နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ ဧပြီ ၂၀၂၁)
Photos: : AFP - ဧပြီလ (၁၀)ရက် ရန်ကုန်မြို့တွင် ကျောင်းသားသမဂ္ဂများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး “Red Movement Activity” လှုပ်ရှားမှု မြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီး

• စမ်းချောင်းမြို့နယ်၊ ရန်ကင်းလမ်းရှိ မြေနီ (မြောက်) ရပ်ကွက်ရုံးမှာ နံနက် ၂ နာရီခွဲခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ရုံးတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ကာ ဘေးတွင်ရှိသည့် နေအိမ်အချို့၏ ပြတင်းပေါက်များလည်း မီးကူးစက်ခံခဲ့ရသည်။ အဆိုပါ ရပ်ကွက်ရုံးမှာ ဧပြီလ ၈ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ရပ်ကွက်နေပြည်သူများအား ဧည့်စာရင်းတိုင်ရန် ဖိအားပေး မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ရပ်ကွက်နေပြည်သူတစ်ဦးက အတည်ပြု ပြောဆိုသည်။ မီးလောင်မှုမှာ အများပြည်သူ သွား လာရန် ကန့်သတ်ထားချိန်ဖြစ်ပြီး မီးလောင်မှုဖြစ်ပြီးနောက် လျှပ်စစ်မီးများပြတ်တောက်ခဲ့ကာ ရပ်ကွက်ရုံးအနီးရှိ နေအိမ် များအား လက်နက်ကိုင်အကြမ်းဖက်စစ်တပ်ဘက်က လက်နှိပ်ဓာတ်မီးများ ထိုးခြင်း၊ အနီးရှိ အင်တာနက်ကြိုးများအား ဖြတ်ပစ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်းလည်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုသည်။

• လုံခြုံရေးတင်ကြပ်ထားသည့်ကြားကပင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အဆင်းနေရာတွင် လူငယ်အချို့က "လုံးဝအုပ်ချုပ်ခွင့် မရစေရ" ရေးသားထားသည့် စာတန်းများကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် လမ်းမများပေါ်၌လည်း ဆေးအနီများ ပတ်ဖြန်း၍ သွေးမတိတ် ဆေးသပိတ်လည်း ပြုလုပ်ခဲ့ကြသည်။

• မရမ်းကုန်း၊ သမိုင်း (၁) ရပ်ကွက်တွင် ရပ်ကွက်က လုံခြုံရေးအတွက် ပြုလုပ်ထားသည့် အကာအရံ၊ အတားအဆီးများကို အကြမ်းဖက်စစ်အုပ်စုက ဘူဒိုဇာများ အသုံးပြု၍ လာရောက်ဖယ်ရှားခဲ့သည်။

• စမ်းချောင်းမြို့နယ်တွင် နံနက် ၁၁ နာရီကျော်ခန့်က လူငယ်အချို့က အကာအရံများ ပြန်လည်ထားရှိရန် လုပ်ဆောင်နေစဉ် လက်နက်ကိုင်စစ်ကောင်စီအဖွဲ့များ ရောက်ရှိလာကာ ဖမ်းဆီးသွားသည့်အတွက် လူငယ်လေးဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

• လက်နက်ကိုင်စစ်ကောင်စီ၏ အကြမ်းဖက်လူသတ်နေမှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ဖြစ်ကြောင်း စာသားများပါရှိသည့် ဗီနိုင်းပိုစတာများကို ရန်ကုန်မြို့ပေါ်ရှိ လူကားတံတားများပေါ်၌ ချိတ်ဆွဲထားမှုများ ရှိခဲ့သည်။

• ရန်ကုန် တောင်ဥက္ကလာပ၊ သာကေတအပါအဝင် မြို့နယ်အချို့တွင် အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက Mask မတပ်ထားသည့် လမ်းသွားလမ်းလာများကို ခေါ်ဆောင်ကာ အကြမ်းဖက်ငွေတောင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

• ယနေ့ နေ့လယ်ပိုင်းက ဒဂုံအရှေ့နှင့် မြောက်ဒဂုံတွင် လူငယ်အချို့က R2P ဝင်ရောက်ရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• မြောက်ဒဂုံတွင် နေထိုင်သည့် သရုပ်ဆောင်မြင့်မြတ်နေအိမ်သို့လည်း ယနေ့ နေ့လယ်ပိုင်းက ရဲနှင့် စစ်ကား အများအပြား ရောက်ရှိနေသည်ဟု ကနဦး သတင်းများ ရရှိကာ ယင်းမြို့နယ်တွင်း နေထိုင်ခဲ့သည့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖမ်းဆီးခံခဲ့ရသည်။ ထို့ပြင် NLD နှင့် နီးစပ်သည့် အသက် ၈၅ နှစ် သရုပ်ဆောင် ဦးအောင်လွင်ကိုလည်း လက်နက်ကိုင်အကြမ်းဖက်စစ်ကောင်စီဘက်က သောကြာနေ့က ဖမ်းဆီးသွားသည်ဟုလည်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

• တောင်ဒဂုံ စည်ပင်လမ်းနှင့် သရက်ချောင်းလမ်းထိပ်များတွင် လမ်းသွားလမ်းလာများ၏ ဖုန်းများအား အကြမ်းဖက်စစ်အုပ်စု အဖွဲ့များက ခေါ်ယူစစ်ဆေးနေကြောင်း မျက်မြင်တွေ့မြင်ခဲ့သူ တစ်ဦးက အတည်ပြုပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး

• မြင်းခြံတွင် ပစ်ခတ်ဖြိုခွဲမှုများ ရှိသည့်တိုင် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံများ ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ အလိုမရှိကြောင်း လူထုဆန္ဒဖော်ထုတ်မှုများကို နေ့စဉ်မပြတ် ယနေ့နံနက်ပိုင်းကလည်း ပြုလုပ်ခဲ့သည်။

• နံနက် ၉ နာရီမထိုးခင်ကတည်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင်းရှိ ရပ်ကွက်အချို့တွင် လက်နက်ကိုင် အာဏာသိမ်း စစ်ကောင်စီဘက်က ပြည်သူများ ပြုလုပ်ထားသည့် အကာအရံများကို ဝင်ရောက်ရှင်းလင်းခဲ့သည့်အပြင် နေအိမ်အချို့၏ ခြံဝန်းအုတ်နံရံများကိုလည်း တွန်းလှဲဖျက်ဆီးခဲ့ကြသည်။

• မြစ်ငယ်မြို့တွင် လူအင်အား ရာနှင့်ချီ စုပေါင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲကို မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ပြုလုပ်ခဲ့သည်။

• ကျောက်ဆည်ခရိုင်၊ မြစ်သားတွင် လူငယ်အချို့က မြို့ပေါ်ဘုရားစောင်းတန်းများတွင် စစ်အာဏာရှင် အကြမ်းဖက်မှု အလိုမရှိကြောင်း "ခြေလှမ်းတိုင်းမှာ ပန်းပွင့်စေ" လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

• မတ်လ ၁၁ ရက်က ဖမ်းဆီးခံရပြီး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသော မိုးကုတ်ရေပူဆရာတော်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

• မိုးကုတ်အရှေ့ပိုင်းတွင် လူငယ်အင်အား ရာနှင့်ချီ၍ စုပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မန္တလေးတွင် ယနေ့တွင် ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး နံနက် ၉ နာခွဲခန့်က ၈၂ လမ်း (၃၀ x ၃၁ လမ်းကြား) ရှိ အမှတ် ၈ စခန်းရှေ့၊ နေ့လယ် ၁၁ နာရီခွဲခန့်က ရတနာပုံစျေးအနီး အမှိုက်ကန်နှင့် နေ့လယ် ၂ နာရီခန့်တွင် ၆၂ x ၃၉ လမ်းရှိ ရပ်ကွက် ရုံးတို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသံမိုင်းဟု ယူဆရကြောင်း မန္တလေးဒေသခံများက အတည်ပြု ပြောဆိုသည်။ ပေါက်ကွဲမှု များ မဖြစ်ခင် အစောပိုင်းကတည်းက မန္တလေးမြို့ပေါ် ရဲစခန်းများနှင့် စည်ပင်ရုံးများရှိရာ လမ်းများကို လမ်းနှစ်ဖက်စလုံး ပိတ်ဆို့ကာ အကာအရံများလည်း ပြုလုပ်ထားသည်ဟု သိရသည်။

• မန္တလေးမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက တကသ သပိတ်စစ်ကြောင်းနှင့် မြတောင်သပိတ်စစ်ကြောင်းတို့ ထွက်ခဲ့ရာ မြတောင်သပိတ်စစ်ကြောင်းမှာ ဆန္ဒပြမှုစတင်ပြီး ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များ လာရောက်ဖြို ခွင်းခဲ့သည့်အတွက် အမျိုးသား ၁၆ ဦးနှင့် အမျိုးသား ၁၅ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ဖမ်းဆီးခံထားရသူများကို အမှတ် (၅) ရဲစခန်းတွင် ထိန်းသိမ်းထားကာ အစုလိုက်ပုံစံဖြင့် အိုးဘိုထောင်သို့ ပို့ဆောင်နေသည်ဟု ဆေးမိသားစုသပိတ်က တာဝန်ရှိသူ ညနေ ၃:၄၀ နာရီတွင် အတည်ပြု ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး

• အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၆၀ ကျော် သေဆုံးခဲ့ရသည့် ပဲခူးမြို့ပေါ်ရပ်ကွက်အချို့တွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အများပြည်သူ သိရှိနိုင်အောင် ထုတ်လွှင့်ပေးနေသည့် ရုပ်သံလိုင်းများ မကြည့်ရှုနိုင်ရန်အတွက် PSI စလောင်းများ ဖြုတ်သိမ်းမည် ဖြစ်ကြောင်းလည်း ကြေညာချက်လျက်ရှိပြီး ပစ်ခတ်မှုများကြောင့် ဒေသခံအချို့မှာ မြို့အနီးအနားရှိ ကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။ ယမန်နေ့က စစ်ကောင်စီဘက်က ဆန္ဒပြပြည်သူများကို ပစ်ခတ်ဖြိုခွင်းမှုအပြီး အနည်းဆုံး လူ ၃၀ ဦးခန့် ဖမ်းဆီးထားသည်ဟု သိရပြီး အလွတ်တန်းသတင်းထောက်တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

• ပဲခူးမြို့ အနောက်ခြမ်း ကျောက်ကြီးစုရွာသစ်နှင့် ဇိုင်းဂနိုင်းရပ်ကွက်များတွင် အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး လူထုသ ပိတ်များကို ယနေ့ နံနက်နှင့် နေ့လယ်ပိုင်းက ငြိမ်းချမ်းစွာ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

• ညောင်လေးပင်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ပြည်မြို့တွင် PSI စလောင်း ဖြုတ်သိမ်းရန်နှင့် လက်နက်ရှိ/မရှိ စစ်ဆေးမှုကို အကြမ်းဖက်စစ်အုပ်စုဘက်က ဆက်လက် လုပ်ဆောင်နေပြီး မြို့အဝင်ဂိတ်များတွင်လည်း ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား စစ်ဆေးမှုများကို လုပ် ဆောင်နေဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ရေဦးတွင် အကြမ်းဖက်စစ်တပ်က ပိတ်ဆို့တားဆီးမှုများ ရှိသော်လည်း လမ်းကြောင်းပြောင်းကာ ဒေသခံအင်အား ရာနှင့်ချီ ပါဝင်သည့် လူထုသပိတ် စစ်ကြောင်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် ဆင်နွှဲခဲ့သည်။

• စစ်ကိုင်းတွင် လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အုပ်စု အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အာရုဏ်ဦးသပိတ် ပြု လုပ်ခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စု အုပ်ချုပ်နေစဉ်ကာလအတွင်း သင်္ကြန်ကာလ၌ ပါဝင်ဆင်နွှဲခြင်းမပြုလုပ်ရန်လည်း လူငယ်များက လက်ကမ်းစာစောင်များ လိုက်လံဝေငှခဲ့သည်။

• ကသာတွင် သပိတ်လူစုခြင်းနှင့် ချီတက်ခြင်းပြုလုပ်လေ့ရှိသည့် စုရပ်နှင့် လမ်းကြောင်းများတွင် စစ်ကောင်စီလက်နက်ကိုင် တပ်များဘက်က လုံခြုံရေးချ လူစုခွဲရန် ပြုလုပ်ခဲ့သော်လည်း အစုလိုက်ခွဲထားသည့် ဒေသခံပြည်သူများက မြို့ပေါ်ရပ်ကွက်နှင့် လမ်းများပေါ်တွင် အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု ပြုခဲ့သည်။

• အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများပင် သုံးကာ အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းခဲ့ရသည့် ကလေးမြို့တွင် ယနေ့ နံနက်ပိုင်းက လူအင်အား ၁၀၀ ခန့်ဖြင့် "ဆန္ဒပြပွဲ ရပ်တန့်သွားလို့ မရဘူး" စာသားပါရှိသည့် ပိုစတာများကိုင်ဆောင်ကာ မြို့တွင်းရပ်ကွက်လမ်းများနှင့် လမ်းမကြီးများပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မုံရွာတွင် စစ်ကောင်စီက ဖွင့်ထားသည့် မွမ်းမံသင်တန်းတက်နေသူ ပညာရေးဝန်ထမ်းများအား CDM ဝင်နေသည့် ဆရာမများ စုပေါင်းကာ "သွေးမြေနင်းပြီး ရုံးတက်ရတာ ပျော်ကြလား" ဟူသည့် ကန်ကွက်စာများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော် ရှုတ်ချခဲ့ကြသည်။

• မုံရွာတွင် လူငယ်အချို့က အသီးအနှံများတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာသားများ ရေးသား၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီဘက်က ပစ်ခတ်ပြီးနောက် လုံခြုံရေးတင်ကြပ်ထားသည့်အတွက် ဆိုင်ကယ်ပျောက်ကြားသပိတ်များဖြင့် အာဏာရှင်ဆန့်ကျင်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

• ရွှေဘိုတွင်လည်း ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုအား ဆန့်ကျင်ကြောင်းကို တားဆီးပိတ်ဆို့မှုများ ရှိနေသည့် ကြားကပင် ရွှေဘိုပင်မသပိတ်စစ်ကြောင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• တမူးတွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်က အာရှလမ်းမ၊ စျေးတန်း ၈ နှင့် ၁၀ ရပ်ကွက်တို့တွင် စစ်ကောင်စီဘက်မှ စစ်ကား ၂ စီး၊ ရဲကား ရှစ်စီ၊ ဘူဒိုဇာများဖြင့် ဒေသခံများ ဆောက်လုပ်ထားသည့် သဲအိတ်အကာအရံများကို အင်အားသုံး လာရောက်ဖယ်ရှားခဲ့ပြီး ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

• ရေစကြို၊ ရေလယ်ကျွန်းတွင် ဒေသခံအင်အား ၂၀၀ ကျော်ဖြင့် ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ဆင်နွှဲခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်၊ ကံပေါက်ဒေသတွင် စစ်အာဏရှင်စနစ် ဆန့်ကျင်ရေး (၆၂) ရက်မြောက် လူထုသပိတ်ကို ဒေသခံအင်အား ၅၀ ခန့်ဖြင့် မြို့တွင်းလမ်းများတွင်း လှည့်လည်ကာ ဆင်နွှဲခဲ့သည်။

• ယနေ့နံနက် ၉ နာရီခွဲခန့်က ထားဝယ်၊ ဗျောတောဝစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမခံဘဲ လှည့်ပြန်ခဲ့သည့် အသက် ၃၀ အရွယ် ကရင်အမျိုးသားတစ်ဦး အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးများက လိုက်လံပစ်ခတ်ရာ သေဆုံးသွားခဲ့သည်။ သေဆုံးမှု နှင် ပတ်သက်၍ စစ်တပ်ဘက်က သေစာရင်းတွင် ယာဉ်မတော်တဆမှုဖြင့် ဦးခေါင်းထိခိုက်သေဆုံးခြင်း ဖြစ်သည်ဟု လိမ်လည်ရေးသား ထုတ်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး

• မြိုင်တွင် ရွာပေါင်းစုံ စုပေါင်းသပိတ်ကို လူအင်အားရာနှင့်ချီ၍ ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး

• ကြံ့ခင်းမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ကြောင်း "လုံးဝအုပ်ချုပ်၍ မရစေရ" အနီရောင်ကမ်ပိန်း ပြုလုပ်ခဲ့သည်။

• ပုသိမ်မြု့ပေါ် နေရာအချို့တွင် စစ်ကောင်စီအလိုမရှိကြောင်း အနီရောင်ကမ်ပိန်းကို လုံခြုံရေးများ တင်းကြပ်ထားသည့်ကြား ကပင် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• လွိုင်ကော်၊ နာနတ်တောရပ်ကွက်တွင် စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ်ဆန္ဒထုတ်ဖော်လျက်ရှိကာ ယနေ့တွင်လည်း လူအင်အား ၁၀၀ ကျော်ဖြင့် ဆက်လက်ပြုလုပ်ခဲ့ကာ လူငယ်အချို့က "လိပ်နင်ဂျာ အရေးတော်ပုံ အောင်ရမည်" စာတန်းများ ချိတ်ဆွဲထားသည့် နင်ဂျာကမ်ပိန်းလည်း ပြုလုပ်ခဲ့သည်။

• ယနေ့ နေ့လယ်ပိုင်းက ဒေါဥခူရပ်ကွက်တွင်လည်း အကြမ်းဖက်စစ်အုပ်စုက အင်အားသုံးဖြိုခွင်းခံခဲ့ရသော်လည်း အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ကို ဆက်လက်ဆင်နွှဲခဲ့သည်။

ကရင်ပြည်နယ်

• ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုသပိတ်မျာ ဆက်လက်ပြုလုပ်လျက်ရှိသည်။ ယင်းဒေသသို့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုအချို့လည်း ပြုလုပ်လျက် ရှိသည်။ ထို့ပြင် မြို့၏ အခြို့နေ ရာများတွင်လည်း အာဏာရှင်စနစ် အလိုမရှိကြောင်းကို မော်တော်ယာဉ်များဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်

• မိုးကောင်းတွင် နံနက်အာရုဏ်ဦးပိုင်းက ပညာရေးမိသားစုနှင့် ဒေသခံအင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ မိုးကောင်းသည် နိုင်ငံ့အာဏာအား အကြမ်းဖက်စစ်တပ်က အဓမ္မသိမ်းယူပြီး နောက်ပိုင်း နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်မှုများ လုပ်ဆောင်နေသည့် မြို့လည်း ဖြစ်သည်။

• နမ္မတီးတွင်လည်း လူအင်အား ၅၀ ကျော်ခန့်ဖြင့် အာရုဏ်ဦးသပိတ် ပြုလုပ်ကာ စစ်အာဏာရှင် ကျဆုံးစေရး လူထုသပိတ် ဆင်နွှဲခဲ့သည်။

• မြစ်ကြီးနား၊ ရမ်ပူရပ်ကွက်တွင် လူငယ်အများစု ပါဝင်သည့် မြစ်ကြီးနားအထွေထွေ သပိတ်စစ်ကြောင်းက လမ်းမကြီးများ ပေါ်တွင် သဲအိတ်များ အခိုင်အခန့် ပိတ်ဆို့ကာ ကချင်အလံထောင်လျက် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ သည်။ ထို့ပြင် မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် ဒိုင်း၊ ဓားများကိုလည်း အမျိုးသားများတွင်သာမက အမျိုးသမီးများပါ ကိုင်ဆင်လျက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

• ဖားကန့်၊ အေးမြသာယာတွင် "အရေးတော်ပုံအောင်မှ ကျောင်းတက်မည်" ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကျောင်း သား ကျောင်းသူအင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း လူငယ်ကျောင်းသားသပိတ်ကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။ ထို့ပြင် ဟောင်ပါးကျေးရွာအုပ်စုရှိ တာမခန်၊ ဟောင်ပါးနှင့် ဟွေ့ဆိုင်း သုံးရွာပေါင်း၍ လူအင်အား ၄၀၀ ခန့်ဖြင့် အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ချင်းပြည်နယ်

• ဟားခါးရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဆိုင်းဘုတ်အား ဖြုတ်သိမ်း၍ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးဟု ပြောင်းလဲ တပ်ဆင်ထားသည်။

• ဖလမ်းမြို့တွင် ယနေ့နံနက် ၁၁ နာရီကျော်က စစ်သုံးရဟတ်ယာဉ်တစ်စီး ဆင်းသတ်မှုရှိခဲ့ပြီး တီးတိန်မြို့တွင် ယမန်နေ့ည ပိုင်းက CDM ဝင်နေသည့် တီးတိန်ခုတင် ၁၀၀ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းအပါအဝင် သုံးဦးအား အကြမ်းဖက်စစ်ကောင် စိဘက်က အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ထို့ပြင် တီးတိန် စကောလမ်ရပ်ကွက်တွင်လည်း သေနတ်ပစ်ဖောက်အချို့ကိုလည်းပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်

• လားရှိုး-မန္တလေးအထွက်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ နောင်မွန်ရဲကင်းအား တိုင်းရင်းသားလက်နက်ကိုင် မဟာ မိတ်သုံးဖွဲ့က ယနေ့နံနက်ပိုင်း ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးပစ်ခတ်မှုများအထိ ရှိခဲ့သည်။ နံနက် ၉ နာရီခန့်အထိ ရဲကင်းတွင် မီးလောင်ကျွမ်းမှုများ ရှိနေပြီး မဟာမိတ်သုံးဖွဲ့မှာ ရက္ခိုင့်တပ်မတော် (AA)၊ တအောင်း/ပလောင် (TNLA) နှင့် ကိုးကန့် (MNDAA) မဟာမိတ်တို့ဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ရဟတ်ယာဉ်အချို့ ပျံသန်းမှုများ လည်း ရှိသည်ဟု သိရသည်။ ရဲကင်းဘက်မှ ၁၄ ဦး ကျဆုံးကာ ၂ ဦးပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့ဝင်မိသားစု ၇ ဦး ထိခိုက်ဒဏ် ရာရခဲ့သည်ဟု သိရသည်။ လတ်တလောတွင် အမှတ် (၁) ရဲစခန်းရှေ့တွင် လမ်းများ ပိတ်ဆို့ထားပြီး လားရှိုးမြို့အဝိုင်းပတ် မြို့လယ်ခေါင်တွင်လည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

မွန်ပြည်နယ်

• ရေးမြို့နယ် NLD မြိုန့ယ်ဥက္ကဋ္ဌ၏ ညီနှင့် တူဖြစ်သူတို့ကို ယနေ့ နံနက် ၇ နာရီခွဲခန့်က နေအိမ်တွင်းသို့ အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးသည့် အကြောင်းအရာနှင့် နေရာအား နေ့လယ် ၁၂ နာရီအချိ်နအထိ မိသားစုဝင်များပင် မသိရှိရသေးဘဲ မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက အင်အားသုံးဖမ်းဆီးမှုများကို နေ့စဉ်ဆိုသလို ပြုလုပ်လျက် ရှိသည်။

• မော်လမြိုင်တွင် နံနက် ၁၀ နာရီခန့်က လက်ဝါးများပေါ်တွင် စစ်အာဏာရှင် အလိုမရှိကြောင်းနှင့် တော်လှန်သောစာများ ရေးသားထားသော လက်ဝါးသပိတ် ပြုလုပ်ခဲ့သည်။

ဧပြီ ၁၀ သုံးသပ်ချက်

• ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့် နေရာများအထိပါ ပျောက်ကြားသပိတ်များ အားကောင်းလာလျက် ရှိသည်။ ဧည့်စာရင်းတိုင်ရန် ဖိအားပေးသည့် မြို့နယ်များရှိ ရပ်ကွက်ရုံးများတွင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်ရေးအာဏာ ရယူနိုင်ရေးမှာ ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။ မြို့နယ်အချို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များက မင်းမဲ့စရိုက်ဆန်စွာ တားဆီးရှာဖွေခြင်း၊ ငွေတောင်းခြင်းများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေပြီး လုံခြုံရေးစိတ်မချရသည်အတွက် အစုအဖွဲ့နှင့်သာ သွားလာနေကြရသည်။

• မန္တလေးမြို့ သပိတ်စစ်ကြောင်းကြီးများမှာ နေ့စဉ်ရက်ဆက် လုံခြုံတင်းကြပ်ထားသည့်ကြားကပင် ဆက်လက်ရှိနေပြီး ဖမ်းဆီးခံရမှုအချို့သာ ရှိနေခဲ့သည်။ ထူးခြားချက်အနေဖြင့် မြို့ပေါ်ရပ်ကွက်အချို့ရှိ စစ်ကောင်စီဒေါက်တိုင်ရုံးနှင့် ရဲစခန်း အနီးတဝိုက်တွင် ပေါက်ကွဲမှုများ ရှိလာပြီး ရဲစခန်းနှင့် စည်ပင်ရုံးအချို့တွင် လမ်းပိတ်ထားရသည်အထိ စစ်ကောင်စီဘက်က ထိပ်လန့်မှုများ ရှိနေသည်ကို တွေ့ရသည်။ မန္တလေးမြို့ အချို့ရပ်ကွက်များတွင် သပိတ်များ ငြိမ်သက်နေသော်လည်း အလုံးစုံအုပ်ချုပ်ရေးရရန်အတွက် အကြမ်းဖက်စစ်အုပ်စုဘက်က ညစဉ်လို အင်အားသုံးဝင်ရောက်စစ်ဆေးခြင်း၊ ခြောက်လှန့် ပစ်ခတ်ခြင်းပုံစံများ ဆက်တိုက်သုံးနေသည့် အနေအထား ရှိသည်။

• ဖြိုခွင်းခံရသည့် ပဲခူး၊ မြင်းခြံ၊ မုံရွာ၊ တန့်ဆည်တို့တွင် လူသေဆုံးသည်အထိ အကျအဆုံးများရှိသော်လည်း ၎င်းတို့နှင့် နီးစပ်သည့်ကျေးရွာများတွင် လူထုသပိတ်များ ပိုမိုအားကောင်းလာခဲ့သည်။ အကြမ်းဖက်ဖြိုခွင်းခံရသည့်တိုင်း သပိတ်များကို မြို့ပေါ်၌ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီဘက်က ဘေးအနီးနားဝန်းကျင်ရှိ တပ်စခန်းများမှ အင်အားဖြည့်တင်းနေကြရသည်။ စစ်ကောင်စီဘက်မှ လူထုအင်အားကောင်းသည့် နယ်မြို့များကို တစ်မြို့ချင်းစီအလိုက် ချေမှုန်းရန် ဦးတည်ချက်ထားနေဆဲ ဖြစ်သည်။

• ယခင်က အသံမထွက်ခဲ့သည့် တပ်ပြေးမှုများ ဆက်တိုက်ဆိုသလို ရှိလာနေပြီး ရာထူးကြီးသူများပါ ပါဝင်နေသည့်အတွက် တပ်တွင်းစည်းရုံးရေး ပြိုကွဲလာသည့် အခြေအနေရှိနေကာ တပ်တွင်း အသွားအလာကန့်သတ်ခြင်းများ၊ ထောက်ပံ့ရေးပစ္စည်းတိုးမြှင့်ပေးခြင်းများကို ဒုချုပ်ကိုယ်တိုင် ကွင်းဆင်းလုပ်ဆောင်နေရသည်။ ထို့ပြင် စစ်တပ်ပိုင် မြဝတီကလည်း စည်းရုံးရေးသီချင်းများ ဆက်တိုက်လွှင့်နေရပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့မှုရှိသည့် ရှေ့တန်းစစ်မျက်နှာ၌ အကျအဆုံး များပြားနေသည့် အခြေအနေမျိုး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required