Horizon အသင်း ရန်ကုန်မြို့တွင် အိမ်ကွင်း တည်ဆောက်ရန် ပြင်ဆင်နေ

Horizon အသင်း ရန်ကုန်မြို့တွင် အိမ်ကွင်း တည်ဆောက်ရန် ပြင်ဆင်နေ
Horizon အသင်း ရာသီသစ်အတွက် လေ့ကျင့်ပြင်ဆင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

နိုဝင်ဘာ ၂၆၊ ရန်ကုန်။            ။ မြန်မာနေရှင်နယ်လိဂ်-၂ မှ  လိဂ်-၁ သို့ တန်းတက်လာနိုင်ခဲ့သော Horizon အသင်းသည် အနာဂတ်စီမံကိန်းအဖြစ် အိမ်ကွင်း၊ ကိုယ်ပိုင်လေ့ကျင့်ရေးကွင်း၊ ကိုယ်ပိုင်ဘောလုံးသင်တန်းကျောင်း စသည်တို့ကတည်ဆောက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည် ဟု Horizon အသင်းမန်နေဂျာ ဦးကျော်ကျော်ဦးက ပြောသည်။

Horizon အသင်းသည် ၂၀၁၃ ခုနှစ်မှ စတင်ကာ အသင်းစတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ၂၀၁၅ ဘောလုံးရာသီ လိဂ်-၂ တွင် ဒုတိယဆုရရှိကာ လာမည့်ရာသီတွင် လိဂ်-၁ သို့ အသင်းသမိုင်းတလျောက် ပထမဆုံး တန်းတက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ အသင်း အိမ်ကွင်းရည်မှန်းချက်က အခုမှ မဟုတ်ပါဘူး။ အသင်းစတင်တည်ထောင်ကတည်းက တန်းတက်အောင်လုပ်မယ်။ ပြီးရင် ကိုယ်ပိုင် အိမ်ကွင်း၊ ကိုယ်ပိုင်လေ့ကျင့်ရေးကွင်း၊ ကိုယ်ပိုင်ဘောလုံးသင်တန်းကျောင်းတွေ ဆောက်ဖို့ရည်ရွယ်ထားပါတယ်။ ရန်ကုန်မြို့နဲ့ နီးစပ်တဲ့ သန်လျင်လို နေရာမျိုး၊ ကျောင်းနဲ့နီးတဲ့ သာကေတ နေရာမျိုးမှာ မြေနေရာရှာနေပါတယ်။ ချိတ်ထားတာတွေလည်း ရှိပါတယ်။ မြေနေရာ ရခဲ့တာနဲ့ အသင်းရဲ့လူကြီးပိုင်းတွေက အားလုံးတိုင်ပင်ပြီး စတင်အကောင်အထည်ပေါ်အောင် လုပ်ဆောင်သွားမှာပါ ” ဟု ဦးကျော်ကျော်ဦးက အသင်း၏ အနာဂတ်စီမံကိန်းနှင့် ပတ်သက်၍ ပြောသည်။

Horizon အသင်းသည် လာမည့် ဘောလုံးရာသီသစ်အတွက် တူရကီလူမျိုး နည်းပြသစ် ပါလာ ကို အသစ်ခေါ်ယူထားသည့်အပြင် ပြီးခဲ့သည့် ရာသီက ပြည်ပကစားသမားများဖြစ်သော တိုက်စစ်မှူး ချီကာ၊ နောက်ခံလူ အိုဘီနာ တို့ကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required