ဩစတြေးလျ၌ တရုတ်ကောင်စစ်ဝန်ရုံးဖွင့်ပွဲတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်

ဩစတြေးလျ၌ တရုတ်ကောင်စစ်ဝန်ရုံးဖွင့်ပွဲတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်

ဩစတြေးလျနိုင်ငံ ၊ အဒယ်လာဒီမြို့ ဆင်ခြေဖုံးဒေသတွင် တရုတ်ကောင်စစ်ဝန်ရုံးသစ် တရားဝင်ဖွင့်လှစ်ခြင်းအပေါ် ရာနှင့် ချီသည့် လူများက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

မြို့လယ်မှ မိနစ်အနည်းငယ်အကွာတွင်ရှိသည့် ဂျော့စလင်အရပ်၏ မြေအကျယ်၅၆၀၀ စတုရန်းမီတာပေါ်တွင် တည်ဆောက်ထားသော ယင်းအဆောက်အဦကို ၃ မီတာအမြင့်ရှိသည့် နံရံများနှင့်ကာရံထားပြီး CCTV ကင်မရာများကိုလည်း တပ်ဆင်ထားသည်။

ဆန္ဒပြသူများတွင် ဩစတြေးလျတောင်ပိုင်းတွင် နေထိုင်သည့် ဝီဂါလူမျိုးများ၊ ထိုင်ဝမ်နှင့် တိဗက်ဒေသခံများ၊ နီပေါနိုင်ငံသားများနှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်သည်။

ဝန်ကြီးချုပ် စတီဗင်မာရှယ်က ကောင်စစ်ဝန်ရုံးအတွင်း အခမ်းအနားတက်ရောက်လာသည့် ပရိသတ်အား မိန့်ခွန်း ပြောကြားနေချိန်တွင် ကောင်စစ်ဝန်ရုံး လမ်းတစ်လျှောက် ဆန္ဒပြသူများ၏ ဟစ်အော်သံများ ဆူညံလျှက်ရှိသည်။ ကောင်စစ်ဝန်ရုံး လမ်းအတွင်း ရဲကားများ ပြည့်နှက်နေပြီး တိုက်ခိုက်မှုနှင့် စည်းကမ်းချိုးဖောက်မှုကြောင့် လူ ၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

ကောင်စစ်ဝန်ရုံးသည် ဂျော့စလင်အရပ်နှင့် သက်ဆိုင်ခြင်းမရှိသလို အဒယ်လာဒီမြို့နှင့်လည်း မပတ်သက်ကြောင်း အထက်လွှတ်တော်အမတ်ရက်စ်ပက်ထရစ်က ဆန္ဒပြသူများကို ပြောကြားကြောင်း The Advertiser သတင်းဌာနက ဖော်ပြသည်။

“ဒါဟာ ကျွန်တော်တို့ နိုင်ငံတော်လုံခြုံရေး လိုအပ်ချက်နဲ့ ကိုက်ညီမှု မရှိသလို ဂျော့စလင်အရပ်နဲ့လည်း ဆန့်ကျင်ဖက်ဖြစ်နေပါတယ်” ဟု ပက်ထရစ်က ပြောကြားသည်။

“ဒီကောင်စစ်တန်ရုံးက ဒီနေရာနဲ့ လုံးဝမပတ်သက်ပါဘူး။ တရုတ်အစိုးရဟာ ကျွန်တော်တို့ထားတဲ့ တန်ဖိုးနဲ့ မကိုက်ညီတာတွေကို လာပြီး လုပ်ဆောင်နေပါတယ်” ဟု ၎င်းကပြောသည်။

ကောင်စစ်ဝန်ရုံးအတွင်း အခမ်းအနားတက်ရောက်နေသည့် ဝန်ကြီးချုပ်မာရှယ်ကိုလည်း ဆန္ဒပြသူအများအပြားက စိတ်ပျက်ခဲ့ကြသည်။ သူသည်ယခင်က မိမိကိုယ်ကို ကာကွယ်ခဲ့ပြီး တောင်ဩစတြေးလျအနေဖြင့် ဆက်ဆံရေးကောင်းမွန်ခိုင်မာနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုဆန္ဒပြမြင်ကွင်းများသည် တရုတ်က တိဗက်ကို သိမ်းပိုက်ထိန်းချုပ်စဉ်က အဖြစ်အပျက်အား သတိတရဖြစ်စေ ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည် တိဗက်လူမျိုးနာဝမ်တက်ဗ်တန် တာဇင်က ပြောကြားသည်။

“ထပ်မံကျူးကျော်မှုတစ်ခုပါပဲ၊ ကျွန်တော်တို့ နိုင်ငံမှာလည်း ကျူးကျော်ခံခဲ့ရတယ်” ဟု ၎င်း၏ ပြောကြားချက်ကို A BC သတင်းဌာနက ဖော်ပြခဲ့သည်။ “ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒီအဆောက်အဦကြီး မလိုအပ်ပါဘူး”
တရုတ်၏ တင်းကြပ်သော ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုကြောင့် စီးပွားရေး ထိခိုက်ရသော ဩစတြေးလျ လယ်သမားများလည်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည်။

အဒယ်လာဒီမြို့တွင် ဝီဂါလူမျိုး ၁၀၀၀ ခန့်ရှိပြီး ဩစတြေးလျတွင် ယင်းလူမျိုးများ အများဆုံးနေထိုင်သည့် မြို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required