နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၅ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၅ ဧပြီ ၂၀၂၁)
(Photos: : AFP - ဧပြီလ (၅)ရက်၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့တွင် အကြမ်းဖက်စစ်အာဏာရှင်အား အလိုမရှိကြောင်း ဆန္ဒပြနေသည့်မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• ရန်ကင်းမြို့နယ်၊ ဆရာစံလမ်း၊ ရွှေပုပ္ပါးအထူးကုဆေးခန်း အပေါ်ထပ်ရှိ  Now How ထိုင်းအလှကုန်ပစ္စည်းသိုလှောင်ခန်းနှင့် ရုံးခန်းတွင် နံနက် ၇ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နာရီဝက်ကျော် ကြာသည်အထိ မီးငြိမ်းသတ်ခဲ့ရသည်။

မည်သည့်အတွက်ကြောင့် မီးလောင်ရသည်ကိုမူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိသော်လည်း မီးလောင်မှုဖြစ် ပွားခဲ့သည့်နေရာမှ CCTV နှင့် Hard disk မရှိတော့ကြောင်းနှင့် ရုံးခန်းတွင်း ဝါယာကြိုးများမှာမူ အကောင်းပကတိ ရှိနေ သေးကြောင်း၊ အဆိုပါပစ္စည်းသိုလှောင်ခန်းမှာ ကိုဗစ်ဖြစ်ပွားစဉ်ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ကာ ပစ္စည်းထုတ်ယူချိန်များ တွင်သာ လူရှိကြောင်းလည်း နီးစပ်သူများထံမှ သိရသည်။

• အင်းစိန်၊ တောင်ဥက္ကလာပနှင့် စမ်းချောင်းမြို့နယ်တွင် မိုးရွာနေသည့်ကြားကပင် လူငယ်အချို့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် တော်လှန်ရေးသတင်းများ လူထုကြား ပျံ့နှံ့ရေး အတွက် မိုလိုတော့ဗ်နှင့် ပြည်သူ့အသံ စာစောင်များကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ဝေခြင်း၊ မိတ္တူဆွဲ၍ ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိသည်။

• မရမ်းကုန်းမြို့နယ်၊ ရပ်ကွက်တွင်းလမ်းများတွင် လူငယ်အင်အား ၅၀ ကျော်က ယနေ့ နံနက်ပိုင်း ၁၁ နာရီကျော်အချိန်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

• နံနက် ၁၁ နာရီကျော်က လှိုင်မြို့နယ်၊ အုတ်ကျင်းစျေးအနီး အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီဘက်မှ စစ်နှင့် ရဲ လက်နက် ကိုင်လုံခြုံရေးအင်အား ၁၀၀ နီးပါးဖြင့် တပ်စွဲထားသည်ဟု သိရသည်။

• ကော့မှူး ကျိုက်ထော် (စံပြ) ကျေးရွာဒေသခံများက မိုးရွာသွန်းနေသည့်ကြားမှပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရွာတွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကြည့်မြင်တိုင်တွင် အာဏာသိမ်းမှု အလိုမရှိကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့ မုန့်သပိတ်နှင့် အနီရောင်ကမ်ပိန်း Black Strike ပြုလုပ်ခဲ့သည်။

• မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်များတွင် မင်းအောင်လှိုင်စစ်အုပ်စုအား ကူညီနေသည့် တရုတ်နိုင်ငံအား ရှုံ့ချသည့်အနေဖြင့် လမ်းမကြီးများပေါ်တွင် တရုတ်နိုင်ငံအလံများ မီးရှို့၍ ကန့်ကွက်ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။

• ကမာရွတ်၊ လှည်းတန်းတွင်လည်း ပိတောက်ပန်းများ ကိုင်ဆောင်လျှက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကြောင်း လူငယ် ပျောက်ကြားသပိတ်ကို ယနေ့ နေလယ်ပိုင်းက ပြုလုပ်ခဲ့သည်။

• စမ်းချောင်း၊ ညောင်တုန်းလမ်း ဓမ္မာရုံတွင် နေ့လယ် ၂ နာရီခွဲအချိန်ခန့်က ဆေးပညာမိသားစုမှ လူငယ်များ ရှိနေစဉ် သတင်း ပေးတိုင်ကြားမှုများကြောင့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးရာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ရှစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ ထို့ပြင် ဓမ္မာရုံအတွင်း ထားရှိသည့် ဆေးဝါးပစ္စည်းများကိုလည်း သိမ်းယူသွားသည်။ ယင်း ကဲ့သို့ အဆောက်အဦနှင့် တိုက်များပေါ်ထိ ဝင်ရောက်ဖမ်းဆီးမှုများကို စမ်းချောင်းမြို့နယ်၌ နေ့စဉ်ရက်ဆက်ဆိုသလို စစ်ကောင်စီက လုပ်ဆောင်လျက် ရှိသည်။

• တက္ကသိုလ်ကျောင်းသားသမဂ္ဂများသို့ လိပ်မူ၍  ဖက်ဒရယ်ဒီမိုကရေစီပညာရေးအတွက် အသက်နှင့် ရင်း၍ အာမခံကြောင်းနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တွင် တင်ပြနိုင်ရေးကို ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ သွေးမကွဲဘဲ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်ကို တိုက်ကြရန်အတွက် ဝရမ်းထုတ်ခံထားရသည့် ဒေါက်တာဇော်ဝေစိုးက တွစ်တာလူမှုကွန်ရက်တွင် ယနေ့ နေ့လယ် ၃ နာရီခန့်က ရေးသားထားသည်။

• တောင်ဒဂုံ ၅၆ နှင့် ၁၀၆ ရပ်ကွက်များတွင် ညနေ ၄ နာရီကျော်ခန့်က စစ်ကားနှင့် အချုပ်ကားတစ်စီးဖြင့် စစ်ကောင်စီလက် နက်ကိုင်တပ်ဖွဲ့များ လာရောက်ကာ ရပ်ကွက်အုပ်ချုပ်ရေးရုံး လာဖွင့်သွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက အတည်ပြု ပြောဆိုသည်။ ထို့ပြင် စစ်ကောင်စီဘက်က ၅၃၊ ၅၄ နှင့် ၅၇ ရပ်ကွက်တွင်လည်း ရပ်ကွက်နေ လူ ၃၀ ဦးခန့်စီဖြင့် အုပ်ချုပ်ရေးအဖွဲ့ လာရောက်ဖွဲ့စည်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ ၁၀၆ ရပ်ကွက်တွင်ပင် ယနေ့နေ့လယ်ပိုင်းက ရပ်ကွက်နေအမျိုးသားနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီဘက်က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟုလည်း သိရသည်။

•  ၂၀ ရပ်ကွက် City Mart အနီးတွင် ပြည်သူများ ပြုလုပ်ထားခဲ့ သည့် အတားအဆီးများကိုလည်း လက်နက်ကိုင်အဖွဲ့အင်အား အနည်းငယ်က ကား ၁၀ စီးဖြင့် လာရောက်ဖယ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ရပ်ကွက်နေ မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး

• မိုးကုတ်မြို့တွင် နံနက်အစာပိုင်းတွင် ဆိုင်ကယ်အစီးရေ ၁၀၀ ခန့်ဖြင့် အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့ပြီး ဆိုင်ကယ်များဖြင် မြို့တွင်းလှည့်လည်ခြင်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် တော်လှန်ရေးတရား ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

• နံနက် ၈ နာရီခန့်က နန်းရှေ့စျေးအနီးတွင် စစ်ကားသုံးစီး၊ အင်အားအပြည့်ဖြင့် ချထားသည်ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

• ယမန်နေ့ညပိုင်းက အောင်သာယာရပ်ကွက်ဘက် မနော်ဟရီလမ်းပေါ်တွင် ည ၈ နာရီကျော်အချိန်ခန့်က စစ်ကောင်စီ လုံခြုံရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိကျန်ရစ် သေဆုံးခဲ့ပြီး ဆိုင်ကယ်ဖြင့် လွတ်မြောက်လာသည့် အမျိုးသားတစ်ဦးမှာ ဗိုက်တွင် ကျည်ဆန်ထိမှန်ခဲ့ပြီး ယနေ့နံနက်အစောပိုင်းကမှ ကျည်ဆံထုတ်ယူနိုင်ခဲ့ကြောင်း မန္တလေးသပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုသည်။

• စစ်ကောင်စီလုံခြုံရေးလက်နက်ကိုင်များမှာ ယနေ့ နံနက် ၉ နာရီကျော်ကတည်းက ၇၁ နှင့် ၂၉ လမ်းထောင့်တွင် အင်အားအနည်းငယ်ဖြင့် လမ်းသွားလမ်းလာနှင့် ဆိုင်ကယ်စီးလာသူများကို တားမြစ်ကာ ဖုန်းနှင့် ဆိုင်ကယ်တူးဘောက်စ်များကို စစ်ဆေးလျက်ရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။ ယင်းကဲ့သို့ စစ်ဆေးမှုများပြုလုပ်လာခြင်းမှာ သုံးရက်ဆက် တိုက်ရှိပြီဖြစ်ကာ ဖုန်းအတွင်း သပိတ်လှုပ်ရှားမှုနှင့် ပတ်သက်သည့် အထောက်အထားများတွေ့ပါက ဖမ်းဆီးပြီး အာမခံဖြင့် ပြန်လွှတ်ပေးသော်လည်း လေးဂွအပါအဝင် အခြားသောလက်နက်များ တွေ့ရှိပါက ဖမ်းဆီးက အိုးဘိုထောင်သို့ တိုက်ရိုက် ပို့မည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ထားသည်။

• မန္တလေးမြို့ပေါ်တွင် ယနေ့ နံနက်အစောပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင့်မှုအနေဖြင့် လူအင်အား ရာနှင့်ချီဆီပါဝင်သည့် ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် - ဗကသ နှင့် အထက (၇) မန်းကျောင်း သားဟောင်းများ သပိတ်စစ်ကြောင်းများ ပါဝင်သည့် ပူးပေါင်းသပိတ်စစ်ကြောင်းဖြင့်  မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ အဆိုပါ စုပေါင်းသပိတ်စစ်ကြောင်းတွင် ဒေါင်းစစ်သည်၊ ကျူရှင်ဆရာများနှင့် ရက်ကန်းလုပ် သား သပိတ်စစ်ကြောင်းများလည်းပူးပေါင်းပါဝင်ကြသည်။

• ရတနာပုံတက္ကသိုလ် ကျောင်းသား/သူ ၂၀၀ ကျော် ပါဝင်သည့် "မြန်မာနွေဦးတန်ခူးအကြို စစ်အာဏာရှင်တော်လှန်ရေး ပိတောက်သပိတ်စစ်ကြောင်း" မှာလည်း ယနေ့နံနက်ပိုင်းကပင် ပိတောက်ပန်းများ ကိုင်ဆောင်ကာ သင်္ကြန်ပန်းကုံးများ ဝတ်ဆင်လျက် စစ်အာဏာရှင်တော်လှန်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ စောင့်ကြည့်နေမှုများကြားကပင် လူအင်အား ရာနှင့်ချီပါဝင်သည့် မြတောင်သပိတ်စစ်ကြောင်းလည်း ယနေ့နံနက်ပိုင်း ထွက်လာခဲ့ပြီး ရပ်ကွက်တွင်းလမ်းများ သို့ပင် လှည့်လည်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ပြုလုပ်ခဲ့သည်။

• နံနက် ၁၀ နာရီခန့်က မနော်ဟရီနှင့် စိန်ပန်းဘက်တွင် ပြည်သူများ ပြုလုပ်ထားသည့် သဲအိတ်အကာအရံများကို စစ်ကောင် စီလက်နက်ကိုင်တပ်ဖွဲ့များဘက်မှ ဝင်ရောက်ဖယ်ရှားရာတွင် ထိတွေ့မှုအချို့ ဖြစ်ပွားခဲ့ပြီး စိန်ပန်းတွင် ပြည်သူတစ်ဦး ကျည်ဆံထိမှန်ခဲ့သည်ဟု မန္တလေးသပိတ်ကော်မတီ တာဝန်ရှိသူက နေ့လယ် ၃ နာရီခွဲခန့်တွင် အတည်ပြု ပြောဆိုသည်။

• နံနက် ၁၀ နာရီက မန္တလေး စက်မှုစုပေါင်းသပိတ်ကို ဆိုင်ကယ်နှင့် လူအင်အား ၁၀၀ ခန့်ဖြင့် ဆက်လက်ဆင်နွှဲခဲ့သည်။

• မြင်းခြံမြို့တွင် ယနေ့ နံနက်ပိုင်းက သံဃာ၊ ပညာရေးမိသားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာကျာင်းသားသမဂ္ဂအဖွဲ့ချုပ် - ဗကသနှင့် ပြည်သူအင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မြို့တွင်းလှည့်လည် လမ်းလျှောက်သပိတ် ပြုလုပ်ခဲ့သည်။ အဆိုပါသပိတ်တွင် စစ်ကောင်စီက ဝရမ်းထုတ်ခံထားရသူများလည်း ပါဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်

• လွိုင်ကော်၊ နောင်ယားရှိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ပုံမှန်အတိုင်း သပိတ်ဆင်နွှဲနေဆဲဖြစ်ပြီး လူအင်အား ၅၀ ခန့် ပါဝင်ခဲ့သည်။

• လွိုင်ကော်၊ ဒေါဥခူတွင် မိုးရွာနေသည့်ကြားမှပင် ကျောင်းသားနှင့် ပြည်သူ စုပေါင်းအင်အား ၁၀၀ ကျော်က အတားအဆီး များပြုလုပ်ကာ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကရင်ပြည်နယ်

• ဘုရားသုံးဆူမြို့တွင် လူအင်အား ၂၀၀ ကျော်ဖြင့် စစ်အာဏာရှင်ကျဆုံးရေးအတွက် လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူးအနောက်ခြမ်း ပြည်မြို့အဝင် မြို့ရှောင်လမ်းဆုံထိပ်တွင် လုံခြုံရေးတင်းကြပ်ထားပြီး ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသွားများအား ကားပေါ်မှ ဆင်းခိုင်း၍ မှတ်ပုံတင်ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

• ယမန်နေ့က ဝင်ရောက်စီးနင်းခံရသည့် ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမိုးကြီးကို စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ယူဆောင်သွားသည့် အသင်းသုံးယာဉ်များကို ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း ပြည်မြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။

• ပဲခူးမြို့ပေါ်တွင် မိုးရွာနေသည့် ကြားမှပင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ နှင့် ဒေသခံပြည်သူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်။

• ပဲခူး၊ ကညွတ်ကွင်းတွင် ပညာရေးမိသားစုများနှင့် ဒေသခံပြည်သူ ၅၀၀ ကျော် စုစည်း၍ စစ်အုပ်စု အလိုမရှိကြောင်းနှင့် CRPH ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကချင်ပြည်နယ်

• မိုးကောင်းတွင်  ယနေ့နံနက်ပိုင်းက ပညာရေးမိသားစုများနှင့် ဒေသခံလူအင်အား ၁၀၀ ကျော် ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက ကားများဖြင့် လိုက်လံဖြိုခွင်းခံခဲ့ရသော်လည်း ဖမ်းဆီးခံရသူများ မရှိဘဲ သပိတ်ကို လူစုခွဲနိုင်ခဲ့သည်။

• နံနက် ၉ နာရီခန့်က မြစ်ကြီးနား ပင်မသပိတ်စစ်ကြောင်း စတင်ရန် စံပြဘောလုံးကွင်းအနီး၌ လူစုနေစဉ် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက လာရောက်ဖြိုခွင်းမှုကြောင့် လူစုခွဲခဲ့ရပြီး မြို့ပေါ်အခြားနေရာများတွင် ပြန်လည်စုစည်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ဆက်လက်ပြုလုပ်နိုင်ခဲ့သည်။

• ကချင်လက်နက်ကိုင် KIO အား ထိုးစစ်ဆင်မည်ဟု စစ်ကောင်စီက ကြေညာထားပြီးနောက် ပြန်လည်တုံ့ပြန်သည့်အနေဖြင့် နမ္မတီးမြို့ခံ ပြည်သူများနှင့် ပညာရေးမိသားစု သပိတ်စစ်ကြောင်းတို့က "We Support KIA/KIO” စာတမ်းများပါ ကိုင်ဆောင်လျက် လူအင်အား ၅၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် ပျက်သုန်းရေး လမ်းလျှောက်လူထုလှုပ်ရှားမှုသပိတ်ကို ယနေ့ နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည်။ လက်ရှိတွင် KIA နှင့် စစ်ကောင်စီအကြား ထိတွေ့မှုများ ရက်ခြားဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။

• ဖားကန့် ဆိုင်းတောင်၊ ဆိပ်မူတွင် "ပြည်ထောင်စုဖွား တိုင်းရင်းသားများ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲ" ဗီနိုင်းနှင့် "We Support CRPH", "We need KIA", "We need R2P" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လူအင်အား ၁၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဖားကန့်၊ တာမခန်လူထုသပိတ်ကို လူအင်အား ရာနှင့်ချီ စုပေါင်း၍ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ် ကျဆုံရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုကြိုဆိုကြောင်း ကြွေးကြော်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ရေဦးတွင် ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူ ရာနှင့်ချီ စုပေါင်း၍ စစ်အာဏာရှင်စနစ် ကျဆုံရေး လမ်းလျှောက်သပိတ် ပြုလုပ်ခဲ့သည်။

• ယနေ့နံနက်ပိုင်းက အင်းတော် CDM ပညာရေးဝန်ထမ်းများ သပိတ် စတင်ချီတက်မည့် ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်း တံခါးဝတွင် စောင့်ဆိုင်းလျက် သပိတ်ချီတက်ခွင့် မရစေရန် စစ်ကောင်စီလက်နက် ကိုင်တပ်ဖွဲ့များက ပိတ်ဆို့ထားကြောင်း သိရသည်။ အင်းတော် ပညာရေးစစ်ကြောင်းသည် စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် နေ့စဉ် လမ်းပေါ် တက်ဆန္ဒဖော်ထုတ်နေသည့် သပိတ်စစ်ကြောင်းဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုမဖြစ်အောင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် စစ်ကြောင်းလည်း ဖြစ်သည်။

• မုံရွာ၊ အလုံဘိုးတော်နတ်နန်းရှေ့တွင် ဒေသခံအင်အား ရာနှင့်ချီ စုဝေး၍ ပန်းဆပ်ကပ်ခြင်းနှင့် စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည့်။ ယနေ့သည် အလုံဘိုးတော်နတ်နန်းတွင် ပန်းဆပ်ကပ်ကြလေ့ရှိသည့် နေ့ထူးနေ့မြတ် လည်း ပန်းဆပ်ကပ်မှုကို နှစ်စဉ်ပြုလုပ်ကြခြင်း ဖြစ်သည်။

• စစ်ကိုင်းမြို့ပေါ်တွင် ဒေသခံ ပြည်သူနှင့် ကျောင်းသား စုပေါင်း၍ အင်အား ၅၀၀ ကျော်ဖြင့် ရပ်ကွက်လမ်းတွင်းများ၌ လှည့်လည်ကာ စစ်အာဏာရှင်စနစ် ကျဆုံရေး လူထုသပိတ် ပြုလုပ်ခဲ့သည်။

• ကလေးမြို့ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူများက စစ်ကြောင်း ငါးကြောင်းခွဲ၍ စစ်အာဏာရှင်ဆန့်ကျင်မှု လူထုသပိတ်များ ပြုလုပ်ခဲ့ပြီး ယခင်ရက်များကမူ အထိုင်သပိတ်ပုံစံကိုသာ အဓိကထား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီဘက်မှ မြို့တွင်းကင်းလှည့်မှုများကို ယခင်ရက်များက တစ်ရက်လျှင် ငါးကြိမ်ခန့် ပြုလုပ်နေ သော်လည်း ယနေ့တွင် ညနေ ၃ နာရီခွဲအထိ တစ်ကြိမ်သာ ကင်းလှည့်သေးကြောင်း ကလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။

• ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာ တောင်သူလယ်သမား သပိတ်စစ်ကြောင်းနှင့် အခြားကျေးရွာများမှ ဒေသခံပြည်သူ ထေင်နှင့်ချီ စုပေါင်း၍ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

• မုံရွာ ချင်းတွင်းမြစ်အတွင်း ယနေ့နံနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း စက္ကူလှေသပိတ်ကို ပြုလုပ်ခဲ့ပြီး "တိုက်ပွဲရှိလျှင် အောင်ပွဲရှိမည်"၊ "အရေးတော်ပုံ အောင်ရမည်" စသည့် စာတန်းများ ပါသည့် ရောင်စုံစက္ကူလှေများကို မြစ်အတွင်းသို့ လွှတ်ခဲ့ကြသည်။

• စစ်ကိုင်း၊ ကျွန်းလှတွင် ဆိုင်ကယ်စီးရေ ၂၀၀ ကျော်ဖြင့် စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ပင်လယ်ဘူးသပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းမှုကြောင့် အသက် ၂၅ နှစ်အရွယ် တနွင်းကုန်းရွာသား တစ်ဦး ကျဆုံးကာ ကျည်ဆံထိမှန်သူ ၄ ဦးထိရှိကြောင်း ကနဦးသတင်းများအရ သိရသည်။ ထို့ပြင် အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးခံထားရသည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီး

• ပခုက္ကူ၊ ကံမတွင် ယနေ့နံနက်ပိုင်းက သံဃာတော်များ ဦးဆောင်၍ ကျောင်းသားနှင့် ပြည်သူအင်အား ရာနှင့်ချီ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူထုသပိတ် ဆင်နွှဲခဲ့သည်။

ချင်းပြည်နယ်

• မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ မြေကွက်လပ်တွင် ရောင်စုံစက္ကူများဖြင့် စစ်အာဏာရှင် ကျဆုံရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး စသည့် စာများ ရေးသားထားသည်။

ရှမ်းပြည်နယ်

• တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဘီယာဘူးများပေါ်တွင် Easter Egg များ တင်ထားသည့် အီစတာဘီယာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ကျောက်မဲမြို့တွင် ဆိုင်ကယ်စီးရေ ၂၀၀ ခန့် စုပေါင်း၍ မြို့တွင်းလှည့်လည်ကာ စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မွန်ပြည်နယ်

• မော်လမြိုင်တွင် လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး "မော်လမြိုင်လူငယ် ပစ်တိုင်းထောင်" သပိတ်ကို ပြုလုပ်ခဲ့သည်။

• မော်လမြိုင် ဖားအောက်တောရ (ပင်မ) ကျောင်း အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြင့်မှာ စစ်ကောင်စီနဲ့ လက်တွဲ၍ ကျောင်းတိုက် အတွင်း ကိုဗစ်ကာကွယ်ဆေးရန် ခေါ်ဆောင်ခြင်း၊ စစ်အုပ်စုက ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းပွဲကို ကျောင်းတိုက်သံဃာတော်များ လက်မခံသည့်ကြားမှ အခမ်းအနားပြုလုပ်ရန် ပြင်ဆင်ပေးခြင်းတို့ကြောင့် အသင်းဝင်အဖြစ်မှ ရာသက်ပန် ထုတ်ပယ်လိုက်သည်။ ထို့ပြင် စစ်ကောင်စီအာဘော် သတင်းဌာနများတွင် ကျောင်းတိုက်နှင့် ပတ်သက်သည့် ပုံရိပ်များ ပါလာပါကလည်း ဦးဝင်းမြင့်၏ လုပ်ဆောင်ချက်သပ်သပ်သာ ဖြစ်ကြောင်းလည်း ကြေညာထားသည်။

• စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူ များနှင့် ဖမ်းဆီးခံထားရသူများအား လေးစားသည့်အနေဖြင့် စစ်ကောင်စီက ကျင်းပမည့် အတာသင်္ကြန်ပွဲတွင် ပါဝင်ခြင်း မပြုကြရန် မော်လမြိုင်လူငယ်များက နှိုးဆော်ထားသည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊ အင်ဂျင်နီယာနှင့် ပညာရေးသပိတ်စစ်ကြောင်း၊ ဒေသခံလူငယ် စုစုပေါင်း ရာနှင့်ချီ၍ စုစည်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

• မြိတ်မြို့တွင် အာဏာသိမ်းမှု ချက်ချင်းရပ်ပေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ စာတန်းများ ကိုင်ဆောင်လျက် လူငယ်အချို့က ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

ဧပြီ ၅ သုံးသပ်ချက်

.• ရန်ကုန်တွင် ပြောက်ကျား သပိတ်နှင့် မန္တလေးတို့တွင် သပိတ်စစ်ကြောင်းကြီးများ အားကောင်းနေဆဲ ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှလည်း ရပ်ကွက်အုပ်ချုပ်ရေး ရယူနိုင်ရန်အတွက် နည်းမျိုးစုံ လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် ဒလံထား သတင်းထောက်လှမ်းမှုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေပြီး သပိတ်ဖြိုခွင်းခြင်းထက် သတင်းရထားသူများအား ဖမ်းဆီးခြင်းကို ပိုမိုလုပ်ဆောင်လျက် ရှိသည်။

• ရန်ကုန်မြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မီးလောင်မှုဖြစ်သည်နှင့် လက်နက်ကိုင် ရဲနှင့် တပ်များ ရောက်ရှိနေကြပြီး ဖြစ်သည်ကို တွေ့နေရသည်။

• နေ့လယ်ပိုင်း ဖမ်းဆီးမှုများကို ရန်ကုန်မြို့ စမ်းချောင်းနှင့် တာမွေမြို့နယ်တို့တွင် နေ့စဉ်ဆိုသလို လုပ်ဆောင်နေပြီး နေ့စဉ် ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။

• နယ်မြို့များတွင် မြို့ပေါ်တွင်သာမက ဆက်စပ်နေသည့် ကျေးရွာများအထိ ပုံစံမျိုးစုံသော သပိတ်များ ဆက်တိုက်အား ကောင်းလျက်ရှိပြီး ခုခံအားကောင်းသည့် မြို့များတွင် နံနက်နှင့် ညနေပိုင်းထက် ညပိုင်းများတွင် ဝင်ရောက်ပစ်ခတ်ခြင်းမျိုးကို လုပ်ဆောင်လျက် ရှိသည်။ ပစ်ခတ်မှုများရှိသည့် နေရာအချို့တွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေသာ်လည်း စစ်ကောင်စီဘက်ကမူ ဝန်ခံခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly