အမေရိကန်က လိင်နှင့်ငွေကြေးကို အသုံးပြု၍ အီရန်အထက်လွှာအတွင်းသို့ စိမ့်ဝင်နေဟုဆို

အမေရိကန်က လိင်နှင့်ငွေကြေးကို အသုံးပြု၍ အီရန်အထက်လွှာအတွင်းသို့ စိမ့်ဝင်နေဟုဆို

တီဟီရန်၊ နိုဝင်ဘာ-၂၆ ။            ။ အမေရိကန်ပြည်ထောင်စုမှာ လိင်၊ ငွေကြေးနှင့် အနောက် နေထိုင်မှုပုံစံကို အသုံးပြုပြီး အီရန်၏ အဆုံးအဖြတ် အထက်အလွှာအသိုင်းအဝိုင်းအတွင်းသို့ စိမ့်ဝင်နေကြောင်း အစ္စလာမ်သမ္မတနိုင်ငံ၏ အထွတ်အထိပ်ခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီက နိုဝင်ဘာ ၂၅ရက်နေ့တွင် ပြောကြားခဲ့သည်။

နျူကလီးယားပရိုဂရမ်နှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သဘောတူညီမှုရရှိပြီးနောက်  အနောက်ပုံစံများ စိမ့်ဝင်လာမည်ကို စိုးရိမ်နေကြသည့် တီဟီရန် အာဏာပိုင်များက ဂျာနယ်လစ် များနှင့် ပညာတတ်များကို အလုံးအရင်းနှင့် ဖမ်းဆီးပြီးနောက်ပိုင်းတွင် နိုင်ငံ့ရေးရာများကို နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ခါမေနီက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။

ဒီလိုစိမ့်ဝင်ဖို့အတွက် အဓိကအရာနှစ်ခုကို အသုံးပြုတယ်။ ငွေကြေးနဲ့ လိင်ဆွဲဆောင်မှုပဲ။ ယုံကြည်မှုတွေ၊ အမြင်တွေ၊ ဘဝဟန်ပန်တွေကို ပြောင်းလဲပစ်လေ့ရှိတယ်။ ဒါမှသာ အကူးစက်ခံရတဲ့ လူတစ်ယောက်က အမေရိကန်တစ်ယောက်လို တွေးခေါ်လာမှာဖြစ်တယ်ဟု ခါမေနီက နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှတ်သည့် မိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။

စိမ့်ဝင်ဖို့အတွက် အဓိကပစ်မှတ်ထားတာကတော့ အထက်လွှာတွေ၊ သြဇာရှိတဲ့လူတွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပဲ။ ဒါ့ကြောင့် စိမ့်ဝင်မှုက ဒီလောက်အထိ အန္တရာယ်ကြီးမားရတာဟု ခါမေနီက IGGC၏ အပျော်တန်းတပ်ဖွဲ့ဖြစ်သည့် ဘာဆီ၏ တပ်မှူးများတက်ရောက်သည့် စုဝေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အနောက်၏ စိမ့်ဝင်မှုကို ဖြိုခွင်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် IRGCက အနုပညာရှင်များ၊ ဂျာနယ်လစ်များနှင့် အမေရိကန်နိုင်ငံသားများကို ဝိုင်းဝန်းပိတ်ဆို့နေသည်။

ယင်းကဲ့သို့ ဖြိုခွင်းမှုများနှင့် သေဒဏ်ကို တိုးမြှင့်အသုံးပြုလာမှုအတွက် ပြီးခဲ့သည့် ရက်သတ္တပတ်က ကုလအထွေထွေညီလာခံ လူ့အခွင့်အရေးကော်မတီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သော်လည်း တီဟီရန်ကမူ အီရန်အကြောက်စွဲနေခြင်းသာဖြစ်သည်ဟု ဝေဖန်ချက်ကို ပယ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required