တင်းမာမှုများမြင့်တက်နေချိန်တွင် ကမ္ဘာ့အရေးကိစ္စများတွင် အသာစီးနေရာမယူရန် တရုတ်က အမေရိကန်ကို သတိပေး

တင်းမာမှုများမြင့်တက်နေချိန်တွင် ကမ္ဘာ့အရေးကိစ္စများတွင် အသာစီးနေရာမယူရန် တရုတ်က အမေရိကန်ကို သတိပေး

ဧပြီ ၈

အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ရေးရာများတွင် ဆုံးဖြတ်ချက်ချမှတ်၍ ပြောရေးဆိုခွင့်ရှိသည်ဟု မှတ်ယူနေခြင်းနှင့် အသားစီးမယူရန် အမေရိကန်နှင့်တရုတ်နိုင်ငံ အကြားတင်းမာမှုများမြင့်တက်နေစဉ်တွင် တရုတ်က သတိပေးလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နှင့် ညှိနှိုင်းမှုများအတွက် အမေရိကန်၏ တစ်ဖက်သတ် တောင်းဆိုချက်များကို လက်ခံလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

"တရုတ်နဲ့ တွေ့ဆုံဆွေးနွေးမှုအတွက် တံခါးက ပွင့်နေပါပြီ။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးမှုကို တန်းတူညီမျှစွာနဲ့ အပြန်အလှန်လေးစားမှုနဲ့ ပြုလုပ်သင့်ပါတယ်"  လို့ ဝမ်ယိက ဆိုသည်။

 “တခြားနိုင်ငံထက် သာလွန်တယ်၊ ကမ္ဘာ့ရေးရာတွေမှာ နောက်ဆုံးပြောရေးဆိုခွင့်ရှိသည်တဲ့ ဘယ်လိုနိုင်ငံမျိုးကိုမှ တရုတ်က လက်ခံမှာမဟုတ်ပါဘူး။ အမေရိကန်က ထိပ်တိုက်တွေ့မယ်ဆိုရင်လဲ တရုတ်က မကြောက်မရွံ့ဘဲ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားမှာပါ”

တရုတ် - အမေရိကန်ပူးပေါင်းဆောင်ရွက်ရေးမှာ ဖြစ်နိုင်ချေရှိသော်လည်း တစ်နိုင်ငံချင်းစီ၏ အလေးနက်ထား သင့်သော ကိစ္စရပ်များကို နှစ်ဖက်စလုံးက လေးစားသင့်ကြောင်း၊ တရုတ်က အမေရိကန်၏ တစ်ဖက်သတ် တောင်းဆိုမှုများနှင့် အခြေအနေများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ဝမ် က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

“တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး၊ လိမ်လည်မှုများနှင့် မှားယွင်းသောသတင်းအချက်အလက်များကို အခြေခံ၍ တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့ အရေးယူမှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါသည်” ဟု သူက ဆိုခဲ့သည်။

တရုတ်အစိုးရက ယခင်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် ဆိုးရွားစွာပျက်စီးခဲ့သည့် အမေရိကန်နှင့်ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တိုးမြှင့်လိုသော်လည်း၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အမေရိကန်ဖိအားကို ဆန့်ကျင်ရေး ကြားတွင် အကျပ်တည်းဆိုက်နေကြောင်း သံတမန်ရေးရာ လေ့လာသူများက ပြောကြားလိုက်သည်။

အလက်စကာထိပ်သီးအစည်းအဝေးအပြီးတွင် တရုတ်နှင့် အမေရိကန်အကြားဆက်ဆံရေးမှာ ယိုယွင်းသွားပြီး တင်းမာမှုများမြင့်တက်လာခဲ့သည်။

ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် အမေရိကန်က တရုတ်အာဏာပိုင်များနှင့် အဖွဲ့အစည်းတွေအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။
နှစ်နိုင်ငံစလုံးသည် အငြင်းပွားနေသောအရှေ့နှင့် တောင်တရုတ်ပင်လယ်များတွင် ယင်းတို့၏ စစ်ရေးအင်အားတည်ရှိမှုကို တိုးမြှင့်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly