ပေးခြင်းမှသည် အစိုးရက ပြဌာန်းလိုက်သည့် ကျောင်းသုံး သမိုင်းစာအုပ်များအထိ ပါဝင်နေသည်။

သမ္မတပက်ဂွမ်ဟီးက နိုဝင်ဘာ၁၄ရက် ဆန္ဒပြမှုကို တရားဥပဒေစိုးမိုးမှုကို ဆန့်ကျင်သည့်လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ကာ အကြမ်းဖက်ရန် လှုံ့ဆော်ကြောင်း တွေ့ရှိရသူများကို ပြင်းပြင်းထန်ထန် အရေးယူရန်လည်း တိုက်တွန်းခဲ့သည်။

ထို့အပြင် အိုင်အက်စ် ဂျီဟတ်အုပ်စုက လုပ်လေ့လုပ်ထရှိသည့် အမူအကျင့်ဖြစ်သောကြောင့် ဆန္ဒပြသူများ မျက်နှာဖုံးများ ဝတ်ဆင်မှုကိုလည်း တားမြစ်သင့်ကြောင်း ပက်က ပြောကြားခဲ့သည်။

မျက်နှာဖုံးများ ဝတ်ဆင်မှုကို တားမြစ်းပိတ်ပင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ပက်၏ အာဏာရ ရှေးရိုးစွဲ ဆေနုရီပါတီက ဗုဒ္ဓဟူးနေ့က ပါလီမန်တွင် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ နိုဝင်ဘာ ၁၅ရက် ဆန္ဒပြမှုများကို ကိုရီးယားအလုပ်သမားသမဂ္ဂများ ဖက်ဒရေးရှင်း (KCTU)နှင့် ဂျွန်နွန်ဟုခေါ်သည့် လယ်သမားများ အသင်းချုပ်တို့က ခေါင်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဆန္ဒပြပွဲအတွင်း အကြမ်းဖက်ရန် လှုံ့ဆော်ခဲ့သည်ဟု ရဲက စွပ်စွဲထားသည့် KCTU ဥက္ကဌ ဟန်ဆန်းကျွန်းမှာ လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်လုံးလုံး ဆိုးလ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်း တွင် ခိုလှုံနေခဲ့ရသည်ဟု ဆိုသည်။

တရားရေးဝန်ကြီးက ဟန်ကို အလျှော့ပေးအညံ့ခံရန် တိုက်တွန်းထားပြီး ဟန်ကို လွတ်မြောက်အောင် ကူညီသည့် မည်သူ့ကိုမဆို ဖမ်းဆီးမည်ဟုလည်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required