နိုင်ငံရေးသမားများ ထားသင့်သည့် မာန

နိုင်ငံရေးသမားများ ထားသင့်သည့် မာန

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီက တောင်ပြိုကမ်းပြိုနိုင်ခဲ့ရာ မကြာမီကာလအတွင်းတွင် အင်န်အယ်လ်ဒီအစိုးရသစ်ကို တွေ့မြင်ရဖွယ်ရှိသည်။ မဲဆန္ဒရှင်ပြည်သူများသည် အင်န်အယ်လ်ဒီကို အနိုင်ပေးခဲ့သော်လည်း ရှိခဲ့ဖူးပြီးသော အတွေ့အကြုံများအရ အေးအေးညောင်းညောင်း အာဏာလွှဲမှလွှဲပါ့မလားဟု စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

အင်န်အယ်လ်ဒီသည် လက်ရှိကာလတွင် အဓိက အတိုက်အခံပါတီဖြစ်ပြီး၊ မကြာမီကာလတွင် အနိုင်ရပါတီအဖြစ်ဖြင့် လွှတ်တော်တွင်းတွင်ရော အစိုးရတွင်းတွင်ပါ လွှမ်းမိုးချုပ်ကိုင်မည့်သဘောရှိသည်။ သို့သော် လက်ရှိအာဏာရှိသူများကို စိုးရိမ်ပူပန်ခြင်း မရှိစေရန် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟု အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

မျက်မှောက်မြန်မာ့နိုင်ငံရေးတွင်ရော အနာဂတ်မြန်မာ့နိုင်ငံရေးတွင်ပါ ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ ပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်လိုက်လျှင် အနှေးနှင့်အမြန် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော မြန်မာအဖြစ် ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်ထက်သို့ တက်နိုင်လိမ့်မည်ဟု မျှော်လင့် ယုံကြည်ထားကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကို ဦးဆောင်ခွင့် တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဘူးပါ။ ၁၉၉၀ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြို တစ်ကြိမ်နိုင်ခဲ့ဖူးသော်လည်း အစိုးရဖြစ်ခွင့် မရခဲ့ပါ။ စစ်အာဏာရှင်များက ပေးထားသော ကတိစကားကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ပြီး အာဏာကို ချုပ်ကိုင်ထားလိုက်သည်မှာ ဆယ်စုနှစ်များနှင့်ပင် ချီသွားခဲ့သည်။

နိုဝင်ဘာ ၈ တွင်တော့ ပြည်သူများသည် အနာဂတ်မြန်မာကို ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီက ဦးဆောင်ပါမည့်အကြောင်း လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်သည်။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီမှ အနိုင်ရ ပြည်သူ့ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီ ခေါင်းဆောင်များက ရွေးချယ်မည့် တော်၊ တည့်၊ ထက်မြက်သူများသည် တိုင်းပြည်၏ အရေးကြီးသော ကဏ္ဍများကို တာဝန်ယူ၊ တာဝန်ခံ၍ ဦးစီး ပဲ့ကိုင် မောင်းနှင်ကြတော့မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြော စည်းရုံးနိုင်စွမ်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများကို မြန်မာပြည်သူများက လက်တွေ့မျက်တွေ့ မြင်ဖူးကြားဖူးပြီးဖြစ်သဖြင့် ယုံကြည်စိတ်ချထားသည်။ တိုင်းပြည်ကို လက်တွေ့ ဦးစီး မောင်းနှင်မည်ကိုလည်း စိတ်မပူကြပါ။ လက်ရှိထက်တော့ သာလိမ့်မည်ဟု ပြည်သူအများစုက ယေဘုယျမှတ်ယူထားပါသည်။

သို့တိုင် ဒေါ်အောင်ဆန်းစုကြည် မဟုတ်သည့် အခြားသူများက တိုင်းပြည်၏ အရေးကြီးသောကဏ္ဍများနှင့် မဏ္ဍိုင်များကို လက်တွေ့မျက်တွေ့ ထိန်းချုပ် မောင်းနှင်လျှင် အဆင်မှပြေပါ့မလား ၊ ချော်တောငေါ့များ ဖြစ်မလားဟု တင်ကြိုစိုးရိမ်သူများလည်းရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က မာသလောက် သူ့လူများက စွာပါ့မလားဟု ပူပန်နေကြသည်။

ဤတွင် ဒေါ်အောင်ဆန်းစုကြည်ပြောသော နိုင်ငံရေးသမားများ (ဝါ) ပြည်သူ့ကိုယ်စားလှယ်များ ထားရမည့် မာနကို ပြောချင်သည်။ RFA Burmese ၏ ``ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် `` ရေဒီယို အစီအစဉ်တွင် ပြောခဲ့ခြင်းဖြစ်သည်။ ``ကိုယ့်တာဝန်ဟာ ဘာလဲ၊ ကိုယ့်တာဝန်ဟာ ဒါဆိုလို့ဆိုရင် ဒီတာဝန်ကို တာဝန်ကျေအောင် လုပ်ဖို့ပဲ။ အဲဒါဟာ မာနတွေ ဘာတွေနဲ့ ဆက်စပ်နေတာ မဟုတ်ဘူး၊ တာဝန်သိတဲ့စိတ်နဲ့ ဆက်စပ်နေတာ၊ ကိုယ့်ရဲ့အစွမ်းအစကို မှန်မှန်ကန်ကန်သုံးဖို့၊ အဲဒါဟာ မာနလို့ပြောတယ်ဆိုရင်လည်း မာနဟာ ကောင်းတယ်လို့ ပြောရမှာပေါ့``။

နိုင်ငံရေးသမားတွင် မာနရှိအပ်သည်၊ သို့သော် ယင်းမာနသည် ပြည်သူကို စော်ကားဖို့မဟုတ်၊ အပေါ်စီးယူဖို့ မဟုတ်၊ ပလွှားဖို့ မဟုတ်။ တာဝန်ယူဖို့၊ အစွမ်းအစထုတ်ဖို့သာဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့တန်းဝင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ မာရေကြောရေရှိသော ခံနိုင်ရည်မြင့် ခေါင်းဆောင်မျိုးဖြစ်သည်။ မကြာခင် မြင်တွေ့ရဖွယ်ရှိသော အင်န်အယ်လ်ဒီ အစိုးရသစ်နှင့် တိုင်းပြည်၏အရေးပါသော မဏ္ဍိုင်များကို ထိန်းချုပ်မောင်းနှင်ကြမည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် တာဝန်ယူ၊ တာဝန်ခံကြမည့် ပုဂ္ဂိုလ်များကိုလည်း ဒေါ်အောင်ဆန်းစုကြည် ပြောဟောသော မာနမျိုး ရှိစေချင်ကြောင်း မဇ္ဈိမက မီးမောင်းထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags