မြန်မာအနေဖြင့် ပြည်တွင်းစစ်နှင့် ရင်ဆိုင်ရနိုင်ဟု ဂျာမနီနိုင်ငံခြားရေး၀န်ကြီး သတိပေး

မြန်မာအနေဖြင့် ပြည်တွင်းစစ်နှင့် ရင်ဆိုင်ရနိုင်ဟု ဂျာမနီနိုင်ငံခြားရေး၀န်ကြီး သတိပေး

ဧပြီ ၄

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်နှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း ဂျာမနီနိုင်ငံခြားရေး၀န်ကြီး ဟိုင်ကို မားစ်က သတိပေးသွားခဲ့သည်။

“စစ်တပ်က သီတင်းပတ်အနည်းငယ်အတွင်း နိုင်ငံကို ဘေးဒုက္ခချောက်ကမ်းပါးစွန်းနားရောက်အောင် တွန်းပို့ထားခဲ့ပါတယ်၊ လူပေါင်း ၅၀၀ ကျော်ဟာလည်း အသက်ဆုံးရှုံးထားခဲ့ရပြီ၊ လူထောင်နဲ့ချီလည်း ထွက်ပြေးနေကြရတယ်” ဟု မားစ်က တနင်္ဂနွေနေ့တွင် ထုတ်‌ဝေခဲ့သည့် Funke မီဒီယာဂရု(ပ်) ၏ သတင်းစာများသို့ မှတ်ချက်စကားများပြောခဲ့စဥ် ထည့်သွင်းပြောကြားသွားခဲ့သည်။

ထို့ပြင် ယခုအချိန်တွင် အားလုံးက မြန်မာအာဏာသိမ်းစစ်အစိုးရအပေါ် ဖိအားများ တိုးမြင့်ပေးသွားသင့်ကြောင်း မားစ်က တောင်းဆိုသွားခဲ့ပြီး သို့မှသာ အဆုံးသတ်တွင် ယင်းအနေဖြင့် အာဆီယံအုပ်စုရှိ ပါတနာများ၏ ဆွေးနွေးမှု ကမ်းလှမ်းချက်များကို လက်ခံနိုင်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

“ဒီမိုကရေစီကို ကယ်တင်ဖို့ အရေး စိတ်မ၀င်စားတဲ့သူတွေတင်မကပါဘူး၊ ‌ဒေသတွင်းက ဘယ်သူကမှ မြန်မာနိုင်ငံ ပြည်တွင်းစစ်ထဲ သက်ဆင်းသွားမှာကို မြင်ချင်ကြမှာမဟုတ်ပါဘူး” ဟု မားစ်က ပြောသွားခဲ့သည်။

ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းနှိပ်ကွပ်မှုများ လုပ်ဆောင်ထားခဲ့ရာ ကလေးငယ် ၄၆ ဦးအပါအ၀င် လူပေါင်း ၅၅၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။

လက်ရှိအချိန်တွင် လူပေါင်း ၂,၇၅၁ ဦး ထိန်းသိမ်းခံထားရပြီး ၁၂၆ ဦးကို ဖမ်း၀ရမ်းထုတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required