စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ သက်သေအထောက်အထားပေါင်း ၁၈၀,၀၀၀ ကို စုဆောင်းရရှိထားဟု CRPH ထုတ်ပြန်

စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ သက်သေအထောက်အထားပေါင်း ၁၈၀,၀၀၀ ကို စုဆောင်းရရှိထားဟု CRPH ထုတ်ပြန်
Photo - AFP

ဧပြီ ၇

နှိပ်စက်ညှင်းပန်းမှု၊ ဥပ‌ဒေမဲ့ သတ်ဖြတ်မှုများအပါအ၀င် မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြသနေသည့် သက်သေအထောက်အထားပေါင်း ၁၈၀,၀၀၀ ကို စုဆောင်းရရှိထားကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီ ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ထိုဆန္ဒပြမှုများကို ဖြိုခွင်းနှိမ်နင်းမှုများအတွင်း လူပေါင်း ၆၀၀ နီးပါး သေဆုံးခဲ့ရသည်။

CRPH က ပြောကြားရာတွင် ယင်း၏ ရှေ့နေများသည် အာဏာသိမ်းစစ်အုပ်စု ကျူးလွန်သော ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များနှင့်ပတ်သက်ပြီး ဆွေး‌နွေးရန်အတွက် ကုလ စုံစမ်းစစ်ဆေးရေးမှူးများနှင့် တွေ့ဆုံသွားမည်ဟု ပြောခဲ့သည်။

“CRPH ဟာ သက်သေအထောက်အထားပေါင်း ၁၈၀,၀၀၀ ကို လက်ခံရရှိထားပါတယ်၊ ဒီ သက်သေအထောက်အထားတွေကတော့ စစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြသနေပါတယ်” ဟု အဆိုပါ ကော်မတီက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။

ယင်းတို့ထဲတွင် ဥပဒေမဲ့ သတ်ဖြတ်မှု ၅၄၀ ကျော်၊ ဖမ်းဆီးခံထားရစဥ် နိုင်ငံရေးအကျဥ်းသားသေဆုံးမှု ၁၀ ဦး၊ နှိပ်စက်ညှင်းပန်းခြင်းများ၊ တရားမ၀င် ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အင်အားအလွန်အကျွံ အသုံးပြုမှုတို့ ပါ၀င်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် နိုင်ငံတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေး၊ ထိန်းသိမ်းခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒပြ‌တောင်းဆိုမှုများသည် နေ့စဥ်နှင့်အမျှ ပေါ်ပေါက်ထားခဲ့သည်။

ထိုဆန္ဒပြမှုများအပေါ် တုံ့ပြန်ပြီး လုံခြုံရေးတပ်ဖွဲ့များက ရာဘာကျည်များ၊ ကျည်အစစ်များ သုံးပြီး ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့သလို တက်ကြွလှုပ်ရှားသူ ထောင်နှင့်ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖြိုခွင်းနှိမ်နင်းမှုများအတွင်း အရပ်သား ၅၈၁ ဦး သေဆုံးပြီး လူပေါင်း ၂,၇၀၀ ကျော် အဖမ်းခံထားခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောသည်။ သေဆုံးသူများအနက် ၅၀ နီးပါးမှာ ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required