ယူနန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်တက်

ယူနန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်တက်
Photo - Reuters

ဧပြီ ၆

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှု ၂ လကျော်ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ယင်းဒေသတွင် နောက်ထပ် ကူးစက်မှုအားလုံးသည် ပြည်တွင်း၌ပင် ကူးစက်မှု ဖြစ်ကြောင်းသိရသည်။

ဒေသခံပြည်သူများကို နေအိမ်မှအပြင်မထွက်ရန် ရွှေလီအစိုးရတာဝန်ရှိသူများက စီစဉ်ထားပြီး ရောဂါကူးစက်ခံရမှုများ တွေ့ရှိခဲ့ပြီးနောက်ဆေးစစ်ခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်း၊ ပြည်သူများကို မြို့အတွင်းမှ အဝင်အထွက် ပြုလုပ်ခြင်းတို့ကို ကန့်သတ်ထားသည်။

ရွှေလီမြို့၌ ဧပြီ ၄ ရက်တွင် ကူးစက်ခံရသူ ၁၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်ပမှ ကူးစက်ခံခဲ့ရမှုအပါအဝင် စုစုပေါင်း ၃၂ ဦး ရှိသွားပြီဖြစ်ကာ ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း အမြင့်ဆုံး ဖြစ်သည်။

ရွှေလီတွင် ကူးစက်ခံရမှုအား မျိုးဗီဇခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ခဲ့ရာတွင် နောက်ဆုံး ကူးစက်မှုများသည် မြန်မာနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။ မြို့တွင်း၌ ကူးစက်ခံရသူများအနက် ၁၁ ဦးသည် မြန်မာနိုင်ငံသားများ ဖြစ်သည်။

ရွှေလီမြို့တည်ရှိသည့် ယူနန်ပြည်နယ်၏ နယ်နမိတ် ၄၀၀၀ ကီလိုမီတာ (၂၅၀၀ မိုင်)သည် လာအို၊ မြန်မာ၊ ဗီယက်နမ်တို့နှင့် နယ်နမိတ်ချင်း ထိစပ်နေပြီး ပြီးခဲ့သည့် နှစ်အတွင်းက ကိုဗစ်-၁၉ ကူးစက်မှုမှ ရှောင်ရှားရန် တရားမဝင် ခိုးဝင်သူအများအပြားရှိခဲ့သည်။ဒေသဆိုင်ရာ အာဏာပိုင်များက ကာကွယ်ဆေးများကို အရှိန်မြှင့် ထိုးနှံပေးထားပြီး ရောဂါကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်စေရန် လုပ်ဆောင်လျှက်ရှိသည်။

တရုတ်ပြည်မကြီးတွင် ကိုဗစ် ကူးစက်ခံရသူ ၉၀၃၀၅ ဦးရှိကြောင်းနှင့် သေဆုံးသူ ၄၆၃၆ ဦးရှိကြောင်း အတည်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly