R2P က မြန်မာနိုင်ငံကို ဘယ်လို ကူညီနိုင်မလဲ

R2P က မြန်မာနိုင်ငံကို ဘယ်လို ကူညီနိုင်မလဲ

ဧပြီ ၆

မြန်မာအာဏာသိမ်းစစ်တပ် ခေါင်းဆောင်များသည် အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေရင်းဖြင့် မြန်မာပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရမည့် ၎င်းတို့၏ မူလတာ၀န်၀တ္တရားကို လျစ်လျူရှုထားသည်။

အာဏာသိမ်းမှုနောက်ပိုင်း ဖြိုခွင်းနှိမ်နင်းမှုများကြောင့် အိမ်ပစ်ရာပစ်ပြေးကြရသူများသည် တိုင်းရင်းသားဒေသ ဧရိယာများသို့ ရောက်ရှိခဲ့ကြသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) များမှာ အဆိုပါ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသူများကို ၎င်းတို့၏ နယ်မြေများအတွင်း  ကာကွယ်စောင့်ရှောက်ပေးရသည့် တာ၀န်ကို တတ်နိုင်သမျှ ယူပေးခဲ့ကြရသည်။ သို့ရာတွင် အာဏာသိမ်းစစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အပါအ၀င် လက်နက်ကိုင် ပဋိပက္ခ အရှိန်မြင့်လာခဲ့ခြင်းက အဆိုပါဧရိယာများကို ထပ်မံပြီး မတည်မငြိမ်ဖြစ်စေခဲ့သည့်အတွက် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်ပေးနိုင်စွမ်းမှာ လျော့နည်းလာခဲ့သည်။ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တိုက်ခိုက်မှုများကို တွေ့ကြုံထားခဲ့ပြီးဖြစ်သည့် ရိုဟင်ဂျာ (မူရင်းဖော်ပြချက်) များသည်လည်း ၂၀၁၇ နောက်ပိုင်း ယခုတစ်ကြိမ်တွင် ပိုမိုပြီးတော့တောင်မှ မသေချာမရေရာမှုများနှင့် ရင်ဆိုင်ကြရသည်။

R2P အရေးယူဆောင်ရွက်မှုအတွက် ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို နိုင်ငံတကာမှ သက်ဆိုင်ပါ၀င်သူအများအပြားက တုံ့ပြန်အဖြေပေးခဲ့ကြသည်။ ၎င်းတို့ထဲတွင် R2P စာအုပ် ပူးတွဲစာရေးသူ ဂျရက်သ် အီဗန်စ် (မတ်လ ၂၁) ၊ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး အဲလစ် ဝေရီမူ အန်ဒါရီတူ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချဲလ် ဘက်ချလက်တ် (မတ် ၂၈) ၊ နိုင်ငံအကြီးအကဲဟောင်းများနှင့် ယခင်အကြီးတန်း၀န်ကြီးဟောင်း ၄၅ ဦးဖြင့် ဖွဲ့စည်းထားသော ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု ဖောင်‌ဒေးရှင်း (မတ်လ ၂၉) ၊ အာရှပစိဖိတ်ရှိ ရက်စက်ကြမ်းကြုတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ လူငယ်များ (မတ် ၂၅) ၊ ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ (အဆက်မပြတ်) နှင့် ကုလသမဂ္ဂ Holocaust အထိမ်းအမှတ်ပြတိုက်မှ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ Simon-Skjodt စင်တာမှ ဒါရိုက်တာ နာအိုမီ ကီကိုလာ (ဧပြီ ၁ ) တို့ ပါ၀င်သည်။

R2P စောင့်ကြည့်စစ်ဆေးမှုနှင့် ထောက်ခံအားပေးမှုကို ဦးဆောင်သော နယူးယော့ခ်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် ကာကွယ်စောင့်ရှောက်ရေး တာ၀န်၀တ္တရားဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ စင်တာ (GCR2P) က မတ်လ ၁၇ ရက်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။ “ကုလ လုံခြုံရေးကောင်စီအပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများနှင့် ကမ္ဘာတ၀န်းရှိ အစိုးရများအားလုံးအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ မေတ္တာရပ်ခံချက်များကို အလေးပေးဂရုပြုရန်နှင့် နောက်ထပ် လူသားတို့အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများဆိုင်ရာ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် မုချ လိုအပ်ပါသည်” ဟု ရေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မတီ (Sac-M) ကို မတ်လ ၁ ရက်က စတင်ထူထောင်ဖွဲ့စည်းစဥ် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟောင်းဖြစ်သလို ကော်မတီတွင် ပါ၀င်သူတစ်ဦးဖြစ်သည့် ယန်ဟီးလီက “ကျွန်မတို့ မြင်တွေ့နေရတာတွေက လုံခြုံရေးတပ်ဖွဲ့တွေက ကိုယ့်ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လူသားတို့အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဆိုတာ အဟုတ်ကို သေချာနေပါတယ်” ဟု ပြောခဲ့သည်။ အဆိုပါ ကော်မတီတွင် ယန်နှင့် အတူ ပူးပေါင်းပါ၀င်သူများမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အဖွဲ့၀င်ဟောင်းများဖြစ်သည့် မာဇူကီ ဒါရုစ်မန်းနှင့် ခရစ် ဆီဒိုတီတို့ ဖြစ်သည်။
လူသားတို့အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုတွေက ဘာတွေလဲ

လူသားတို့အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများသည် စစ်ဖြစ်နေချိန် သို့မဟုတ် ငြိမ်းချမ်းနေချိန်တွင် အရပ်သားများအပေါ် ဦးတည်သည့် ပျံ့နှံ့ဖြစ်ပေါ်သော သို့မဟုတ် စနစ်တကျဖြစ်သော နိုင်ငံမူ၀ါဒတစ်ခု၏ တစ်စိတ်တစ်ဒေသအဖြစ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ရာဇ၀တ်မှုများအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုသည်။

လူမျိုးတုန်းသတ်ဖြတ်မှု သို့မဟုတ် စစ်ရာဇ၀တ်မှုများနှင့် မတူသည်က လူသားတို့အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး ဥပဒေများကို စနစ်တကျ စီစဥ်ပေါင်းစုမှုကို ရည်ညွှန်းဖော်ပြသော နိုင်ငံအချင်းချင်းသဘောတူစာချုပ် မရှိခြင်းပင်ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရန် လက်ရှိ လုပ်ဆောင်နေဆဲ လုပ်ဆောင်မှုများ ရှိနေသည်။ တကယ်တမ်းတွင် ယင်းတို့၏ အဓိပ္ပါယ်သည် ဓလေ့ထုံးတမ်းနှင့် ညီ‌သော နိုင်ငံတကာ ဥပဒေ၏ တစ်စိတ်တစ်ဒေသအဖြစ် ပြောင်းလဲဖြစ်ပေါ်ခြင်း ဖြစ်သည်။ ယနေ့အချိန်ကာလတွင် လူသားတို့အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ အမှုကိစ္စများကို သက်ဆိုင်ရာ နိုင်ငံမှ ပါ၀င်ပတ်သက်သည့် တစ်ဦးတစ်ယောက်ချင်းစီ (အဖွဲ့အစည်းမဟုတ်) ကို စွဲဆိုပြီး ယင်းကို အိုင်စီစီက တရားရုံး၌ စုံစမ်းစစ်ဆေး ဆုံးဖြတ်သည်။

ဤ ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး ပြည့်စုံသော သို့မဟုတ် တိကျသော စာရင်းတစ်ခု မရှိပေ။ သို့ရာတွင် ရောမ ပြဋ္ဌာန်းဥပဒေစာချုပ်တွင် အမျိုးအစား ၁၁ ခုကို စာရင်းသွင်းထားပြီး အကျဥ်းချုပ်အားဖြင့် ယင်းတွင် လူသတ်မှု၊ မျိုးဖြုတ်ခြင်း၊ ကျွန်ပြုခြင်း ၊ ပြည်သူများကို နိုင်ငံမှ နှင်ထုတ်ခြင်း သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊ ထောင်သွင်းအကျဥ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ မည်သူမည်၀ါ ခွဲခြားရွေးထုတ်နိုင်သော အုပ်စုတစ်စုစုအပေါ် နှိပ်စက်ခြင်း၊ လူများကို အတင်းအဓမ္မ ဖမ်းဆီးပြီး ပျောက်ဆုံးသွားစေခြင်း၊ လူမျိုးရေးခွဲခြားမှုဆိုင်ရာ ရာဇ၀တ်မှုနှင့် ဆင်းရဲဒုက္ခ၊ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေသော အခြားသော လူမဆန်သည့် လုပ်ရပ်များ တို့ ပါ၀င်သည်။

လူသားတို့အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ‘ပျံ့နှံ့ဖြစ်ပေါ်’ သည်ဟု သက်သေပြရလိမ့်မည်ဖြစ်သည်။ ပြစ်မှုဆိုင်ရာ စစ်ဆေးစီရင် ဆုံးဖြတ်မှုများဆိုင်ရာ ကုလသမဂ္ဂ၏ယန္တရား ၀က်ဘ်ဆိုဒ်တွင် တင်ခဲ့သော ၂၀၀၇ ခုနှစ် ဥပဒေ မှတ်တမ်းတစ်ခုအရ ‘ပျံ့နှံ့ဖြစ်ပေါ်သော’ ကို ‘အကြီးအကျယ်နှင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်သော တိုက်ခိုက်မှု သဘောသဘာ၀နှင့် များပြားသော ကျူးလွန်ခံရသူ အရေအတွက်’ အဖြစ် ရည်ညွှန်းသည်။

‘စနစ်တကျ ရှိသော’ ကိုလည်း ‘အကြမ်းဖက်မှု လုပ်ရပ်များ၏ စနစ်ကျသည့် သဘောသဘာ၀နှင့် ယင်းတို့သည် အလျဥ်းသင့်သလို ကြုံရာကျပန်း ဖြစ်ပျက်မှု မဟုတ်နိုင်ခြင်း’ အဖြစ် တူညီသော မှတ်တမ်းက အဓိပ္ပါယ်ဖွင့်သည်။ ‘အလားတူသော ရာဇ၀တ်မှုကျူးလွန်မှုကို အမြဲပုံမှန်အားဖြင့် မတော်တဆတိုက်ဆိုင်မှုလို မဟုတ်ဘဲ ထပ်တလဲလဲ ဖြစ်ပွားမှုများ ဖြစ်သည့် ရာဇ၀တ်မှုများဆိုင်ရာ ပုံစံများသည် ယင်းကဲ့သို့သော စနစ်တကျရှိသော ဖြစ်ပျက်မှု၏ အခြေခံ ထုတ်ဖော်ချက်တစ်ခု ဖြစ်သည်’ ဟု ယင်းက ထပ်မံ ရှင်းလင်းသည်။

R2P ကို ကျင့်သုံးခြင်း

အီဗန်စ် တစ်ခါက ရေးခဲ့သလိုပင် R2P သည် ‘ဘာကိုမှ မလုပ်ခြင်းနှင့် စစ်သည်များ စေလွှတ်ခြင်း’ အကြားရှိ ကွက်လပ်ကို ဖြည့်ရန် ရည်ရွယ်သည်။ R2P သည် လက်နက်အသုံးပြု ကြား၀င်ခြင်းအတွက် အတိုကောက် မဟုတ်ဟု ဆိုသည့် မူလမြစ်ဖျားကနေတဆင့် R2P သည် ရှင်းလင်းထွက်ပေါ်ခဲ့သည်။

‘ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားသော စံ ပေတံ အများအပြားအတိုင်း ကိုက်ညီပြီး၊ လုံခြုံရေးကောင်စီ၏ အတည်ပြုချက် ရရှိပြီးနောက်ပိုင်း မဖြစ်မနေ စစ်ရေး ကြား၀င်မှုကို မလွဲဧကန် မတတ်သာ၍ နောက်ဆုံးလုပ်ရသည့် လုပ်ဆောင်ချက်တစ်ခုအဖြစ်သာ မိမိတို့ လက်ခံရလိမ့်မည်ဟု အီဗန်စ်က အလေးပေးပြောသည်။ R2P ၏ ရည်ရွယ်ချက်မှာ ဆုံးရှုံးနစ်နာမှု- အကျိုးဖြစ်ထွန်းမှု မျှခြေဟန်ချက်ဆိုင်ရာ အစိုးရများ၏ တွက်ချက်မှုများကို ပြောင်းလဲစေရေး ဖိအားပေးရန် ဖြစ်ကြောင်း အီဗန်စ်က ရှင်းပြခဲ့သည်။
အရေးယူဆောင်ရွက်ချက်ဆိုင်ရာ မူဘောင်တစ်ခု

မူမမှန်သော နိုင်ငံအစိုးရများ၏ ပြစ်မှုဆိုင်ရာ အပြုအမူလုပ်ဆောင်ချက်များကို ရပ်စဲစေရေးအတွက် လုံလောက်သော ဖိအားပေးရန်အလို့ငှာ နိုင်ငံတကာ နိုင်ငံရေးတွင် ရှိထားနှင့်ပြီးဖြစ်သည့် အစီအမံများကို အသုံးချခြင်းဆိုင်ရာ မူဘောင်တစ်ခုကို R2P က ပံ့ပိုးသည်။ အရေးယူလုပ်ဆောင်ချက်များမှာ  သဘောသဘာ၀အားဖြင့် စီးပွားရေးအရ (မက်လုံး ဆွဲဆောင်မှုများနှင့် အရေးယူပိတ်ဆို့မှုများ) ၊ သံတမန်ရေးအရ (အရေးယူဒဏ်ခတ်မှုများနှင့် သီးခြား တစ်ကိုယ်တည်း ဖြစ်စေခြင်း) ၊ ဥပဒေရေးအရ (ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်း၊ အိုင်စီစီသို့ လွှဲပြောင်ပေးမှုဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နှင့် နိုင်ငံရေးအရ (ဖျန်ဖြေခြင်း၊ အရေးယူဒဏ်ခတ်ခြင်းများ) တို့ ဖြစ်နိုင်သည်။ ဤ အရေးယူလုပ်ဆောင်ချက်အားလုံးသည် ကုလလုံခြုံရေးကောင်စီတွင် သုံးနိုင်သလို ကုလ ပဋိညာဥ် အခန်း ခုနစ်ကို ကိုးကားပြီးလည်း ပြဋ္ဌာန်းနိုင်သည်။

R2P တုံ့ပြန်မှုများတွင် ပါ၀င်သည့် သက်ဆိုင်ပါ၀င်သူများထဲတွင် မြန်မာအစိုးရ၊ စစ်အာဏာသိမ်းအုပ်စု၊ နှစ်ခုစလုံးရှိ အဓိကကျသည့် ပုဂ္ဂိုလ်များနှင့်အကြား နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ သိသာထင်ရှားသည့် ဆက်ဆံပတ်သက်မှု ရှိသည့် အဖွဲ့အစည်း၊ ကော်ပိုရေးရှင်း သို့မဟုတ် အင်စတီကျူးရှင်းတို့ ပါ၀င်သည်။ အစိုးရ၊ တပ်မတော်နှင့် အဓိကကျသည့် ပုဂ္ဂိုလ်များသည် ယနေ့အချိန်အခါတွင် လွန်ခဲ့သည့် ဆယ်နှစ်ကထက်ယှဥ်ပါက ပိုမို ပြည့်နှက်နေသော ဆက်ဆံရေး ကွန်ရက်တစ်ခုထဲ ပိတ်မိနေပြီး အတိတ်ကာလက ရှိခဲ့သည်ထက် ပိုမိုပြီး ဖိအားအသုံးပြုခြင်းအတွက် ပိုမိုတိုးမြင့်သည့် တွန်းအားကို ပံ့ပိုးပေးသည်။ အရေးယူလုပ်‌ဆောင်သော လုပ်ဆောင်ချက် အမျိုးအစားကို ဆက်ဆံပတ်သက်မှု၏ သဘောသဘာ၀ဖြင့် ဆုံးဖြတ်သည်။
ကုလ လုံခြုံရေးကောင်စီ (UNSC)  အပါအ၀င် ကုလသမဂ္ဂ ဖွဲ့စည်းပုံစနစ်သည် နိုင်ငံအစိုးရတစ်ခုမှ ပြည်သူများအပေါ် အကြမ်းဖက်မှုကို ရပ်စဲစေရေး ဖိအား ကျင့်သုံးနိုင်သည့် အရေးအပါဆုံး အဖွဲ့ဖြစ်သည်။ အခြားသော ကုလရုံးများ၊ အေဂျင်စီများ၊ ကော်မရှင်များ၊ သံတမန်များ၊ အထူးစုံစမ်းစစ်ဆေးရေးမှူးများ၊ တရားရုံးများနှင့် ယန္တရားများကလည်း UNSC အရေးယူဆောင်ရွက်မှုနှင့် အခြား အစီအမံများအတွက် ထောက်ခံအားပေးရာတွင် အရေးပါသော အခန်းကဏ္ဍများကနေ ပါ၀င်နိုင်သည်။ မြန်မာ၏ ဒေသဆိုင်ရာအဖွဲ့အစည်း ဖြစ်သည့် အာဆီယံသည် အစိုးရယန္တရားနှင့် အချင်းချင်းအကြား  နက်ရှိုင်းသော အချိတ်အဆက်ရှိမှုကြောင့် R2P လုပ်ငန်းစဥ်များတွင် အရေးပါသော အခန်းကဏ္ဍ၌ ရှိသည်။

ကမ္ဘာ့ဘဏ်အုပ်စု၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် အိန္ဒိယကဲ့သို့ မြန်မာနှင့် နှစ်နိုင်ငံအကြား အားကောင်းသည့် ဆက်ဆံရေး ရှိသည့် နိုင်ငံများနှင့် သတ္ထုတူးဖော်ရေး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု အပါအ၀င် အမျိုးမျိုးသော လုပ်ငန်းကဏ္ဍများရှိ နိုင်ငံစုံအခြေစိုက် ကော်ပိုရေးရှင်းများအနေဖြင့်လည်း ထပ်တိုးဖိအားပေးမှုများကို ကျင့်သုံးဆောင်ရွက်သည်။ အလားတူ ကာကွယ်စောင့်ရှောက်ရမည့် တာ၀န်၀တ္တရားဆိုင်ရာ ကမ္ဘာလုံးစင်တာ၊ Amnesty International နှင့် Human Rights Watch ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မြန်မာနှင့် လက်ရှိအရေးကိစ္စကို အာရုံစိုက်သူများ စသည့် ကမ္ဘာလုံးဆိုင်ရာ အားပေးမှု အဖွဲ့များသည် R2P တောင်းဆိုချက်များကို အသံကျယ်လောင်စေခြင်းနှင့် သင့်လျော်သည့် အရေးယူဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး အကြံပေးခြင်းဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ ပါ၀င်နိုင်သည်။

R2P အတွက် စိန်ခေါ်မှုများ

ကနဦးပိုင်းက ယင်းကို လက်ခံမှု အားကောင်းခဲ့သော်ြငား R2P သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ စိန်ခေါ်မှုတစ်ချို့နှင့် ရင်ဆိုင်နေရသည်။ ပထမတစ်ခုမှာ တုံ့ပြန်လုပ်ဆောင်မည့် သက်ဆိုင်ပါ၀င်သူများအတွက် အခြေခံသဘောတရားကို အရေးယူဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး မှန်ကန်တရားမျှတကြောင်း ပြသခြင်းနှင့် ဆော်သြစည်းရုံးခြင်းဆိုင်ရာ ယုံကြည်လောက်သော နည်းလမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံရလိမ့်မည်ဖြစ်သည်။ ကြွက်သားတစ်ခုကဲ့သို့ပင် ယင်းကို ခိုင်မာအားကောင်းသော (အမှန်စစ်စစ် ပုံမှန်ဖြစ်သော) နိုင်ငံတကာ ကျင့်သုံးလုပ်ဆောင်မှု အစိတ်အပိုင်းတစ်ခု ဖြစ်လာသည့်အခါ အသုံးပြုရလိမ့်မည်။

အားမရစရာ ကောင်းသည်မှာ နိုင်ငံအများအပြားက ကြား၀င်မစွက်ဖက်ရေးမူကို တရားသေ ဆက်လက်ကိုင်ဆွဲနေခြင်းကြောင့် R2P သည် ခုခံအတိုက်အခံပြုမှုနှင့် ကြုံတွေ့ထားခဲ့သည်။ ဥပမာအားဖြင့် အာရှနိုင်ငံအများအပြားသည် မည်သည့်အခါကမှ R2P ကို လေးလေးနက်နက် အာရုံစိုက်စိတ်၀င်စားခဲ့ခြင်းမရှိခြင်း ဖြစ်သည်။ အတိတ်ကာလအတွင်း အာဆီယံသည် R2P ကို အခြေပြုပြီး လုပ်ဆောင်ရန် စိတ်ဆန္ဒ အနည်းငယ်ကိုသာ ပြသထားခဲ့သည်။

ဒုတိယတစ်ခုမှာ ကင်ညာ (၂၀၀၇-၈) ၊ အိုင်ဗရီကို့စ် (၂၀၁၁) ၊ လစ်ဗျား (၂၀၁၁) ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ (၂၀၁၃ ) နှင့် ဆီးရီးယား (၂၀၀၁) တို့ အပါအ၀င် R2P အမည်ဖြင့် လုပ်ဆောင်ခဲ့သော နိုင်ငံတကာ အရေးယူလုပ်ဆောင်ချက်များသည် ဖုံးကွယ်ထားသော နိုင်ငံရေး လုပ်ငန်းစဥ်များဖြင့် စွန်းထဲလာခဲ့ခြင်း အပါအ၀င် အမျိုးမျိုးအဖုံဖုံ ရောနေသော ရလဒ်များ၊ တခါတရံ အငြင်းပွားဖွယ် ရလဒ်များ ရှိထားခဲ့သည်။ သို့ဖြစ်၍ အရေးယူလုပ်ဆောင်ချက်ဆိုင်ရာ အခြေခံတစ်ခုအဖြစ် R2P ၏ ဂုဏ်သတင်းသည် ယင်း၏ တောက်ပထင်ပေါ်မှု တစ်ချို့ကို ဆုံးရှုံးထားခဲ့ရသည်။

တတိယတစ်ခုမှာ R2P ကို အခြေခံပြီး ကာကွယ်စောင့်ရှောက်ရေးအတွက် တောင်းဆိုမှုတစ်ခု လုပ်ဆောင်ခြင်းက ချက်ချင်းဖြစ်ပြီး ကျေနပ်စရာကောင်းသော နိုင်ငံတကာတုံ့ပြန်မှုများကို အစပျိုးစေရန် လုံလောက်သည် ဆိုသည့် မျှော်လင့်ချက်တစ်ခု တစ်ခါတစ်ရံတွင် ရှိခြင်း ဖြစ်သည်။ ထို့ပြင် အရေးယူဆောင်ရွက်မှု မရှိခြင်းက ယေဘုယျအားဖြင့် နိုင်ငံရေး စိတ်ဆန္ဒတစ်ခု မရှိခြင်းအဖြစ် မှတ်ယူနိုင်သည်။ ကံမကောင်းစွာဖြင့် R2P သည် နိုင်ငံတကာ၏ အလိုအလျောက်ဖြစ်သော တုံ့ပြန်မှုတစ်ခု အခြေအနေသို့ မည်သည့်အခါမှ မရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အီဗန်စ် ရေးထားသည်က ‘နိုင်ငံရေး စိတ်ဆန္ဒသည် ပျောက်နေသည့် ပါ၀င်သည့် အရာတစ်ခု မဟုတ်ဘဲ ဖြစ်စဥ်တစ်ခုစီ၌ မိမိတို့အနေဖြင့် မှန်ကန်သော ဗီရိုအတွက် သော့ ရှိထားပြီးလား သို့မဟုတ် မှန်ကန်သော ကျောက်တုံးကို မ ရန် အခြေအနေ ပေးပြီလားဆိုသည်ကို သိရှိရန် စောင့်ဆိုင်းခြင်းပင် ဖြစ်သည်။ ယင်းကို ဖြစ်စဥ်တစ်ခုချင်းစီအလိုက်၊ အခြေအနေတစ်ခုပြီးတစ်ခုဖြင့် နာကျင်စွာ၊ ပင်ပန်းခက်ခဲစွာဖြင့် တည်ဆောက်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် ကြီးမားသော R2P ဆိုင်ရာ ကြည်လင်ပြတ်သားမှု ရှိသည်။

ဖြစ်နိုင်ခြေရှိသည်က R2P  အတွက် အရေးအကြီးဆုံး လုပ်ငန်းက လူအများအပြားကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် စု‌ဝေး၀ိုင်း၀န်း တောင်းဆိုမှုတစ်ခုအဖြစ်ပင် ဖြစ်သည်။ ယင်း၏ အဓိပ္ပါယ်ထဲတွင် ရှင်းလင်းပြီး ကျစ်လစ်ပြည့်စုံပြီး မမှားနိုင်သော အရာမှာ R2P သည် အားလုံးသော နိုင်ငံတကာ၊ နိုင်ငံဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ နှင့် ပြည်တွင်းဆိုင်ရာရှိ သက်ဆိုင်ပါ၀င်သူအားလုံးမှ တောင်းဆိုသော လိုအပ်သည့် အရေးယူဆောင်ရွက်မှု နေရာအနည်းငယ်နှင့် ဆက်နွယ်ပတ်သက်သည်။ ဤသည်တို့သည် အားကောင်းသော အက္ခရာနှင့် ဂဏန်းပါ စာလုံးသုံးခု ပင်ဖြစ်သည်။

ထို့နောက် တောင်းဆိုမှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းရှိ အများအပြားက ကြားသိပြီး ကျယ်လောင်စေသည်။ UNSC နှင့် ကျယ်ပြန့်သော နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ မက်ဆေ့ချ်တစ်ခုပေးသည့်အနေဖြင့် အီဗန်စ်က ‘မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စု၏ ဖြိုခွင်းဖိနှိပ်မှုများအပေါ် R2P အချိန်မီ တုံ့ပြန်လုပ်ဆောင်မှုတစ်ခုက လစ်ဗျားနှင့် ဆီးရီးယား ပဋိပက္ခများ၏ အစောပိုင်း အဆင့်များတွင် ဖြစ်ခဲ့သလိုများကဲ့သို့ အတိမ်းအစောင်းမခံဘဲ အရေးကြီးကြောင်း’ ပြောခဲ့သည်။

ပြည်သူများအတွက် အောင်မြင်မှုဆိုင်ရာ အလားအလာမျှော်လင့်ချက်များသည် အထက်တွင် ဖော်ပြခဲ့သည့် အစောပိုင်း R2P ဖြစ်စဥ်များထက် အတော်ပင် ပိုမို ကြီးမားသည်။ မြန်မာနိုင်ငံတွင် လူထုကြိုက်နှစ်သက်မှုဦးစားပေးအများစုစနစ်ဖြင့် တိုက်ရိုက်ရွေးကောက်ခံထားရသည့် အစိုးရတစ်ရပ် ရှိပြီး ယင်းသည် နိုင်ငံတကာ ထောက်ခံမှုကို သောင်းသောင်းဖြဖြ ရရှိထားသည်။ ပြည်သူများက ယင်းကို သက်၀င်လှုပ်ရှား အလုပ်လုပ်သည်ဟု ရှုမြင်ထားခဲ့ကြပြီး ယင်းကို နှစ်ကြိမ်တိုင်တိုင် မဲပေးရွေးချယ်ခဲ့ကြသည်။ ထို ရွေးကောက်ခံအစိုးရကို ဘယ်လောက်အထိ ပြန်လိုချင်နေသလဲဆိုသည်ကို ဆန္ဒထုတ်ဖော်ပြသလျက် ရှိသည်။ အလှည့်အပြောင်းဖြစ်မှုက ပြည်တွင်း၌ရော၊ ဒေသတွင်းမှာပါ တိုးတက်မှုကို ခြိမ်းခြောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly