မြန်မာနိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ဂျပန်၀န်ကြီးချုပ် ပြော

မြန်မာနိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ဂျပန်၀န်ကြီးချုပ် ပြော

ဧပြီ ၈

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီလ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေသူများကို လုံခြုံရေးတပ်ဖွဲ့များဘက်က အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်မိကြောင်း ဂျပန်၀န်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါက ဧပြီ ၇ ရက်တွင် ထုတ်ဖော်သွားခဲ့သည်။

ဂျပန်၀န်ကြီးချုပ် ဆုဂါသည် လာအိုနိုင်ငံ ၀န်ကြီးချုပ် ဖန်ခမ်း ဗီဖာဗန်နှင့် ဖုန်းဆက်ဆွေး‌နွေးစဥ် အထက်ပါအတိုင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် အင်အားသုံး ဖိနှိပ်နေမှု ချက်ချင်း ရပ်ဆိုင်းစေရေး၊ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ထိန်းသိမ်းခံထားရသူများ ပြန်လည်လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် မြန်မာစစ်တပ်ကို ဆက်လက် ဖိအားပေးသွားမည်ဟု ဆုဂါက ပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်စေရေးအတွက် အာဆီယံနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးကြောင်း ဆုဂါက ပြောဆိုခဲ့သလို မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် လာအိုနိုင်ငံအနေဖြင့် တစ်စိတ်တစ်ဒေသ ပါ၀င်လုပ်ဆောင်ရန် ဆုဂါက ဖန်ခမ်း ဗီဖာဗန်ကို ပြောခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြသူများနှင့် ဘေးမှရပ်ကြည့်သူများ အပါအ၀င် လူပေါင်း ၅၈၁ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူ ၂,၇၅၀ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်‌ရေးအသင်း (AAPP) ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly