၂၀၂၂ ပေကျင်းအိုလံပစ်အား သပိတ်မှောက်ရန် ကနေဒါကို ဝီဂါအဖွဲ့ တိုက်တွန်း

၂၀၂၂ ပေကျင်းအိုလံပစ်အား သပိတ်မှောက်ရန် ကနေဒါကို ဝီဂါအဖွဲ့ တိုက်တွန်း

ဧပြီ ၈

လာမည့်နှစ် ပေကျင်းအိုလံပစ်ပွဲတော်အား သပိတ်မှောက်ရန်အတွက် ကနေဒါအစိုးရအနေဖြင့် အတတ်နိုင်ဆုံး လုပ်ဆောင်ရန်လိုအပ်ကြောင်း ဝီဂါလွတ်မြောက်ရေးဖောင်ဒေးရှင်း၏ အယ်ဒီတာချုပ်ဖြစ်သူ Georgia L Gilholyက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ပေကျင်းပွဲတော်တွင် ကနေဒါ၏ ပါဝင်မှုသည် တရုတ်အာဏာပိုင်များထံ သတင်းစကားကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ရှင်းရှင်းလင်းလင်း ပေးပို့လိုက်ခြင်းဖြစ်ကြောင်း၊ လက်တစ်ဆုပ်စာအရာရှိများကို အရေးယူပိတ်ဆို့မှုများမှလွဲ၍ ဖေဖော်ဝါရီလ မဲခွဲမှုအပြီးတွင် စကားများသာပြောနေပြီး လက်တွေ့အကောင်ထည်မှုမရှိကြောင်း" Post Millennial ဆောင်းပါးတစ်ပုဒ်တွင် Gilholyက ရေးသားခဲ့သည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကနေဒါအောက်လွှတ်တော်က ၂၆၆-ဝဝ မဲဖြင့် တရုတ်နိုင်ငံသည် ဝီဂါလူနည်းစုကို နှိပ်စက်ညှင်းပန်းခြင်းအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့သည်။ ဖေဖော်ဝါရီလ မဲပေးမှုသည် နှောင်ကြိုးများကင်းမဲ့နေပြီး၊  ဝန်ကြီးချုပ် Trudeau နှင့် သူ၏အစိုးရအဖွဲ့က လက်ရှောင်နေခြင်းက အကောင်းဆုံးဖြစ်သည်ဟု ထင်သော်လည်း အလယ်အလတ်စားအင်အားကြီးနိုင်ငံ အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကို အလေးထားသည့် အလားအလာများပြသနေခြင်းဖြစ်ကြောင်း Gilholyက ပြောကြားသည်။

“ အစိုးရက မဲဆန္ဒရှင်တွေရဲ့ ဦးစားပေးမှုတွေကိုသာမက၊ ကမ္ဘာတစ်ဝန်းက နှိပ်စက်ညှဉ်းပန်းခံရသူတွေအတွက်ပါ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ဝတ္တရားတွေကိုဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားလို့ရှိရင် လာမည့်နှစ်မှာ ကျင်းပမဲ့ အားကစားပွဲတော်ကို သပိတ်မှောက်ဖို့ အစွမ်းကုန်လုပ်ဆောင်ရပါမယ်”ဟု Gilholyက ရေးသားခဲ့သည်။

ကနေဒါနိုင်ငံသားများကို မကြာသေးမီကပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ စစ်တမ်းဖြေသူများ၏ ထက်ဝက်ကျော်က ၂၀၂၂ ခုနှစ် ဆောင်းရာသီအားကစားပွဲတော်ကို ကနေဒါမပါဝင်ဘဲ သပိတ်မှောက်သင့်ကြောင့် ဖြေဆိုခဲ့ကြပြီး၊ ယင်းက လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များကြောင့် တရုတ်နိုင်ငံအပေါ် အပျက်သဘောဆောင်သောထင်မြင်ချက်ကို ဖော်ပြနေသည်။

ကနေဒါနိုင်ငံသား ၁၀ဝဝ ကို အွန်လိုင်းစစ်တမ်းကောက်ယူခဲ့ရာ တိုင်းပြည်အနေဖြင့် အပြည်ပြည်ဆိုင်ရာပြိုင်ဆိုင်မှုကို လုံးဝသပိတ်မှောက်သင့်သည်ဟု ၅၄ ရာခိုင်နှုန်းက ယုံကြည်ကြောင်းဖော်ပြခဲ့ပြီး၊   ၂၄ ရာခိုင်နှုန်းက လုံးဝမဖြစ်သင့်ဟု ဖော်ပြခဲ့ကြောင်း ကနေဒါမဲဆန္ဒကောက်ခံသည့် သုတေသနကုမ္ပဏီမှ ဖော်ပြခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့သည်။

တရုတ် - ကနေဒါ သံတမန်ဆက်ဆံရေးသည် အလွန်ရှုပ်ထွေးနေသည်။ တရုတ် - ကနေဒါဆက်ဆံရေးသည် ပိုမိုတင်းမာလာပြီး နှစ်ဖက်စလုံးမှ စော်ကား၊ ခြိမ်းခြောက်မှုများပြုလုပ်နေကြသည်။

ဟွာဝေအမှုဆောင်အရာရှိချုပ်အား လွှဲပြောင်းပေးရန် အမေရိကန်၏ တောင်းဆိုချက်ကို ကနေဒါမှ သဘောတူပြီးနောက် သံတမန်ဆက်ဆံရေးတင်မာမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းကို လက်တုန့်ပြန်သည့်အနေဖြင့် ကနေဒါနိုင်ငံသား Michael Kovrigနှင့် Michael Spavorတို့ကို သူလျှိုလုပ်သည်ဟူသော စွပ်စွဲချက်များဖြင့် တရုတ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly