NLD အစိုးရအဖွဲ့မှာ အာဏာပြမည့် ဝန်ကြီးများ မပါဟု ဒေါ်အောင်ဆန်းစုကြည် ပြော

NLD အစိုးရအဖွဲ့မှာ အာဏာပြမည့် ဝန်ကြီးများ မပါဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများကို ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ရန် ပြင်ဆင်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့တွင် အာဏာပြမည့် သူများကို ဝန်ကြီးနေရာ မပေးဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

“အာဏာပြချင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ NLD က ဘယ်တော့မှ ဝန်ကြီးနေရာ ပေးမှာ မဟုတ်ပါဘူး။ အစတည်းက သေသေချာချာ ပြောထားတာပါ။ ရာထူး ခန့်အပ်မှာ မဟုတ်ဘူး နေရာပေးမှာ မဟုတ်ဘူး တာဝန်ပဲပေးမှာ တာဝန်ကို မယူတတ်လို့ရှိရင် ပြည်သူလူထုကို မလေးစားလို့ရှိရင် NLD အစိုးရ အဖွဲ့ဝင် ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) နှင့် မေးမြန်းမှုတွင် နိုဝင်ဘာ ၂၆ ရက်က ပြောလိုက်ခြင်းဖြစ်သည်။

NLD အစိုးရတွင် NLD ပါတီဝင်မဟုတ်သည့် အခြားသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် တတ်သိပညာရှင်များလည်း ပါဝင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဖွဲ့မယ့် အစိုးရထဲမှာ NLD မဟုတ်တဲ့ တိုင်းရင်းသားတွေလည်း ပါမယ် တခြား နိုင်ငံကို အကျိုးပြုနိုင်မယ့် လူတွေလည်း ပါနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သေးသည်။

အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံအမတ်များသည် ခေါင်းဆောင်များ မဟုတ်ဘဲ ပြည်သူကို အလုပ်အကျွေးပြုမည့်သူများသာ ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အဓိပ္ပါယ် ဖွင့်သည်။ “ခေါင်းဆောင်ဖို့ မဟုတ်ဘူး ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ အဲ့ဒီလို စဉ်းစားဖို့လိုပါတယ်။ ကိုယ်စားလှယ်တွေကို ခေါင်းဆောင်တွေလို့ သွားမပြောပါနဲ့ အဲ့ဒီလို စိတ်ဓာတ်တွေ လုံးဝ အားမပေးချင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

NLD အစိုးရ တက်လာပါက အမျိုးသားရင်ကြားစေ့ရေးကို အခြေခံလုပ်ဆောင်မည်ဖြစ်ပြီး “နိုင်လို့ အားလုံးယူမယ် ဆိုပြီးတော့ မလုပ်ဘူး။ နိုင်လို့ မျှပြီးတော့ အားလုံးနဲ့အတူ ပူးပေါင်း လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်မယ်။ NLD ကတော့ ဦးဆောင်မှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍မူ “ပြည်တွင်းစစ်ဆိုတာ တိုင်းပြည်အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူး။ နောက် ရွေးကောက်ပွဲက ပြီးတာမှ ဘာမှ မကြာသေးဘူး ငြိမ်းချမ်းရေးက ဝေးနေသေးတယ်ဆိုတာမျိုး ဖြစ်နေတာပေါ့။ အဓိက ကတော့ ပြည်တွင်းစစ်ဆိုတာ ပြည်သူလူထုကို အရမ်း ဒုက္ခပေးပါတယ်” ဟုလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required