တရုတ်၏ အင်အားချဲ့ထွင်သည့် လုပ်ရပ်များအပေါ် အမေရိကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ ဧပြီလလယ်တွင် ဆွေးနွေးမည်

တရုတ်၏ အင်အားချဲ့ထွင်သည့် လုပ်ရပ်များအပေါ် အမေရိကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ ဧပြီလလယ်တွင် ဆွေးနွေးမည်

ဧပြီ  ၄

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါတို့သည် ဧပြီလလယ်တွင် တွေ့ဆုံကာ တရုတ်နိုင်ငံ၏ အင်အားချဲ့ထွင်သည့် လုပ်ရပ်များအပေါ် ဆွေးနွေးကြမည်ဖြစ်သည်။

ယင်းတွေ့ဆုံမှုသည် သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် ဇန်နဝါရီလက တာဝန်စတင်ထမ်းဆောင်ပြီးနောက် ပိုင်း နိုင်ငံခြား ခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံးအကြိမ်အဖြစ် လူချင်း တွေ့ဆုံခြင်းဖြစ်သလို ဆူဂါအနေဖြင့်လည်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် အမေရိကန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။

၎င်းတို့ ၂ ဦးသည် ဧပြီ ၁၆ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ကာဆူနိုဘူကာတိုက ဧပြီ ၂ ရက်က ပြောကြားသည်။ မူလက ဧပြီ ၉ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ဆွေးနွေးပွဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း Nikkei Asiaသတင်းဌာနက ဖော်ပြခဲ့သည်။

ဂျပန်နှင့် အမေရိကန်အစိုးရတို့အကြား မတ်လအတွင်းက တွေ့ဆုံမှု ပြုလုပ်ခဲ့ရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလန်ကင်နှင့် ကာကွယ်ရေးဌာနအကြီးအကဲ အယ်လွိုက်အော်စတင်တို့ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဧပြီ ၂၂ ရက်တွင် အမေရိကန်၌ ကျင်းပမည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နို်ငငံတကာ ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ ရည်မှန်းထားသည်။

တရုတ်၏ အင်အားတိုးချဲ့မှု၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးတို့ကို နှစ်နိုင်ငံအကြား ဆွေးနွေးကြဖွယ်ရှိကြောင်း Nikkei သတင်းဌာနက ဖော်ပြသည်။

တရုတ်အစိုးရက ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ရေပိုင်နက်အတွင်းသို့ ဝင်လာသည့် သင်္ဘောများကို ကမ်းရိုးတန်းစောင့်တပ်များအား ဖမ်းဆီးခွင့် ပြုလိုက်ခြင်းကြောင့် ထိုင်ဝမ်အပေါ် ဖိအားများစွာ သက်ရောက်ခဲ့ သည်။

အရှေ့တရုတ်ပင်လယ်အတွင်းမှ ဆန်ကကုကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘောများ ဝင်ရောက်ခြင်းကြောင့် ဂျပန်နိုင်ငံအနေဖြင့် အခက်အခဲများ ကြုံတွေ့ရသည်။

ဂျပန်ကာကွယ်ရေးဆိုင်ရာ ပညာရှင်များအဖွဲ့ The National Institute for Defense Studies က မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် East Asian Strategic Review 2021 အစီရင်ခံစာတစ်စောင်တွင် တရုတ်နိုင်ငံအနေဖြင့် အငြင်းပွားဖွယ်ရာ ဥပဒေတစ်ရပ် ထုတ်ပြန်ပြီးနောက် အရှေ့တရုတ်ပင်လယ်အတွင်း ဂျပန်တို့ ထိန်းချုပ်ထားသည့် ဆန်ကကုကျွန်းများဝန်းကျင်တွင် တရုတ်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့များက လက်နက်အင်အား တိုးချဲ့ခြင်း၊ ရန်စခြင်းများ တိုးမြှင့်လုပ်ဆောင်လိမ့်မည်ဟု ဖော်ပြထားသည်။

တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ဒေသတစ်ခုလုံးနီးပါးကို အချုပ်အခြာပိုင်နယ်မြေဖြစ်ကြောင်း ကြေညာထားရာ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျှက် ရှိသည်။

တရုတ်နှင့် အမေရိကန်တို့အကြား တင်းမာမှု မြင့်တက်လာခြင်းကြောင့် အမေရိကန်က ဒေသတွင်း စစ်အင်အား ချထားမှု မြှင့်တင်လာခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်တို့တွင် တရုတ်က စစ်ရေးလှုပ်ရှားမှုများကို ပိုမိုလုပ်ဆောင်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required