မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံက ကူညီပေးထားကြောင်း ထိုင်း၀န်ကြီးချုပ် ပြော

မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံက ကူညီပေးထားကြောင်း ထိုင်း၀န်ကြီးချုပ် ပြော

ဧပြီ ၈

ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မြန်မာဒုက္ခသည်များကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ထားကြောင်း ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဧပြီ ၇ ရက်တွင် အခိုင်အမာပြောဆိုလိုက်သည်။

ထိုင်း၀န်ကြီးချုပ်သည် ယမန်နေ့က အစိုးရအိမ်တော်တွင် ပြုလုပ်သည့် ၀န်ကြီးအဖွဲ့ အစည်းအဝေးတစ်ခုအပြီး ထိုင်း-မြန်မာနယ်စပ်ရှိ အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုစဥ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“လူသားချင်းစာနာမှုအရေးနဲ့ပတ်သက်လို့ ပြောရရင် ကျွန်တော်တို့ဘက်က ဂရုစိုက်မှု မရှိဘူးလို့ ပြောလို့မရပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက လူ့အသက်တွေနဲ့ သက်ဆိုင်နေလို့ပါ” ဟု ၎င်းက ပြောခဲ့သည်။

“ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဖြေရှင်းနိုင်ဖို့ လမ်းညွှန်ချက်တွေကိုလည်း နိုင်ငံခြားရေး၀န်ကြီးဌာနနဲ့ အာဆီယံကနေတဆင့် အကြံပြုထားပါတယ်၊ ကျွန်တော်တို့ဟာ ပြဿနာကို စနစ်တကျ ဖြေရှင်းဖို့ လိုပါတယ်”
“ဘာလို့လဲဆိုတော့ ကျွန်တော်တို့နှစ်နိုင်ငံဟာ ကပ်လျက်ရှိနေတဲ့ အိမ်နီးချင်းတွေမို့လို့ပါ၊ ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်တွေကို ကိုယ့်ဘာသာ ချလို့မရနိုင်ပါဘူး၊ ပြီးတော့ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ သဘောမတူပါဘူး” ဟု ပရာယွတ်က ပြောခဲ့သည်။

ထို့ပြင် ထိုင်းနှင့် မြန်မာတို့သည် နယ်စပ်ဖြတ်ကျော်မှု ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရန် ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်စပ်ကော်မတီ (TBC) ဆိုသည့် ယန္တရားတစ်ခု ရှိထားပြီးဖြစ်ကြောင်း ပရာယွတ်က ပြောသည်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် မြန်မာဒုက္ခသည်များကိုလည်း ထိုင်းမြေပေါ်တွင် ဆေးကုသမှု ခံယူစေရန် ပို့ဆောင်ပေးထားကြောင်းလည်း ၎င်းက ပြောခဲ့သည်။

မယ်ဟောင်ဆောင် ခရိုင်၌ မြန်မာဒုက္ခသည်ဦးရေ ၂,၀၀၀ ခန့်  ဆက်ရှိနေကြောင်း ထိုင်းလူ၀င်မှုကြီးကြပ်ရေးဗျူရို အကြီးအကဲ ဆွမ်ပေါင် ချင်း‌ဒေါင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly