မကျေနပ်မှုများနှင့် အစပြုလိုက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

မကျေနပ်မှုများနှင့် အစပြုလိုက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ရန်ကုန် (Myanmar Now) -  တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ စတင်ပြုလုပ်သော ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မရသည့် နိုင်ငံရေးပါတီတချို့က မကျေမနပ် ကန့်ကွက်လျက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်နေ့က   ချုပ်ဆိုသော စာချုပ်တွင်   ကရင်အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ငါးဖွဲ့တို့  လက်မှတ်ထိုးခဲ့ကြသည်။

စာချုပ်တွင် လက်နက်ကိုင်အဖွဲ့ငယ် သုံးဖွဲ့ ပါဝင်ခွင့်ကို အစိုးရက ငြင်းဆိုခဲ့သော ကြောင့်  လက်မှတ်ရေးထိုးခြင်း မပြုခဲ့သည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခုနစ်ဖွဲ့တွင် ညီညွတ်သော ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) တို့ ပါဝင်သည်။

စာချုပ် ချုပ်ဆိုသည့်ကာလ ဖြစ်သော်လည်း လွန်ခဲ့သည့် သီတင်းပတ်များက အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သား ၁ဝ,ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

စာချုပ်အရ  တိုင်းရင်းသားအဖွဲ့များ တောင်းဆိုထားသည့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေး ကဲ့သို့သော အကြောင်းအရာများကို ညှိနှိုင်းပြောဆိုမည့် နိုင်ငံရေးဆွေးနွေးပွဲတို့ကို စာချုပ် လက်မှတ်ရေးထိုးပြီး သုံးလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ၁၆ ဦး၊   အစိုးရ၊ လွှတ်တော်နှင့်တပ်မတော်တို့မှ ၁၆ ဦး၊  နိုင်ငံရေးပါတီတချို့မှ ကိုယ်စားလှယ်  ၁၆ ဦး တို့ကို ရွေးချယ်ထားရာ စုစုပေါင်း ကိုယ်စားလှယ် ၄၈ ဦး ပါဝင်သည်။ 

ဆွေးနွေးပွဲအတွက် နိုင်ငံရေးပါတီပေါင်း ၈၇ ခုမှ ကိုယ်စားလှယ်များပါဝင်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် အစည်းအဝေးကို သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှ ထင်ရှားသည့်   အကြံပေး ပုဂ္ဂိုလ်များက  ဦးဆောင်သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို၂ဝ၁၂ ခုနှစ်မှ စတင်၍ အစိုးရဘက်မှ ဦးဆောင်ဆွေးနွေးခဲ့သည့် ဦးအောင်မင်းသည် ပါတီကိုယ်စားလှယ်များအား ရွေးချယ်မှုကို ကြီးကြပ်ခဲ့ပြီး သူ၏ သဘောထားမှတ်ချက်နှင့်ဆုံးဖြတ်ချက်များအပေါ် နိုင်ငံရေးပါတီအချို့က မကျေနပ်ကြပေ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ရန် ဦးအောင်မင်းက ပြောခဲ့သည်။ ယင်းကဲ့သို့ ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်နှစ်ဦးရရှိမှသာ သူ့အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဆွေးနွေးပွဲတွင် ဆက်လက်ဦးဆောင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

“NLD က ဆွေးနွေးပွဲမှာ နှစ်နေရာယူထားတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက နှစ်နေရာယူတာ မများဘူးလားလို့ ခင်ဗျားတို့အနေနဲ့ မေးချင်ပါလိမ့်မယ်။ စဉ်းစားရမှာက အကယ်၍ ဦးအောင်မင်း အစိုးရအဖွဲ့က ထွက်သွားပြီဆိုရင် ငါတို့ ဘယ်နေရာက နေမလဲဆိုတာပါ။ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို ပြည်ခိုင်ဖြိုးရဲ့ဆွေးနွေးပွဲ ကိုယ်စားလှယ်နေရာမှာ ဆက်နေစေချင်သလား။ အဲဒီလိုဆိုရင် ပြည်ခိုင်ဖြိုးကို နှစ်နေရာ ပေးဖို့ လိုပါလိမ့်မယ်” ဟု သူက အစည်းအဝေး တက်ရောက်လာသူများကို ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ညီနောင်များ မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့တို့ကို ကိုယ်စားလှယ်တစ်ဦးစီ ရွေးချယ်ရန် ဦးအောင်မင်းက ပြောကြားခဲ့သည်။ မဟာမိတ်အဖွဲ့များတွင်  တိုင်းရင်းသားအဖွဲ့အစည်းများနှင့် စုစည်းထားခြင်း ဖြစ်သည်။

NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့အတွက် ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ခဲ့ခြင်းအပေါ် တိုင်းရင်းသားပါတီတချို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းအခြေစိုက် ပါတီငယ်များက မကျေမနပ်ဖြစ်ကာ အစည်းအဝေးတက်ရောက်သူတချို့က နေ့လယ်စာ စားချိန်မတိုင်မီ  ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါ ပါတီကိုယ်စားလှယ်များ ထွက်သွားပြီးနောက်   ကျန်ရှိနေသူများထံမှ ဆန္ဒ သဘောထားယူကာ ဆွေးနွေးပွဲတွင် ပါဝင်မည့် ပါတီငယ် ၇ ခုကို  ရွေးချယ်ခဲ့ကြသည်။ အဆိုပါ ပါတီငယ်များသည် နိုဝင်ဘာ ၈  ရွေးကောက်ပွဲတွင် မည်သည့်မဲဆန္ဒနယ်တွင်မျှ ရွေးချယ်မခံခဲ့ရသော  အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်။

ဆွေးနွေးပွဲဝင်ခွင့်မရသော ပါတီငယ်များ

ရွေးချယ်မှုရလဒ်ကြောင့် ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ ဒေါသထွက်သွားကြသည်။

 “တိုင်းရင်းသားတွေရဲ့ဆန္ဒကိုဦးစားပေးစေချင်တယ်။ နောက်ဆုံးကျတော့ ကိုယ်လိုချင်တာပဲ ကိုယ်ပုံဖော်သွားတယ်လေ။ တိုင်းရင်းသားတွေက ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးပေါ့။ မဲရွေးချယ်တဲ့ ပုံစံမျိုးပဲ ပြန်ဖြစ်သွားတယ်။ တစ်ပါတီကို တစ်နေရာယူတာကတော့ အကောင်းဆုံးပဲပေါ့။ နှစ်နေရာကတော့ ဘယ်ပါတီကမှ မဖြစ်သင့်ဘူးပေါ့” ဟု ကရင်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းစန္ဒာစုက ပြောသည်။

ဦးအောင်မင်းနှင့်MPC အကြံပေးပုဂ္ဂိုလ်များက အချိန်မလုံလောက်သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်သော်လည်း သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်သွားမည်ဟု ပြောခဲ့ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးကန်လမ်ခွပ်က ပြောကြားသည်။ ၎င်းတို့ပါတီသည် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် လွှတ်တော် ၄ နေရာနှင့် ချင်းပြည်နယ်လွှတ်တော် ၂ နေရာအတွက် အနိုင်ရခဲ့သည်။

“လာပြီးချပြတဲ့သဘောပဲရှိတယ်။ ဘယ်လိုပဲကန့်ကွက်ကန့်ကွက် ထပြီးပြန်သွားရင်လည်း သူတို့က ဂရုစိုက်မှာမဟုတ်ဘူးလေ။ တချို့လည်း ထပြန်ကုန်တာရှိတာပဲလေ။ ဒါ ဒီမိုကရေစီနည်းလမ်း ဘယ်ကျမလဲ” ဟု ၎င်းက ပြောသည်။

အမျိုးသမီးပါတီ (မွန်)မှ မိသန်းရှင်က မိမိတို့ပါတီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့် မရခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ NLD ပါတီသည် အာဏာရပြီးပါက ဆွေးနွေးပွဲနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များအပေါ် ချဉ်းကပ်ကိုင် တွယ်မှု ပြောင်းလဲသွားနိုင်ကြောင်း ပြောကြားသည်။

MPC အကြံပေးတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက နိုဝင်ဘာ ၂၁   ဆွေးနွေးပွဲတွင် ပါတီအချို့က ကန့်ကွက်ကြသည်ဟု ဆိုသည်။

“သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ မူဘောင်တစ်ခုကို ချမှတ်ရခြင်းဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

“လုပ်ငန်းစဉ်ကတော့ အပြည့်အဝကောင်းမွန်တယ်လို့ မပြောနိုင်ပေမယ့် ဆွေးနွေးမယ့် ကိုယ်စားလှယ်အရေအတွက်ကို ပုံသေ အပြီး သတ်မှတ်မထားဘဲ အလျှော့အတင်းရှိမှာပါ။ ဇန်နဝါရီ ၁၄ ရက် နောက်ပိုင်းကျရင် အစိုးရသစ်အနေနဲ့ ပြန်လည် ဆွေးနွေးနိုင်ပါတယ်”  

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနနှင့် အစိုးရအနေဖြင့် နိုဝင်ဘာ ၂၁ ရက်က ဆွေးနွေးပွဲသို့ ပါတီငယ် အများအပြား တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ရသည့် အကြောင်းကို လေ့လာစောင့်ကြည့်သူတချို့က မေးခွန်းထုတ်ခဲ့သည်။

“သူတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်တုန်းက ပါတီငယ်လေးတွေကို မဖိတ်ခဲ့ပါဘူး” ဟု တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Myanmar Peace Monitor) မှ ဦးဇင်လင်းက ပြောသည်။

“NLD မှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အတွေအကြုံမရှိဘူးဆိုပြီး သူတို့တွေက ပြဿနာတွေ၊ အခက်အခဲတွေကို ထားသွားချင်လို့ အခုလိုလုပ်တာပါ”  

 အပစ်ရပ်လုပ်ငန်းစဉ်ကို NLD ဦးဆောင်မှာလား

ဒီဇင်ဘာလအတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံကာ အစိုးရသစ် ဖွဲ့စည်းရေးအတွက် ဆွေးနွေးဖွယ်ရှိသည်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် မည်သည့် လမ်းကြောင်းမှ ချဉ်းကပ်မည်ကို NLD က  အကျယ်တဝင့် ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အောက်တိုဘာတွင်ကျင်းပသည့် အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခြင်းမရှိခဲ့ပေ။

NLD ၏ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းဆိုင်ရာ ချဉ်းကပ်မှုသည် မြန်မာစစ်တပ်အတွက် အရေးပါသည့် အကြောင်းအရာတစ်ရပ်ဖြစ်နေသည်။ နိုင်ငံရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရန် ကြိုးပမ်းနေသည့် နယ်စပ်ဒေသများမှ တိုင်းရင်းသားလူမျိုးစုများနှင့် အစိုးရတပ်တို့ ဆယ်စုပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက NLD ပြောခွင့်ရ ဦးဝင်းထိန်က နိုင်ငံရေးဆွေးနွေးပွဲတွင် ပါတီငယ်အများအပြား ပါဝင်လာမည်ဟု မထင်ကြောင်း၊ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီက ပံ့ပိုးထားသည့် ပါတီငယ်အများအပြားရှိကြောင်း Myanmar Now သို့ ပြောကြားခဲ့သည်။

“နောက်ကျရင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်မှာပါ။ MPC ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြန်လည်သုံးသပ်သွားပါမယ်” ဟု ဦးဝင်းထိန်က ပြောသည်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required