အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှု ရုရှား မထောက်ခံ

အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှု ရုရှား မထောက်ခံ

ဧပြီ ၇

မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်မှုကို ဆန့်ကျင်ကြောင်း ရုရှားက ဧပြီ ၆ ရက်တွင် ပြောဆိုလိုက်သည်။ ဒဏ်ခတ်သည့် အစီအမံများက နိုင်ငံတွင် ကြီးမားသော ပြည်တွင်းစစ်တစ်ခုကို အစပျိုးဖြစ်ပေါ်စေနိုင်သည်ဟုလည်း ရုရှားက သတိပေးခဲ့သည်။

“လက်ရှိ မြန်မာအာဏာပိုင်တွေအ‌ပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အသုံးပြုတာ အပါအ၀င် ခြိမ်းခြောက်မှုနဲ့ ဖိအားပေးမှု လမ်းကြောင်းက ထိရောက်မှုမရှိနိုင်သလို အတော့်ကို အန္တရာယ်ကြီးပါတယ်” ဟု ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကားပြီး Interfax သတင်းအေဂျင်စီက ဖော်ပြသည်။

ယင်းကဲ့သို့သော မူ၀ါဒများက မြန်မာနိုင်ငံကို ပြည်တွင်းစစ်တစ်ခုဆီ ဦးတည်စေရန် တွန်းပို့လိမ့်မည်ဟု ယင်းက ဖော်ပြသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း လူပေါင်း ၅၅၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ပြည်တွင်းစောင့်ကြည့်အဖွဲ့တစ်ခုထံမှ သိရသည်။

နိုင်ငံတကာမှ အင်အားကြီးနိုင်ငံများကလည်း စစ်တပ်၏ ပြန့်ကျဲတည်ရှိနေသော စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ခြင်းဖြင့် အာဏာသိမ်းစစ်တပ်အပေါ် ဖိအား‌‌ပေးရန် ကြိုးပမ်းထားခဲ့သည်။

သို့သော် လက်ရှိအချိန်အထိ အရေးယူဒဏ်ခတ်မှုများ သို့မဟုတ် ထိန်းသိမ်းသည်းခံရေး တောင်းဆိုမှုများက အာဏာသိမ်းစစ်အုပ်စု၏ လုပ်ရပ်များ ရပ်ဆိုင်းရေးအတွက် ထိန်းချုပ်နိုင်သည့် လက္ခဏာရပ် တစ်စုံတစ်ရာ ပြသထားခြင်း မရှိသေးပေ။
နိုင်ငံ၏ အခြေအနေ အလျင်အမြန် ယိုယွင်းလာနေမှုအပေါ် အလွန် စိုးရိမ်ပူပန်ကြောင်း ပြီးခဲ့သည့်အပတ်က ကုလလုံခြုံရေးကောင်စီက တညီတညွတ်တည်း ထုတ်ဖော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly