ချစ်ပြား ရင်းနှီးမြှုပ်နှံမှုများတွင် တောင်ကိုရီးယားနှင့် ထိုင်ဝမ်က တရုတ်ကို နောက်ကောက်ချခဲ့

ချစ်ပြား ရင်းနှီးမြှုပ်နှံမှုများတွင် တောင်ကိုရီးယားနှင့် ထိုင်ဝမ်က တရုတ်ကို နောက်ကောက်ချခဲ့

ဧပြီ ၈

အမေရိကန်နည်းပညာကုမ္ပဏီကြီး Intel က ၂၀၂၄ ခုနှစ်နောက်ဆုံးထားပြီး ဒေါ်လာ ၂၀ ဘီလီယံရင်းနှီးမြှုပ်နှံကာ အရီဇိုးနားတွင် ချစ်ပြား ထုတ်လုပ်သည့် စက်ရုံအသစ် ၂ ခုတည်ဆောက်ရန်ကြေညာခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်အပေါ် တရုတ်၏ကြီးထွားလာနေသောသြဇာလွှမ်းမိုးမှုကို ကာကွယ်ရန် စီမံထားလျှင်တောင်မှ တောင်ကိုရီးယား Samsung Electronics နှင့် Taiwan Semiconductor Manufacturing Co. တို့နှင့် ယှဉ်ပြိုင်မှုပြင်းထန်နိုင်သည်။

မတ်လက ယင်းလုပ်ငန်းနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သော IC Insights မှ သုတေသနတစ်ခုအရ Intel အနေဖြင့် အာရှအင်အားကြီးများနှင့် ယှဉ်ပြိုင်နိုင်ဖွယ်မရှိကြောင်း ဖော်ပြခဲ့သည်။

Samsung နှင့် TSMC တို့၏ ထုတ်လုပ်မှုနည်းပညာနှင့် စွမ်းရည်ကို ပြိုင်ဆိုင်နိုင်ရန်အတွက် အမေရိကန်၊ တရုတ်နှင့် အီးယူတို့မှချိပ်ပြားထုတ်လုပ်သူများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အနည်းဆုံးအသုံးပြုရမည့်စရိတ်ကို ရည်ညွှန်းကာ အောင်မြင်သောအခွင့်အလမ်းရရှိနိုင်ရန်အတွက် အစိုးရများသည် အနည်းဆုံးငါးနှစ်အတွက် တစ်နှစ်လျှင် ဒေါ်လာဘီလီယံ ၃၀ သုံးစွဲရမည်ဟု အစီရင် ခံစာက ဆိုသည်။

သို့သော် Samsung နှင့် TSMC မှလွဲ၍ အခြားချိပ်ပြားထုတ်လုပ်သူများသည် စက်ရုံများ၏ တည်ဆောက်စရိတ်များပြားလာခြင်းကြောင့် ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ သတိထားနေဆဲဖြစ်သည်။

IC Insights ၏ ဖော်ပြချက်အရ Samsung သည် ၂၀၁၀ ပြည့်နှစ်မှစ၍ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသုံးစွဲသူအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ဒုတိယအဆင့် TSMC ကို Intel က ကပ်ပြီးအမီလိုက်နေသည်။ Samsung နှင့် TSMC ၏ အသုံးစရိတ်ကို ပေါင်းစပ်လိုက်ပါက ယခုနှစ် ကမ္ဘာ့စုစုပေါင်းအရင်းအနှီးအသုံးစရိတ်၏ ၄၃% ရှိသည်။

လွန်ခဲ့သောဆယ်စုနှစ် နှစ်စုအတွင်း Samsung နှင့် TSMC တို့က ကမ္ဘာလုံးဆိုင်ရာ ချိပ်ပြားဈေးကွက်ကို လွှမ်းမိုးခဲ့သည်။ မကြာသေးမီက မော်တော်ကား ချစ်ပြား အကျပ်အတည်းက လက်ဝါးကြီးအုပ်မှု၏ ဆိုးကျိုးသက်ရောက်မှုတစ်ခုဖြစ်သည်။ အမေရိကန် - တရုတ်ပြိုင်ဆိုင်မှုက Intel ၏ ကြီးမားသော ရင်းနှီးမြုပ်နှံမှုကိုဖြစ်ပေါ်စေသော်လည်း ယင်း၏ မဟာဗျုဟာက ထိပ်ဆုံးကုမ္ပဏီနှစ်ခုနှင့် ကွာဟချက်ကို နီးကပ်စေမည်ဖြစ်သည်။

တရုတ် အတွက်ပင် IC Insights ၏ ခန့်မှန်းတွက်ချက်မှုအရ "တစ်နှစ်လျှင် ဒေါ်လာ ၃၀ ဘီလီယံ အနည်းဆုံး ငါးနှစ်ခန့်လိုအပ်ခြင်း" သည် ကြီးသောရည်မှန်းချက်ဖြစ်သည်။

တရုတ်၏ အများပြည်သူနှင့် ပုဂ္ဂလိကဏ္ဍက  ၂၀၁၄ ခုနှစ်မှစ၍ နိုင်ငံ၏ ချစ်ပြား ထုတ်လုပ်မှုလုပ်ငန်းကို ပိုမိုကောင်းမွန်စေရန်တက်ညီလက်ညီ ကြိုးပမ်းခဲ့သော်လည်း ၂၀၁၇ မှ ၂၀၂၀ အတွင်းပြည်တွင်း ချစ်ပြား ထုတ်လုပ်သူများ၏ အရင်းအနှီးမှာ ဒေါ်လာ ၄၄.၇ ဘီလီယံသာရှိခဲ့သည်။ ထိုအချိန်ကာလအတွင်းမှာပင် Samsung ကုမ္ပဏီတစ်ခုတည်းကပင် ထိုပမာဏ၏ နှစ်ဆနီးပါး ရင်းနှီးမြုပ်နှံခဲ့သည်။

 “ နိုင်ငံအားလုံးက ချစ်ပြား ထုတ်လုပ်သည့်စွမ်းရည်တွေ ထပ်မံတည်ဆောက်ခြင်းက စီးပွားရေးအရလက်တွေ့မကျပါဘူး” ဟု TSMC ၏ ဥက္ကဋ္ဌ Mark Liu က ဆိုသည်။ရန်ပုံငွေရှာခြင်းသည်တစ်ခုတည်းသောအခက်အခဲမဟုတ်ပေ။

"အပြည့်အဝထောက်ပံ့ရေးကွင်းဆက်ကိုပြန်ယူပြီး မိမိကိုယ်ကိုအားကိုးအားထားပြုရန် ကြိုးစားခြင်းက လုံးဝမလွယ်ကူပါဘူး။ အဆုံးတစ်နေ့မှာ ထပ်တိုးစွမ်းဆောင်ရည်တွေကြောင့် အကျိုးအမြတ်မရနိုင်တော့ပါဘူး" Mark Liu က ဆိုသည်။

IC Insights ၏ အစီရင်ခံစာတွင်“ တရုတ်အတွက်ငွေကြေးရှိလျှင်တောင်မှ ချစ်ပြား ထုတ်လုပ်သူများအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာပြဿနာများကြောင့် တိုင်းပြည်သို့ အရေးအပါဆုံးပစ္စည်းကိရိယာအချို့ရောင်းချခြင်းအား တားဆီးလိမ့်မည်” ဟု ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအတွက်မူ အစီရင်ခံစာတွင် ချစ်ပြား ထုတ်လုပ်သည့် စီးပွားရေးတွင် ယှဉ်ပြိုင်မှုအားသာချက်ရှိစေမည့် မည်သည့်လမ်းကြောင်းကိုမှ ဖော်ပြမထားပေ။

IC Insights က ဂျပန်အနေဖြင့် အဓိကကစားသမားအဖြစ် မမြင်နိုင်သောကြောင့် အစီရင်ခံစာတွင် ဂျပန်ကိုမဖော်ပြထားပေ။  စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ အဆင့်မြင့် တပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရန်ပြည်ပမှ ချစ်ပြား ထုတ်လုပ်သူများကို ဆွဲဆောင်ရန် ကတိပြုထားသော်လည်း ရလဒ်များ ထွက်ပေါ်လာဖွယ်မရှိပေ။

TSMC က တိုကျိုမြို့အရှေ့မြောက်ဘက်ရှိ Ibaraki Prefecture တွင် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ယန်း ၂၀ ဘီလီယံ (ဒေါ်လာ ၁၈၉ သန်း) ရင်းနှီးမြုပ်နှံရန် စီစဉ်ထားသော်လည်း ကုမ္ပဏီအတွက်မူ ရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းငယ်သာ ဖြစ်သည်။

ကြီးမားသောပထဝီနိုင်ငံရေးဆိုင်ရာအန္တရာယ်များကြောင့် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့၏ ထိပ်တန်း ချစ်ပြား ထုတ်လုပ်သူများက ဂျပန်နိုင်ငံတွင် စက်ရုံကြီးများ တည်ဆောက်ရန် အခက်အခဲများကြုံတွေ့ရနိုင်သည်။ ဂျပန်က ချစ်ပြား ထုတ်လုပ်သည့်ကိရိယာများနှင့် ပစ္စည်းများကိုသာအာရုံစိုက်သင့်ပြီး၊ ယင်းနယ်ပယ်တွင် ဂျပန်က ယှဉ်ပြိုင်နိုင်စွမ်းကောင်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly