မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးရန် ဦးကျော်စွာမင်း တောင်းဆို

မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးရန် ဦးကျော်စွာမင်း တောင်းဆို
Photo - AFP

ဧပြီ ၉

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးတာ၀န်မှ စစ်ကောင်စီ၏ ဖယ်ရှားခြင်းကို ခံထားခဲ့ရသည့် ဦးကျော်စွာမင်းက လက်ရှိ မြန်မာနိုင်ငံအရေးကိစ္စကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ၀ိုင်း၀န်းကူညီပေးကြရေးအတွက် ဧပြီ ၈ ရက်တွင် တိုက်တွန်းတောင်းဆိုမှု ပြုလုပ်ခဲ့သည်။

 “ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ရဲ့ နိုင်ငံကို ကူညီပေးကြပါ၊ ပံ့ပိုးပေးကြပါ၊ နိုင်ငံတကာ အကူအညီမရရင် ကျွန်တော်တို့ ဒီအရှုပ်ထဲကနေ ထွက်နိုင်မှာ မဟုတ်ဘူး” ဟု ဦးကျော်စွာမင်းက လန်ဒန်မြို့လယ်ရှိ သံရုံးအပြင်ဘက်၌ သတင်းထောက်များကို ပြောခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်သွားမည်ဆိုပါက အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အလားအလာရှိကြောင်း ဦးကျော်စွာမင်းက ထုတ်ဖော်သွားခဲ့သည်။ စစ်ခေါင်းဆောင်များ ပြောထားသည့်အတိုင်း နိုင်ငံသို့ ပြန်သွားမည့်အခါ အသက်သေဆုံးရနိုင်သလား ဆိုသည့် မေးမြန်းမှုကို ၎င်းက “ဘယ်သူက သေချာသိမှာလဲ” ဟု ဖြေခဲ့သည်။

ဦးကျော်စွာမင်းကို တာ၀န်မှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်အုပ်စုက  ထုတ်ပြန်ခဲ့သည့်အတွက် ၎င်းကို မြန်မာသံအမတ်ကြီးအဖြစ် အသိအမှတ်ပြု၍မရတော့ဟု ယူကေက အတည်ပြုခဲ့သည်။

ယူကေအစိုးရအနေဖြင့် ဦးကျော်စွာမင်းနှင့်ပတ်သက်ပြီး စစ်အုပ်စု၏ ဆုံးဖြတ်ချက်ကို သံတမန်မူ၀ါဒနှင့်အညီ လက်ခံခဲ့ရသည်ဟုလည်း ယူကေ သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ရက်က မြန်မာအာဏာသိမ်းစစ်အုပ်စုကို သစ္စာခံသော သံတမန်များက လန်ဒန်ရှိ သံရုံးကို စီးနင်းထိန်းချုပ်ခဲ့ရာတွင် ဦးကျော်စွာမင်းမှာ သံရုံးထဲသို့ ၀င်ခွင့်မရဘဲ ညပိုင်းတွင် ကားထဲတွင်သာ အိပ်ခဲ့ရသည်။

ထိုသို့ သံရုံးအပိုင်စီးမှုဖြစ်စဥ် ဖြစ်ပြီးနောက် ဦး‌ကျော်စွာမင်းကို ယူကေဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အသိအမှတ်ပြု၍မရတော့ဟု ယူကေ၏ ပြောကြားချက် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required