ဒေါ်လာကိုင်ခွင့် လိုင်စင် ရုတ်သိမ်းလိုက်တာ အကောင်းဘက် ဦးတည်မလား

ဒေါ်လာကိုင်ခွင့် လိုင်စင် ရုတ်သိမ်းလိုက်တာ အကောင်းဘက် ဦးတည်မလား

“စီးပွားရေးသမားတွေ ဒုက္ခရောက်သွား လောက်အောင် ကျတော်တို့ မလုပ်ပါဘူး” ဒီစကားကို နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဒေါ်လာကိုင်ဆောင်ခွင့် လိုင်စင်ရထားတဲ့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ လိုင်စင်ပြန်လည်အပ်နှံဖို့ ဗဟိုဘဏ်က ကြေငြာချက်ထုတ်ခဲ့ပြီးနောက် ဗဟိုဘဏ် - ဒုတိယဥက္ကဌ ဦးဆက်အောင်က နိုဝင်ဘာလ ၂၁ရက်နေ့က ပြောဆိုလိုက်တာပါ။

ဒီလို ဒေါ်လာကိုင်ဆောင်ခွင့် လိုင်စင် ရုတ်သိမ်းလိုက်တာဟာ ဒေါ်လာ လုံးဝကိုင်ဆောင်ခွင့် မပြုတာမဟုတ်ဘဲ လက်ထဲမှာ ဒေါ်လာတစ်သောင်း ကိုင်ဆောင်ခွင့် ပြုထားပါတယ်။ ဒေါ်လာတစ်သောင်း ကျော်ပြီဆိုရင် ဘဏ်ထဲမှာ ဒေါ်လာ ကြိုက်သလောက် ထည့်ထားလို့ ရပါတယ်။

ဒီလို ဒေါ်လာကိုင်ဆောင်ခွင့် လိုင်စင် ရုတ်သိမ်း လိုက်တဲ့အတွက် လုပ်ငန်းရှင်တွေ အနေနဲ့ ဘယ်လိုအခက်ခဲတွေကို ကြုံတွေ့နေရလဲ မေးကြည့်တဲ့ အခါမှာတော့ ဒါဟာ အစတည်းက မရှိသင့်တဲ့ လိုင်စင်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက ဆိုပါတယ်။

“ဒီလိုင်စင် ရှိခြင်း မရှိခြင်းက ခရီးသွားလုပ်ငန်းကို လွယ်ကူခြင်း ခက်ခဲစေခြင်း ဆိုတဲ့ အကျိုး သက်ရောက်မှု မရှိဘူးလို့ မြင်ပါတယ်။ အစိုးရအနေနဲ့ကလဲ ဗဟိုဘဏ်အနေနဲ့ မရှိတော့သင့်တဲ့ဟာ တခုကို ဆွဲထုတ်လိုက်တဲ့ သဘောပါ” လို့ ဆိုပါတယ်။

တစ်ဘက်မှာကလည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လိုင်စင် ပြန်ရုတ်သိမ်းပြီး မြန်မာ ကျပ်ငွေနဲ့ ပေးချေရမယ် ဆိုရင် ဒေါ်လာလဲလှယ်မှု ငွေကြေးလဲလှယ်မှု ဈေးနှုန်း တည်ငြိမ်ဖို့လည်း လိုအပ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထား ကြပါတယ်။

“ကမ္ဘောဒီးယားမှာဆိုလဲ လမ်းဘေးမှာကအစ ဒေါ်လာနဲ့ သုံးလို့ရတယ် ဗီယက်နမ်မှာလဲ အလားတူပဲ သိန်းချီသန်းချီ ပိုက်ဆံရှင်းနေရတာ သူတို့ငွေနဲ့ပေ့ါနော် ကျတော်တို့နိုင်ငံမှာ ဒီလောက်တော့ မဆိုးသေးပါဘူး။ တစ်ဒေါ်လာကိုမှ နှစ်ရာသုံးရာလောက် ဆိုတော့ အလုပ်တော့ ဖြစ်နေကြတာပေါ့နော် ဒါပေမယ့် ဒီဟာကိုသွားပြီးတော့ ဆေးမြီးတို ကုထုံးလို သွားလုပ်မယ် ဆိုရင်တော့ အခက်ခဲတွေလဲ ကြုံလာနိုင်မှာပဲ” လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင့်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက သတိပေးပါတယ်။

ယခင် ၁၀ နှစ်ကျော်ထဲက နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် လိုင်စင်ကို သက်တမ်းတိုးပြီး ကိုင်ဆောင်လာခဲ့တဲ့ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းတွေ၊ လေကြောင်းတွေ စားသောက်ဆိုင် တွေအပါဝင် အခြားစီးပွားရေး လုပ်ငန်းတွေကို အစိုးရက လိုင်စင် ပြန်လည်အပ်နှံခိုင်းတဲ့ ဒီကြေငြာချက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ၁၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required