လန်ဒန်ရှိ မြန်မာသံရုံးကို အပိုင်စီးသည့် အာဏာသိမ်းစစ်အုပ်စု၏ အနိုင့်ကျင့်မှုအပေါ် ဗြိတိန် ဝေဖန်ပြစ်တင်

လန်ဒန်ရှိ မြန်မာသံရုံးကို အပိုင်စီးသည့် အာဏာသိမ်းစစ်အုပ်စု၏ အနိုင့်ကျင့်မှုအပေါ် ဗြိတိန် ဝေဖန်ပြစ်တင်
Photo - AFP

ဧပြီ ၈

လန်ဒန်မြို့ရှိ မြန်မာသံရုံးကို အာဏာသိမ်းစစ်ကောင်စီက ၀င်ရောက်စီးနင်းပြီး ယူကေဆိုင်ရာ မြန်မာသံအမတ်ကြီးကို သံရုံးတွင်းသို့ ၀င်ခွင့်မပေးသည့် ဖြစ်စဉ် ဖြစ်ပြီးနောက် အာဏာသိမ်းစစ်အုပ်စု၏ အနိုင်ကျင့်ဗိုလ်ကျသည့်လုပ်ရပ်အပေါ် ဗြိတိန်က ဧပြီ ၈ ရက်တွင် အပြင်းအထန် ‌‌ဝေဖန်သွားခဲ့သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုကို သစ္စာခံသည့် သံတမန်များသည် ဧပြီ ၇ ရက်တွင် သံရုံးကို ထိန်းချုပ်လိုက်ပြီး သံအမတ်ကြီးကို ၀င်ခွင့်မပေးဘဲ သံရုံးကို အတွင်းမှ တံခါးပိတ်ထားခဲ့ခြင်းဖြစ်သည်။

သံအမတ်ကြီး ဦးကျော်စွာမင်းက ပြောကြားရာတွင် စစ်သံမှူးဖြစ်သူက သံရုံးကို ထိန်းချုပ်ခဲ့မှုက ရုံးတွင်းအာဏာသိမ်းသည့်သဘောပင် ဖြစ်ကြောင်း ပြောခဲ့သည်။

ယူကေဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းသည် ထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦး၀င်းမြင့်တို့ကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပြီးနောက် ပြီးခဲ့သည့်လတွင် စစ်အုပ်စုက ၎င်းကို မြန်မာပြည်သို့ ပြန်လာရန် ခေါ်ယူခဲ့သည်။

ယခု မြန်မာသံရုံး လိပ်ခဲတည်းလည်း ဖြစ်စဥ်တွင် သံအမတ်ကြီးကို ထောက်ခံကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒိုမစ်နစ် ရာ့ဘ်က တွစ်တာတွင် ရေးခဲ့သည်။

“မနေ့က လန်ဒန်မှာ မြန်မာစစ်အစိုးရရဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်၊ ဦးကျော်စွာမင်းရဲ့ ရဲရင့်မှုအတွက်လည်း သူ့ကို ချီးကျူးပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးက ရေးခဲ့သည်။

“မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်လည် ရရှိဖို့အတွက် ယူကေအနေနဲ့ ဆက်လက်တောင်းဆိုသွားမှာပါ” ဟု ၎င်းက ရေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly