ဖြစ်ချင်တာ ရှာကြံတွေး

By ဇေယျာအုန်း
05 April 2021
ဖြစ်ချင်တာ ရှာကြံတွေး

ဧပြီ ၅ရက်

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာ ၆၂ ရက်တောင် ရှိသွားပြီ။ အချိန် ၂ လကျော် အတွင်းမှာ နဂိုကတည်းက ဆင်းရဲပြီးဖွံ့ဖြိုးတိုးတက်မှုမရှိလှတဲ့ မြန်မာနိုင်ငံဟာ အခုဆို နိုင်ငံပျက်ကြီးဘ၀ ကို ရောက်သွားခဲ့ရပြီ။ စကားပြောမိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ရှေ့မီနောက်မီ၊ ကမ္ဘာပတ်ဖူးတဲ့ လူကြီး တယောက်ကတော့ အခုက လက်ဘနွန်လိုဖြစ်နေတယ်၊ နောက်ဆို ဆီးရီးယားလို ဖြစ်သွားနိုင်တယ်တဲ့။ သူ ငယ်ချင်းတယောက်ကတော့ ဈေးသွားဝယ်ပြီး အိမ်ကို မထိမခိုက် ပြန်ရောက်တယ်ဆိုရင်တောင် ဒီနေ့ကံ ကောင်းတယ်လို့ မှတ်တယ်တဲ့။

၁၉၈၈ တုန်းကတော့ အာဏာသိမ်းတဲ့စစ်တပ်က ဆန္ဒပြတဲ့လူတချို့ကို ပစ်တယ်။ သူတို့ကို ဦးတည်တိုက်ခိုက် နိုင်တဲ့လူတွေကို ပစ်တယ်။ ဒါပေမယ့် ကျောပေးပြီး ထွက်ပြေးတဲ့လူကို၊ ဆိုင်ကယ်ပေါ်ကလူကို၊  ကလေးသူ ငယ်တွေကို မုဆိုးသားကောင်ပစ်သလို ဒူထောက်ထိုင်ပြီး စိန်ပြေနပြေပစ်တာမျိုး မတွေ့ခဲ့ရဘူး။ အိမ်တွေ ပေါ်တက်ဖမ်းပြီး နောက်နေ့အလောင်းပြန်လာထုတ်ပါမျိုးလဲ မကြားခဲ့ရဘူး။ ဆိုင်တွေဆီက လုစားတာတို့၊ ရပ်ထားတဲ့ကားတွေကို ဖျက်လိုဖျက်စီးလုပ်သွားတာတို့ မရှိခဲ့ဘူးလိုပဲ။ အခုကတော့ အဲဒါတွေ အကုန်ဖြစ် လာတယ်။ လူ့အသိုင်းအဝိုင်းက တဖြည်းဖြည်းယဉ်ကျေးလာတယ်။ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို တဖြည်းဖြည်းရှောင်ကျဉ်လာကြတယ်။ မြန်မာပြည်မှာတော့ ၁၉၈၈ က စစ်အာဏာရှင်တွေ မလုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ၂၀၂၁ စစ်အာဏာရှင်တွေက အကြီးအကျယ်ကျုးလွန်လာတယ်။ ၁၉၈၈တုန်း က ဦးနေဝင်းရဲ့ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးဆိုတာကို မိုက်ရိုင်းလှပြီလို့ ထင်ခဲ့တာ ၂၀၂၁ စစ်အာ ဏာရှင်တွေက မိုက်ရိုင်းရက်စက်မှု စံချိန်ကိုထပ်ချိုးသွားတယ်။ နိုင်ငံပိုင်တီဗီမှာ နောက်စေ့နဲ့နောက်ကျောကို ဖောက်မယ့်အန္တရယ်ကို ရှေ့ကိုမရှုမလှသေခဲ့ရတဲ့လူတွေကို ကြည့်ပြီး သင်ခန်းစာယူပါလို့ လူထုကို ပေါ်ပေါ် တင်တင်ခြိမ်းခြောက်တယ်ဆိုတာ ၂၀၂၁ မှာ မြန်မာစစ်အာဏာရှင်ပဲ ရှိမယ်ထင်တယ်။

အာဏာသိမ်းခါစက နီကရာဂွါနိုင်ငံက သူငယ်ချင်းတယောက်က မေးသလိုပဲ။ ဒီခေတ်ကြီးမှာ အာဏာသိမ်း တဲ့လူ ရှိသေးလာကွာတဲ့။ သူဆိုလိုတာက အာဏာသိမ်းတယ်ဆိုတာက အတိတ်မှာ ကျန်ခဲ့ပြီ။ ဒီဖက်ပိုင်းမှာ အာဏာသိမ်းမယ့်အစား တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အဖြေရှာဖို့ကြိုးစားလာကြတယ်ပေါ့။ မြန်မာပြည်ကတော့ ခေတ်နောက်ပြန်ဆွဲပြီး ၂၀၂၁ မှာ ဘာမပြောညာမပြောနဲ့ အာဏာကောက်သိမ်းချလိုက်တယ်။

မြန်မာပြည်အထက်ပိုင်းက မိတ်ဆွေတယောက်နဲ့ စကားပြောဖြစ်တယ်။ သူက သက်စွန့်ဆန်ဖျား ဒီမိုကရေ စီပြန်လည်ရရှိရေးအတွက် လှုပ်ရှားဆန္ဒပြနေပေမယ့် သူ့အဖေက သူနဲ့ သဘောထားချင်းမတိုက်ဆိုင်ဘူးတဲ့။ သူ့အဖေက စစ်တပ်နဲ့ စစ်အာဏာသိမ်းမှုကို ကြိုက်လှတာမဟုတ်ပေမယ့် အမျိုး၊ ဘာသာ၊ သာသနာကို အရပ်သားအစိုးရထက် စစ်အစိုးရက ပိုထိန်သိမ်းစောင့်ရှောက်နိုင်လိမ့်မယ်လို့ ထင်ပြီး မျက်စိမှိတ်ပြီး ထောက်ခံနေတာတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျောင်းနေဖက်သူငယ်ချင်းတယောက်က ဒီရက်ပိုင်း လူမှုကွန် ယက်မှာ ဒေါကြီးမောကြီးနဲ့ အာဏာသိမ်းမှုကို မခံမရပ်နိုင်ဖြစ်နေသူတွေက လူကောင်းတွေဖြစ်ပြီး ဘုရားစာ တွေ၊ တရားစာတွေ စွတ်တင်နေတဲ့လူတွေက သိပ်မယုံရတဲ့လူတွေဖြစ်တယ်လို့ ရေးထားတာဖတ်လိုက်ရ တယ်။ နိုင်ငံတကာမှာတော့ စစ်တပ်ဆိုတာ ဘာသာရေးနဲ့အတော်ကို ကင်းလွတ်တယ်။ စစ်တပ်မှာ စစ်စည်း ကမ်းပဲရှိတယ်။ ဘာသာရေးဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စသက်သက်သာဖြစ်တယ်လို့ ခံယူထားကြတယ်။ မြန်မာပြည်မှာတော့ စစ်အစိုးရနဲ့ အမျိုး၊ ဘာသာ၊ သာသနာနဲ့က သိပ်ရောထွေးလွန်းတယ်။ လူမျိုးရေးနဲ့ ဘာ သာရေးကို အခြေခံလွန်းသူတွေအတွက်က စစ်အစိုးရက လူမျိုးနဲ့ ဘာသာကို စောင့်ရှောက်သူဖြစ်ပြီးတော့ အရပ်သားအစိုးရကတော့ ဒီမိုကရေစီကျကျ လွတ်လွတ်လပ်လပ်နဲ့ အုပ်ချုပ်လိုက်ရင် ပွင့်လင်းလူ့ဘောင်မှာ အမျိုး၊ ဘာသာ၊ သာသနာအတွက် နေရာမကျန်တော့မှာ လန့်နေကြတယ်။

အမေရိကန်သူငယ်ချင်းတယောက်ကတော့ အရိုးခံစိတ်နဲ့ မေးတယ်။ ဘာသာရေးနဲ့ စစ်တပ်နဲ့က နွယ်နေတာ ကောင်းတာပေါ့တဲ့။ ဗုဒ္ဓက လူသတ်တာကို ကြိုက်တာမှ မဟုတ်တာတဲ့။ ဗုဒ္ဓမြတ်စွာဘုရားကတော့ လူသတ် တာမကြိုက်ပေမယ့် ဗုဒ္ဓဘာသာဝင်ဗိုလ်ချုပ်ကြီးတွေကတော့ သတ်တာမှ လူငယ်၊ လူကြီး၊ တိုင်းရင်းသား၊ ဘာသာတူ၊ ဘာသာခြား၊ ကလေး၊ အမျိုးသမီးမကျန်ပဲလို့ ပြန်ပြောတော့ အံ့ဩနေတယ်။ မြန်မာပြည်မှာ ကက်သလစ်သာသာနာပိုင် ပုပ်ရဟန်းမင်းကြီးလိုနေရာမှာရှိတဲ့ ဝါစဉ်ကြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက ဗိုလ်ချုပ်ကြီးတွေကို မတားဘူးလားဆိုတဲ့ မေးခွန်းမျိုးကိုတော့ ဘယ်လိုပြန်ဖြေရမှန်း မသိဘူး။ ဟိုးအရင် တုန်းကတော့ ကက်သလစ် ခရစ်ယာန်ဂိုဏ်းမှာ excommunicate ဆိုပြီး သာသာနာပိုင် ပုပ်ရဟန်းမင်း  ကြီးက ခရစ်ယာန်ဘာသာရေးက နေ ထုတ်ပယ်ပစ်လိုက်တာမျိုး ရှိတယ်။ ဗုဒ္ဓဘာသာမှာ ကက်သလစ်ခ ရစ်ယာန်ဘာသာလိုမျိုး သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဆိုတာ မရှိပေမယ့် မြန်မာပြည်မှာ လူသတ်သမား  စစ်သားတွေကို ဗုဒ္ဓဘာသာဝင်အ ဖြစ်ကနေ ထုတ်ပယ်ကြောင်း ကြေငြာချက်မျိုးကို ဝါစဉ်ကြီး၊ နာမည်ကြီး ဘွဲ့ထူးဂုဏ်ထူးဆောင် ဆရာတော်ဘုရား ကြီးများက ထုတ်ပြန်နိုင်ရင် သိပ်ကောင်း မှာပဲဆိုတာကိုတော့ တမ်းတမိတယ်။ အနည်းဆုံးတော့ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ စိတ်ပိုင်းဆိုင်ရာအရ အတော်အထိနာ သွားနိုင်သလို သူတို့ကို ဘာသာရေးနဲ့နှီးနွယ်ပြီး မျက်စိစုံမှိတ်ထောက်ခံနေသူတွေလဲ ဆရာတော်ဘုရားများ ကိုယ်တိုင် ထုတ်ပြောလာပြီဆိုတော့ ထောက်ခံမှုတွေ ရုတ်သိမ်းသွားနိုင်တယ်။

၁၉၈၆ က ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်ဖာဒီနန်မားကို့စ်ပြုတ်ကျ သွားအောင် လူထုကို ဦးဆောင်ခဲ့တဲ့ မနီလာသာသနာပိုင် ကက်သလစ်ဘုန်းတော်ကြီး ဂျေမီဆင်းကို သတိရမိလို့ ဖြစ်ချင်တာကို ရှာကြံတွေး ကြည့်တာပါ။ ကက်သလစ်ဘာသာဝင်တွေများတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ မနီလာရဲ့ သာ သနာပိုင်ဘုန်းတော်ကြီးကိုယ်တိုင်က လူထုရှေ့က ရပ်ပေးတယ်ဆိုတော့ စစ်သားတချို့က အာဏာရှင်ဆန့် ကျင်တဲ့ လူထုဖက်ကို ကူးပြောင်းပါဝင်ခဲ့တယ်။

ရုံးမတက်ရေးလှုပ်ရှားနေသူတဦးက တင်လိုက်တဲ့ပို့စ်တခုမှာဆို နေထိုင်ဖို့ ကူညီရှာဖွေ ပေးတဲ့အခါမှာတောင် ဗမာရပ်ကွက် (ဘာသာခြားမပါ) ဆိုတာ တွေ့လိုက်ရတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး အတွက် အသက် ပေးသွားတဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေကို မျက်နှာပူအားနာမိတယ်။ စစ်အာဏာ ရှင်ဆန့်ကျင်သူတွေမှာတောင် အဲလိုအတွေးအခေါ်မျိုးတွေ ရှိနေမယ်ဆို ရင်တော့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်သူအဖြစ် ကိုယ့်ကိုယ်ကိုဖန်တီးပုံဖေါ်ထားတဲ့ စစ်ဗိုလ်ချုပ် ကြီးတွေက မြိန့်မြိန့်ကြီးပြုံးကြည့်နေကြလိမ့်မယ်။ ပြိုင်တူတွန်းလို့ ရွေ့ချင်တယ်ဆိုရင်တော့ အဲလိုကျဉ်းမြောင်းတဲ့အမြင် တွေကို ပြင်ဖို့လိုတယ်။ ဒီလိုပြင်ထားမှလဲ စစ်အုပ်ချုပ်ရေးအလွန် ဖက်ဒရယ်စနစ်ကူးပြောင်းတဲ့အခါကျရင် အဆင်ပြေမှာဖြစ်တယ်။ နောက်မို့ဆို ကိုယ်နဲ့အတော်ရင်းနှီးတဲ့ ခရီးသွားလုပ်ငန်းရှင်တယောက် ပြောသလို ဖြစ်နေမယ်။ ဖက်ဒရယ်စနစ်မှာ ဗမာလူမျိုးနဲ့ မြေပြန့်ဒေသအတွက် အဆိုးအကောင်း ဘယ်လိုမြင် လဲဆိုတော့ ဘာမှန်းကိုမသိပါဘူးဟယ်တဲ့။ စစ်အာဏာရှင်ကို ဒီနည်းနဲ့တိုက်လို့ အဆင်ပြေမယ်ဆိုရင်လဲ ဒီနည်းပေါ့တဲ့။ ကျန်တာတွေကတော့ နောင်ခါလာ၊ နောင်ခါဈေးပေါ့တဲ့။ လွတ်လပ်ရေးရပြီးကတည်းက နောင်ခါလာ၊ နောင်ခါဈေးတွေကြောင့် အတော်ဒုက္ခရောက်ခဲ့ပြီးပါပြီ။ နောက်တခေါက် ထပ်ပြီး နောင်ခါလာ၊ နောင်ခါဈေးတော့ မဖြစ်ပါရစေနဲ့တော့။

(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှ လူမှုဖူလုံရေးဝန်ထမ်းတဦးဖြစ်သည်။ University of California တွင် သတင်းစာပညာကို လေ့လာခဲ့ပြီး University of San Francisco မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဘာသာရေး၊ လူမျိုးရေး နှင့် နိုင်ငံရေး သုံးပွင့်ဆိုင်ဆက်နွယ်မှုကို အထူးစိတ်ဝင်စားပြီး အာရှတိုက်နှင့် အနောက်နိုင်ငံများ၏ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ဦးစားပေးမူဝါဒများ affirmative actions ကို စောင့်ကြည့်လေ့လာသူတဦးလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly