အင်ဒိုနီးရှားနှင့် အရှေ့တီမောတွင် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၁၅၀ ကျော်ထိ ရှိလာ

အင်ဒိုနီးရှားနှင့် အရှေ့တီမောတွင် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၁၅၀ ကျော်ထိ ရှိလာ
Photo - AFP

ဧပြီ ၇

အင်ဒိုနီးရှားနှင့် အရှေ့တီမောတွင် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပြီးနောက် ယခုအခါ သေဆုံးသူဦးရေသည် ၁၅၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

အဆိုပါ သဘာ၀ဘေးဖြစ်စဉ်နောက်ပိုင်း အသက်ရှင်ကျန်ရစ်ပြီး ထိခိုက်ဒဏ်ရာရရှိထားသူများကို ကူညီကုသပေးရန်အတွက် အင်ဒိုနီးရှားရေတပ်က ဧပြီ ၇ ရက်တွင် ဆေးရုံသင်္ဘောများကို အသင့်ပြင်ဆင်ထားကြောင်း သဘာ၀ဘေးစီမံခန့်ခွဲမှု အေဂျင်စီက ပြောသည်။

‌ဝေးလံသည့် ကျေးရွာများသို့လည်း အစားအသောက်နှင့် အခြား လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကို ရဟတ်ယာဥ်များဖြင့် သယ်ယူပြီး ချပေးထားခဲ့သည်။

ထိုကဲ့သို့ အင်ဒိုနီးရှားနှင့် အရှေ့တီမောတို့ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည့် ရေကြီးမြေပြိုမှုများ ဖြစ်ခဲ့ပြီးနောက်ပိုင်း ပျောက်ဆုံးနေဆဲဖြစ်သည့် လူဒါဇင်များစွာကို ရှာတွေ့ရန်အတွက်လည်း ကယ်ဆယ်ရေးသမားများက အနံ့ခံခွေးများဖြင့် ကြိုးစားအားထုတ်လျက် ရှိသည်။

နှစ်များစွာအတွင်း ယင်းဒေသကို တိုက်ခတ်ပြီး ထိခိုက်ပျက်စီးစေမှု အများဆုံးဖြစ်စေခဲ့သည့် မုန်တိုင်းများအနက် တစ်ခုဖြစ်သည့် အပူပိုင်းမုန်တိုင်း ဆာရိုဂျာကြောင့် မိုးသည်းကြီးမည်းကြီး ရွာသွန်းခဲ့ရာကနေ လူနေရပ်ကွက်ဧရိယာတစ်ချို့ကို ရွှံ့နွံတောများအဖြစ် ပြောင်းလဲစေခဲ့သလို အပင်များကို အမြစ်ကျွတ်လဲစေခဲ့ပြီးနောက် လူပေါင်း ၁၀,၀၀၀ ခန့်မှာ ယာယီခိုလှုံရာစခန်းများကို ထွက်ပြေးရွှေ့ပြောင်းခဲ့ကြရသည်။

မုန်တိုင်းသည် တောင်နံရံတစ်ခု၏ အောက်ပိုင်းတွင် ရှိသည့် ကျေးရွာတစ်ချို့မှ အဆောက်အအုံများကို ပျက်စီးစေခဲ့ပြီး လမ်ဘာတာကျွန်း၏ ပင်လယ်သမုဒ္ဒရာ ကမ်းစပ်အထိ တိုက်ခတ်ခဲ့သည်။

လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲ လူပေါင်း ၇၆ ဦးခန့်နှင့် အခြား အသက်ရှင်ကျန်ရစ်နိုင်သူများကို ရှာတွေ့နိုင်မည်ဟု မျှော်လင့်ပြီး အပျက်အစီး အစုအပုံများထဲတွင် အနံ့ခံခွေးများဖြင့် ရှာဖွေသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား သဘာ၀ဘေးစီမံခန့်ခွဲမှု အေဂျင်စီက ပြောသည်။

အင်ဒိုနီးရှားတွင် ယခုသဘာ၀ဘေးဖြစ်စဥ်ကြောင့် သေဆုံးသူ ၁၂၀ ခန့် ရှိသည်ဟု ထုတ်ဖော်ထားပြီး အရှေ့တီမောတွင်လည်း သေဆုံးသူ ၃၄ ဦးခန့် ရှိသည်ဟု ထုတ်ဖော်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required