နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၄ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၄ ဧပြီ ၂၀၂၁)
(Photos: : AFP - ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့်ဆန္ဒပြပွဲတစ်ခု၏မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• ဖမ်းဝရမ်းထုတ်ခံထားရသည့် သရုပ်ဆောင် ရဲတိုက် ဖမ်းဆီးခံရမှုမှာ မှန်ကန်ပြီး ဘုရင့်နောင်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်ပုဒ်မဖြင့် တရားစွဲထားသည်ဟု သိရသည်။ ၎င်းအား လသာမြို့နယ်ရဲစခန်းတွင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး လူသိများသည့် သရုပ်ဆောင် ၂၀ ကျော်ကိုလည်း ဝရမ်းထုတ် အမှုဖွင့်ထားသည်။

• စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။ မီးလောင်မှုကြောင့် အနီးရှိ ကျောင်းနှင့် အိမ်အချို့ မီးစွဲခဲ့သော်လည်း အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ချိန်မှာ မာရှယ်လောထုတ်ထားသည့် အချိန်လည်း ဖြစ်သည်။

• တောင်ဥက္ကလာပမြို့နယ်အတွင်း လူငယ်များ စုပေါင်း၍ စစ်အုပ်စုဆန့်ကျင်ကြောင်းနှင့် CRPH ကို ထောက်ခံကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• အင်းစိန်၊ ဖော့ကန်တွင် ပြည်သူ့စစ်သည် ရှေ့သို့ချီ ဆိုင်းဘုတ်ကို ရှေ့တန်းမှ ကိုင်ဆောင်လျက် စစ်အာဏာရှင် ပြုတ်ကျရေးနှင့် လူထုပေးထားသည့် မဲများကို လေးစားရန် ဟူသည့် ဆိုင်းဘုတ်များထောင်ကာ လူအင်အား ၁၀၀ ကျော်ဖြင့် သပိတ်ဆင်နွှဲခဲ့သည်။

• နွေဦးတော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး Easter Egg ကမ်ပိန်းလှုပ်ရှားမှုကိုကို ကျောက်တံတား၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဗဟန်း စသည့် မြို့နယ်များတွင် ပြုလုပ်ခဲ့သည်။

• ကမာရွတ်မြို့နယ်တွင် မြန်မာ့အရေးအတွက် ကုလသမဂ္ဂ၌ ဆောင်ရွက်နေမှုမှန်သမျှအား တရုတ်နိုင်ငံက ပိတ်ပင်နေမှုကို ပေါ်လွင်စေရန်အတွက် နဖူးတွင် ကုလအလံတပ်ထားပြီး တရုတ်အလံမှ ပါးစပ်ပိတ်ထားသည့်ပုံပါသော မျက်နှာဖုံးများ တပ်ဆင်၍ ဆန္ဒထုတ်ဖော်ပြခဲ့ကြသည်။

• တာမွေ၊ ကျောက်မြောင်းတွင် ယနေ့ နေ့လယ် ၁ နာရီကျော်က စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက ရပ်ကွက်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူငယ် ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။ မနေ့ကလည်း ရပ်ကွက်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးဖမ်းဆီးမှုများ ရှိခဲ့ပြီး အချို့အိမ်များတွင် ဖုန်းများအား သိမ်းဆည်းသွားခဲ့သည်။

• လက်နက်ကြီးများဖြင့် ဖြိုခွင်းခံရပြီးနောက် သပိတ်ပြန်လည် မစတင်နိုင်သေးသည့် တောင်ဒဂုံမြို့နယ်တွင် နေ့သပိတ်များ နည်းပါးသွားသော်လည်း ညသပိတ်များရှိနေဆဲဖြစ်ကာ စစ်ကောင်စီလက်နက်ကိုင်များဘက်မှ သပိတ်တွင် ပါဝင်သူများကို ညပိုင်းများတွင် လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေကြောင်း ဒေသခံများက ပြောသည်။

• ရန်ကုန်မြို့ ရပ်ကွက်အချို့ရှိ အုပ်ချုပ်ရေးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စစ်ကောင်စီလက်နက်ကိုင်တပ်များက လုံခြုံရေးယူထားမှုများ ရှိနေပြီး ဖမ်းဆီးမှုများကိုလည်း ရက်ဆက်ဆိုသလို တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။
မန္တလေးတိုင်းဒေသကြီး

• မြင်းခြံမြို့တွင် ယနေ့ နံနက်ပိုင်းက သံဃာ၊ ပညာရေးမိသားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာကျာင်းသားသမဂ္ဂအဖွဲ့ချုပ် - ဗကသနှင့် ပြည်သူအင်အား ၅၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လမ်းလျှောက်သပိတ် ပြုလုပ်ခဲ့သည်။

• မန္တလေးမြို့ပေါ်၌ ဆေးပညာမိသားစု၊ ပညာရေးမိသားစု၊ တကသ သမဂ္ဂကျောင်းသားများစစ်ကြောင်းနှင့် အရပ်ဖက်အဖွဲ့အ စည်းများသပိတ်စစ်ကြောင်း လေးခု ပူးပေါင်း၍ လူအင်အား ထောင်နှင့်ချီ၍ စစ်အစိုးရ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ကွန်ပျူတာ၊ စီးပွားရေးနှင့် အင်ဂျင်နီယာမိသားစုများ စုပေါင်း၍လည်း လူအင်အား သောင်းနှင့်ချီ၍ နွေဦးတော်လှန်ရေး စစ်အာဏာရှင်ဆန့်ကျင်ခြင်း စုပေါင်းသပိတ်ကို အာရုံဦးနှင့် နံနက် ၁၀ နာရီခန့်တွင် နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ အဆိုပါ စုပေါင်းသပိတ်အား စစ်ကောင်စီလုံခြုံရေးတပ်များက အသံဗုံးပစ် ဖြိုခွင်းခြင်း၊ ဖြတ်သန်းသွားလာသည့်သူများ ဖမ်းဆီး စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ဆေးမိသားစုဘက်မှ တစ်ဦးနှင့် ဒေသခံ လေးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးမြို့ သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုသည်။ ဖမ်းဆီးခံရသူများကို နေ့လယ် ၃ နာရီတွင် မိသားစုများ အာမခံဖြင့် ထုတ်နိုင်ကြောင်းကိုလည်း စစ်ကောင်စီဘက်မှ ကြေညာထားသည်ဟုလည်း သိရသည်။  

• တားဆီးပိတ်ဆို့မှုနှင့် ပစ်ခတ်မှုများ ရှိသော်လည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင် ကျဆုံးရေး ၅၅ ရက်မြောက် လှုပ်ရှားမှုအဖြစ် သံဃာတော်နှင့် ဒေသခံပြည်သူအင်အား ရာနဲ့ချီ စုပေါင်းထားသည့် မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

• ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းများတွင် မနော်ဟရီနှင့် မန္တလေးတက္ကသိုလ်ဘက်တွင် ယခင်ရက်များနှင့်မတူဘဲ စစ်ဝတ်စုံ ဝတ်လက်နက်ကိုင်များ ပိုမိုချထားသည်ဟု မျက်မြင်တွေ့ခဲ့သူ မန္တလေးဒေသခံတစ်ဦးက နေ့လယ် ၃:၁၅ နာရီတွင် အတည် ပြု ပြောဆိုသည်။ ထို့ပြင် အရပ်ဝတ် လက်နက်ကိုင်ဖြင့် မြို့တွင်းကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ဒေသခံများထံမှ သိမ်းဆည်းထားသည့် ဆိုင်ကယ်များကို အသုံးပြုနေပြီး လမ်းသွားလမ်းလာများ၏ ဖုန်းများကို ခေါ်ယူစစ်ဆေးရာတွင် ဖုန်းတွင်းဓာတ်ပုံများကို ကြည့်၍ ဆန္ဒပြမှုများတွင် ပါဝင်မှု ရှိ/ မရှိကို အဓိကထား စစ်ဆေးနေသည်ဟုလည်း သိရသည်။ ထို့ပြင် ယခင်ရက်များက ဘူတာကြီးခုံးကျော်တံတားကို ဒေသခံများ သုံးစွဲနိုင်သော်လည်း ယနေ့တွင် စစ်ဝတ်စုံဝတ် လက် နက်ကိုင်များက လုံခြုံရေးယူထားပြီး ဖြတ်သန်းသွားလာခွင့် မပြုထားကြောင်းလည်း ယင်းနေရာသို့ ရောက်ရှိခဲ့သည့် ဒေသခံ တစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် အတည်ပြု ပြောဆိုသည်။

• စစ်ကောင်စီဘက်မှ သပိတ်နှင့် သပိတ်တွင် ပါဝင်သူများအား ဖြိုခွင်းဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ယခင်က စစ်ယာဉ်တန်း ကားများနှင့် ရေကားများ အသုံးပြုခဲ့သော်လည်း ယခုရက်ပိုင်းများအတွင်း ဆိုင်ကယ်များ၊ လူစီး အိမ်ကားများကို အဓိက ထား သုံးနေကြောင်းနှင့် မြို့ပေါ်ရပ်ကွက်အချို့ရှိ အုပ်ချုပ်ရေးရုံးများတွင် အနည်းဆုံး စစ်ဝတ်စုံဝတ် လက်နက်ကိုင်နှစ်ဦးစီ လုံခြုံရေးချထားကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။

• မိတ္ထီလာတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီအလိုမရှိကြောင်းနှင့် အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် အောင်ဆန်းမြို့သစ်သပိတ်စစ်ကြောင်းကို လူအင်အား ၃၀၀ ကျော်ဖြင့်  ဆင်နွှဲခဲ့ကြသည်။

ကယားပြည်နယ်

• မြို့တော် လွိုင်ကော်၊ ဒေါဥခူတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်ကို အရံအတားများ ပြုလုပ်၍ လူအင်အား ရာနဲ့ချီ ဆင်နွှဲခဲ့သည်။

• လွိုင်ကော်၊ မိုင်းလုံရပ်ကွက်တွင်လည်း အရံအတားများ အဆင့်ဆင့်ပြုလုပ်၍ ထိုင်သပိတ်ပြုလုပ်ခဲ့ရာ လူအင်အား ၂၀၀ ကျော် ပါဝင်ခဲ့သည်။ ထိုင်သပိတ်အား စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်များသုံး၍ အကြမ်း ဖက်ဖြိုခွင်းခဲ့ရာ ပြည်သူလေးဦး ရာဘာကျည်ထိမှန်ခဲ့ပြီး ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ကရင်ပြည်နယ်

• ကြာအင်းဆိပ်ကြီး၊ ဝင်းပုတ်နှင့် နှစ်အိမ်ရွာကြားရှိ ဝင်းရော်မြစ်အနီးတွင် သပြေကုန်း၊ မုန့်လုံးတောင်နှင့် ဝင်းပုတ်ကျေးရွာများမှ ဒသေခံလူအင်အား ထောင်နှင့်ချီ၍ စစ်အာဏာရှင်ဆန့်ကျင်ကြောင်းနှင့် CRPH က ဖွဲ့စည်းသည့်အစိုးရအား ထောက်ခံကြောင်း လူထုသပိတ် ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် - ဗကသ ပါဝင်သည့် လူအင်အား ရာနှင့်ချီသော ပဲခူးမြို့မ အထွေထွေသပိတ်စစ်ကြောင်းဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

• ယနေ့ နံနက်ပိုင်းက ပြည်မြို့ ကမ်းနားလမ်းတွင် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သည့် ကလေးငယ်များနှင့် ဒုက္ခရောက်နေသည့် ကလေးငယ်များပုံပါ ဗီနိုင်းပုံများကပ်၍ စစ်အာဏာရှင်ပြုတ်ကျရေး လူမဲ့သပိတ် ပြုလုပ်ခဲ့သည့်အပြင် Easter Egg ကမ်ပိန်းလည်း ပြုလုပ်ခဲ့ကြသည်။

• ပြည် မိုးမေတ္တာနာရေးကူညီမှုအသင်းအား စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက အသင်းရုံအား ဝင်စီးကာ အသင်းဥက္ကဋ္ဌ ဦးမိုးကြီးအား ဖမ်းဆီးခေါ်ဆောင်သွားကာ အသင်းပိုင်နာရေးကားများကိုလည်း သိမ်းဆည်းသွားသည်။ ထို့ပြင် အသင်းရုံးတွင် တပ်ဆင်ထားသည့် CCTV များကိုလည်း ဖျက်ဆီးကာ အသင်းဥက္ကဋ္ဌအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရှိရသေးပေ။

• ပဲခူးမြို့၊ လိပ်ပြကန်အနီးရှိ စစ်တပ်ပိုင် Mytel ရုံးတွင် နေ့လယ် ၁၂:၁၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ဆိုင်ကယ်စီး ထားသူများက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကာ သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

ဧရာဝတီတိုင်းဒေသကြီး

• အိမ်မဲမြို့တွင် "Justice for Myanmar”,  “ပြည်သူ့ဝန်ထမ်းများ ပြည်သူဘက်မှ ရပ်တည်ပေးပါ" စသည့် စာတန်းများ စိုက်ထူ၍ အာရုံဦး လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ပုသိမ်မြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ ပစ်ခတ်မှုကြောင့် ကြောက်လန့်၍ ထွက်ပြေးသည့် ဒေသခံများကို ဖမ်းဆီးကာ လက်နက်များနှင့် ဓာတ်ပုံတွဲရိုက်စေကာ အကြမ်းဖက်လှုပ်ရှားပုံစဖြင့် စစ်ကောင်စီအာဘော် သတင်းဌာနများတွင် ထုတ်လွှင့်နေကြောင်း ဒေသခံများက အတည်ပြု ပြောဆိုသည်။

ကချင်ပြည်နယ်

• ဗန်းမော်မြို့ ခွန်သာရပ်ကွက်အတွင်း နံနက် ၂ နာရီကျော်အချိန်က စစ်ကောင်စီ တပ်နဲ့ ရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးမှု များပြုလုပ်ခဲ့ရာ အနည်းဆုံး ၁၀ ယောက် အဖမ်းခံခဲ့ရသည်။ ထို့ပြင် လုံခြုံရေးအတားအဆီးများကို ဖျက်ဆီးသွားသည့်အပြင် ရပ်ကွက်စာကြည့်တိုက်၊ နေအိမ်တံခါးများနှင့် Wifi ကြိုးများကိုလည်း ဖျက်ဆီးသွားခဲ့သည်။ အတည်မပြုနိုင်သေးသည့် သတင်းများအရ မင်းမနိုင်ရပ်ကွက်ဘက်တွင်လည်း ဒေသခံပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အလောင်းအား စစ်ကောင်စီလက်နက်ကိုင်တပ်များက သယ်ဆောင်သွားကြောင်းလည်း သိရသည်။

• နေ့စဉ်ရက်ဆက် သပိတ်တိုက်ပွဲပြုလုပ်နေသည့် မိုးကောင်းမြို့တွင် ယနေ့ နံနက်ပိုင်းကလည်း ဗကသအလံ၊ ပညာရေးမိသားစုအလံနှင့် ကချင်ပြည်နယ်အလံများ ထောင်လျက် လူအင်အား ၃၀၀ ကျော်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်ခဲ့သည်။

• ဖားကန့်တွင် စစ်အာဏရှင်ဆန့်ကျင်ရေးကို လူထုအင်အား ၂၀၀၀ ကျော်ဖြင့် ဆင်နွှဲခဲ့သည်။

• မိုးညှင်းခရိုင် အင်းတော်ဒေသ၊ နန့်မွန်အထက ကျောင်းဝင်းအတွင်း ကျောင်းသား/သူဟောင်းများ စုပေါင်း၍ ကျောင်းဝင်းအ တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းများ ရေးထားသည့် ဆိုင်းဘုတ်များ ထောင်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ မိုးညှင်းမြို့ပေါ်တွင်လည်း ကျန်းမာရေးနှင့် ပညာရေးမိသားစုများ စုပေါင်း၍ လူအင်အား ၅၀၀ ခန့်ဖြင့် လှည့်လည်ဆန္ဒဖော်ထုတ် သပိတ်ဆင်နွှဲခဲ့သည်။

• ပြည်နယ်အနှံ့ရှိ မြို့နယ်အများစုတွင် Easter Egg ကမ်ပိန်းများလည်း ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• စစ်ကိုင်းမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စာတန်းများကိုင်ဆောင်လျက် ဆိုင်ကယ်စီးရေ ၅၀ ကျော်ဖြင့် လူအင်အား ၁၀၀ ကျော်က စစ်အာဏာရှင် အဆုံးသတ်ရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မုံရွာမြို့တွင် မြို့နေလူထု စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်မှု လူမဲ့ အသံတိတ်သပိတ်နှင့် အီစတာသပိတ်တို့ကို သဲသောင်ပြင်နေရာများတွင် ပြုလုပ်ခဲ့သည်။ ထို့ပြင် လူအင်အား ရာနဲ့ချီ စုပေါင်း၍ မြို့တွင်းလမ်းမများပေါ်၌ စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် သပိတ်ဆင်နွှဲခဲ့ကြသည်။

• စစ်ကိုင်း၊ တန့်ဆည်မြို့တွင် ဒေသခံပြည်သူ ထောင်နှင့်ချီ စုဝေး၍ မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်နှင့် မြို့တွင်းလမ်းများပေါ်တွင် လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

• ကျွန်းလှ၊ သဖန်းဆိပ်ရေလှောင်တမံတွင် ဒေသခံအင်အား ထောင်နှင့်ချီ စုပေါင်း၍ စစ်အာဏာရှင်စနစ် ပျက်သုန်းရေး လူထုသပိတ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ အဆိုပါသပိတ်ကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ စုပေါင်းဆင်နွှဲခဲ့ခြင်းလည်း ဖြစ်သည်။

• နေ့စဉ် လူထုရာနှင့်ချီ ပါဝင်သည့် တာဟန်းသပိတ်ရှိနေသည့် ကလေးမြို့တွင် စစ်ကောင်စီဘက်မှ စစ်ကားနှစ်စီး၊ ရဲကားတစ်စီးနှင့် ရေကားတစ်စီးတို့ဖြင့် မြို့တွင်းကင်းလှည့်မှုများ ရှိနေပြီး ကလေးဘူတာဘက်အခြမ်းတွင် ယခင်ရက်များအတိုင်း အင်အားအတန်ငယ်ဖြင့် တပ်စွဲထားဆဲ ရှိသည်။ ယမန်နေ့ ညပိုင်းကလည်း စစ်ကောင်စီဘက်မှ ဖမ်းဆီးထားသည့် ဒေသခံ ပြည်သူ ကိုးဦးနှင့် ပြည်သူများဘက်မှ ပြန်လည်ဖမ်းဆီးထားသူ ၇ ဦးတို့အား နှစ်ဖက်ညှိနှိုင်း၍ လဲလှယ်မှုလုပ်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ သပိတ်အား ဖြိုခွင်းမှုများ ပြုလုပ်လာခြင်း မရှိသေးသော်လည်း ပြည်သူများဘက်မှ လုံခြုံရေးအစီအမံများကို စီစဉ်ထားရဆဲဖြစ်ကြောင်းလည်း ကလေးမြို့ခံ ဒေသခံတစ်ဦးက ပြောသည်။  

• စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များ အကျအဆုံးရှိခဲ့သည့် တမူးမြို့၊ နန်းဖာလုံရပ်ကွက်တွင် ဒေသခံများဘက်မှ လုံခြုံရေး အတားအဆီး သဲအိပ်များကို ပိတ်ဆို့ကာရံထားလျက်ရှိပြီး ရပ်ကွက်အတွင်းဝင်သည့် တံတားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခံ ထားရသည်။

မကွေးတိုင်းဒေသကြီး

• ကံမမြို့တွင် သံဃာတော်များ ဦးဆောင်၍ ဒေသခံလူထု တစ်ထောင်ခန့်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် ဖမ်းဆီးခံထားရေသာ လူထုခေါင်းဆောင်များ လွတ်မြောက်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်၍ မြို့တွင်း၌ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• သဲတောနှင့် ဝမ်းတွင်းတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ လှည့်လည်မှုများကြားကပင် ဒေသခံပြည်သူ ၁၀၀ ကျော်က စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ဆိုင်းဘုတ်ကိုင်ဆောင်လျက် မြို့နယ်တွင်း ရပ်ကွက်များ၌ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ချင်းပြည်နယ်

• ဟားခါးမြို့တွင် CDM ဝင်၍ အလုပ်ထုတ်ခံရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၅၅ ဦးအား ဧပြီလ ၅ ရက် နောက်ဆုံးထား၍ ဝန်ထမ်းအိမ်ရာမှ ဆင်းပေးရန် ဖိအားပေးလျက် ရှိသည်။

ရှမ်းပြည်နယ်

• မူဆယ်၊ နန့်ခမ်းတွင် လူငယ်များစုပေါင်း၍ နွေဦးတော်လှန်ရေး Easter Egg ကမ်ပိန်း ပြုလုပ်ခဲ့သည်။

• ကျောက်မဲတွင် ယနေ့ နံနက်ပိုင်းက ဒေသခံလူအင်အား ထောင်နှင့်ချီ စုရုံး၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်နှင့် ထိုင်သပိတ်များကို ဆင်နွှဲခဲ့ကြသည်။

မွန်ပြည်နယ်

• ပေါင်တွင် ယနေ့ နံနက်ပိုင်းက ပညာရေးမိသားစုနှင့် ဒေသခံပြည်သူများ စုပေါင်း၍ လူအင်အား ရာနဲ့ချီကာ စစ်ကောင်စီက စီစဉ်နေသည့် ပညာရေးဆိုင်ရာသင်တန်းများ တက်ရောက်နေသူများအား ကန့်ကွက်ကြောင်းနှင့် ဖက်ဒရယ်စနစ် အမြန်ဆုံးကျင့်သုံးရေး ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။

• ဘုရားသုံးဆူတွင် ပြည်သူအင်အား ရာနဲ့ချီ၍ စစ်အာဏာရှင် ဆန့်ကျင်ကြောင်းနှင့် R2P ဝင်ရောက်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ရာ ရဲနှင့် စစ်သား အင်အား ၄၀ ခန့်က သပိတ်စစ်ကြောင်းအား စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း ထိတွေ့မှု မရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူ၊ ကံပေါက်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်မှုကို ဒေသခံ ၅၀ ကျော်ဖြင့် ပြုလုပ်ခဲ့သည်။

• ထားဝယ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပြည်သူများ၊ ပညာရေးမိသားစုများ၊ LGBT အင်အားစုများ စုပေါင်း၍ လူအင်အား ရာနဲ့ချီကာ စစ်အာဏာရှင် ပြုတ်ကျရေး ထားဝယ်လူထုပူးပေါင်းသပိတ်ကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့တွင် ဆင်နွှဲခဲ့သည်။

ရခိုင်ပြည်နယ်

• မြေပုံမြို့နယ်ဘက်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က အင်အားတိုးမြှင့်မှုများ ရှိနေပြီး ပြည်မဘက် လာရောက်နိုင် သည့် အဝင်အထွက်နေရာများတွင်လည်း ဖြတ်သန်းသွားလာမှုများအာ စစ်ဆေးခြင်းပြုလုပ်လျက်ရှိသည်ဟု သိရသည်။ စစ်ကောင်စီဘက်မှ အာဏာသိမ်းပြီးနောက်ပိုင်း  ရက္ခိုင့်တပ်မတော် (AA) က အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ထားသော် လည်း AA ဘက်ကမူ ပြည်သူဘက်မှ ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နေပြည်တော်

• နေပြည်တော်တွင် "အာဏာရှင်တိုက်ပွဲ တို့ဆင်နွှဲ - မလွဲ အောင်ရမည်" ဆိုသည့် စာတန်းများ ကိုင်ဆောင်လျက် လူငယ်အချို့က ပျောက်ကြားသပိတ် ဆင်နွှဲခဲ့သည်။

• ပျဉ်းမနားမြို့ သပိတ်စစ်ကြောင်းအား ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက အင်အားသုံး ပစ်ခတ်ဖြိုခွဲခဲ့ရာ ပြည်သူနှစ်ဦး ကျည်ထိမှန်ခဲ့ရာ အမျိုးသားတစ်ဦးမှာ ခါးကျည်ထိမှန် ကျဆုံးခဲ့ပြီး ကျန်တစ်ဦးမှာမူ ဒဏ်ရာပြင်းထန် ကြောင်း သိရသည်။  

ဧပြီ ၄ သုံးသပ်ချက်

• ရန်ကုန်မြို့ပေါ်တွင် စစ်ကောင်စီဘက်မှ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ဖွင့်လှစ်နိုင်ရေးကို အာရုံထားနေပြီး တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးဖမ်းဆီးမှုများကိုလည်း အရှိန်တိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။

• မန္တလေးတွင် စစ်ကောင်စီဘက်မှ လုံခြုံရေးယူထားမှုအခြေအနေအရ ရဲဝတ်စုံဝတ်များထက် စစ်ဝတ်စုံဝတ် လက်နက်ကိုင် များကိုသာ အဓိက သုံးစွဲနေပြီး အရပ်ဝတ်လက်နက်ကိုင်များကိုမူ သပိတ်ဖြိုခွင်းမှုနှင့် လှည့်ကင်းများတွင် ပိုမိုသုံးစွဲလျက် ရှိသည်။ ထို့ပြင် သပိတ်များအား ဖြိုခွင်းခြင်းထက် ညဘက်ပိုင်းများတွင် သပိတ်ခေါင်းဆောင်များနှင့် ပါဝင်သူများကို ပိုက်စိတ် တိုက်ရှာဖွေသည့်နည်းလမ်းကို ပိုမိုသုံးလျက်ရှိပြီး စစ်ကားများထက် အိမ်စီးကားများကိုသာ အသုံးပြုလျက်ရှိသည်။ ရပ်ကွက်ရုံးများတွင်လည်း စစ်ဝတ်စုံဝတ်လက်နက်ကိုင်များကို အဓိကသုံး၍ လုံခြုံရေးယူထားပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရ သည့် မြို့ပုံစံ လုံခြုံရေးအဆင့်ကို မြှင့်တင်သုံးစွဲလျက်ရှိသည်။

• နယ်မြို့ကြီးများတွင် သပိတ်များ ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အကြမ်းဖက်ဖြိုခွင်းမှု အနည်း ငယ်သာ လုပ်ဆောင်နိုင်သည့်အခြအနေအရ စစ်ကောင်စီ၏ အင်အားမလုံလောက်မှုကို ထင်သာမြင်သာ ရှိစေသည်။

• ယခင် အစိုးရရုံစိုက်ရာ နေပြည်တော်နှင့် အနီးအနားမြို့များတွင် လူထုဘက်က ဆန္ဒဖော်ထုတ်နေခြင်းကို စစ်ကောင်စီဘက်မှ မလိုလားဘဲ အင်အားအနည်းငယ်များလာသည်နှင့် လူသေဆုံးသည်အထိ အကြမ်းဖက်ဖြိုခွဲလေ့ ရှိတတ်သည်။

• အကြောင်းအမျိုးမျိုးကြောင့် မြို့ကြီးများမှ နယ်မြို့များဘက်သို့ ရွှေ့ပြောင်းသူများနှင့် ပုန်းရှောင်သူများကို ကန့်သတ်နိုင်ရန် အတွက် စစ်ကောင်စီဘက်မှ အာရုံထားမှုရှိနေပြီး အဝင်အထွက် စစ်ဆေးမှုများကို တိုးမြှင့်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly