အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ မတက်စေချင်ဟု မော်ရင်ဟိုပြော

အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ မတက်စေချင်ဟု မော်ရင်ဟိုပြော

နိုဝင်ဘာ ၂၆၊ လန်ဒန် ။            ။ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့မရောက်နိုင်သည့် တစ်သင်းတည်းသော အင်္ဂလိပ်အသင်းဖြစ်စေ လိုသည်ဟု ချယ်လ်ဆီး နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် အုပ်စု (စ)တွင် တတိယနေရာ၌ရပ်တည်နေသော်လည်း နောက်ဆုံးပွဲတွင် ဒုတိယနေရာမှ အိုလံပီယာကို့စ်ကို နှစ်ဂိုးပြတ်နှင့်အထက် အနိုင်ရမည်ဆိုလျှင် နောက်တစ်ဆင့် တက်မည်ဖြစ်သည်။

သို့သော်လည်း အာဆင်နယ်အသင်းကို နောက်တစ်ဆင့်သို့မတက်စေလိုကြောင်းနှင့် အကြောင်းမှာ ဂရိကလပ်အိုလံပီယာကို့စ်ကို သူငယ်ချင်း ဖြစ်သူ မာကိုဆေးလ်ဗား ကိုင်တွယ်နေ၍   ဖြစ်သည်ဟု မော်ရင်ဟိုက ပြောသည်။

"အင်္ဂလိပ်အသင်းတွေအရင် နောက်တစ်ဆင့်တက်တာကို ကျွန်တော်အမြဲကြိုက်ပါတယ်။ အာဆင်နယ်ဟာ ကျွန်တော့်သူငယ်ချင်းလေး ကိုင်တွယ်နေတဲ့ အိုလံပီယာကို့စ်အုပ်စုထဲမှာရောက်နေပြီး နည်းပြသက်တမ်းနုတဲ့သူ့အသင်းနောက်တစ်ဆင့် တက်ရင် သူ့အတွက် သိပ်ထူးခြားတဲ့စွမ်းဆောင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အရိုးသားဆုံးပြောရရင် နည်းပြငယ်လေးကိုင်နေတဲ့ အိုလံပီယာကို့စ်ကို နောက်တစ်ဆင့်တက်စေချင်ပါတယ်။ ဘိုင်ယန်မြူးနစ် ကတော့ နောက်တစ်ဆင့်တက်ဖို့သေချာနေတယ်ဆိုတာ အားလုံးသိပြီးသားပါ"ဟု မော်ရင်ဟိုက ပြောသည်။

အာဆင်နယ်အသင်းသည် အိုလံပီယာကို့စ်ကွင်းတွင်သွားကစားရသည့် ပြီးခဲ့သောသုံးကြိမ်လုံးရှုံးထားသည်ဟု လောင်းကြေးအချက်အလက် များကဖော်ပြနေသော်လည်း အာဆင်နယ်အနေဖြင့် ၁၆ သင်းရှုံးထွက်အဆင့်တက်ရန် စွမ်းဆောင်နိုင်လိမ့်မည်ဟု မော်ရင်ဟိုက ယူဆနေသည်။

"အိမ်ကွင်းမှာအိုလံပီယာကို့စ်ကိုရှုံးတယ်။ ဇာဂရက်ကိုလည်းအဝေးကွင်းမှာရှုံးလို့ ခြောက်မှတ်ဆုံးခဲ့ရပြီး အုပ်စုဆိုးထဲရောက်နေပေမယ့် သူတို့ နောက်တစ်ဆင့်တက်နိုင်ပါတယ်။ ဒါက ကျွန်တော့် ပြဿနာ မဟုတ်ဘဲ သူတို့ပြဿနာသာဖြစ်ပါတယ်။ ပထမအချက်အနေနဲ့ သူတို့နောက်တစ်ဆင့်တက်နိုင်စွမ်းရှိတယ်။ ဒုတိယ အချက်အနေနဲ့ သူတို့ယူရိုပါလိဂ်ရောက်သွားရင် ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အသင်းဖြစ်လာ မယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရင်လည်း အောင်မြင်မှာဖြစ်သလို ယူရိုပါလိဂ်ရောက်လို့လည်း ဗိုလ်စွဲဖို့ရေပန်းစားလို့ အောင်မြင် တယ်လို့ဆိုရမှာဖြစ်ပါတယ်။ အဲဒီအတွက်သူတို့အများကြီးကစားရမယ်လို့ ထင်ပါတယ်"ဟု မော်ရင်ဟိုက ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly