ရှီကျင့်ဖျင်လက်ထက် ပြောင်းလဲနေသည့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများသည် ပြေးလွှား၊ ပုန်းရှောင်သို့မဟုတ် ငှားရမ်းရမည့် အခြေအနေသို့ ရောက်ရှိနေ

ရှီကျင့်ဖျင်လက်ထက် ပြောင်းလဲနေသည့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများသည် ပြေးလွှား၊ ပုန်းရှောင်သို့မဟုတ် ငှားရမ်းရမည့် အခြေအနေသို့ ရောက်ရှိနေ

ဧပြီ  ၃

တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီတိုင်းအတွက် ယခုအခါ ရွေးရန် အခွင့်အလမ်းက အရင်ကထက် ပို၍ ရှင်းလင်းလာနေသည်။ ဘယ်လို အငြင်းပွားဖွယ် အကြောင်းကိစ္စနှင့်ပတ်သက်၍မဆို မှတ်ချက်ချ ဝေဖန်မှုကို ရှောင်ကြဥ်ပါ၊ ယင်းသို့ မရှောင်ပါက ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဆီ ၀င်ရောက်ပတ်သက်လုပ်ကိုင်ခွင့် ဆုံးရှုံးရနိုင်သည့် အန္တရာယ်နှင့် ကြုံရနိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အကြာက သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သည့် တရုတ်အစိုးရသည် ရှင်ကျန်းဒေသ၌ အတင်းအကျပ်လုပ်သားခိုင်းစေမှု ရှိခဲ့သည်ဆိုပြီး ထုတ်ဖော်ခဲ့သည့် ထုတ်ပြန်ချက်များနှင့်ပတ်သက်၍Hennes & Mauritz AB ကဲ့သို့သော လက်လီလုပ်ငန်းများအပေါ် ဆန့်ကျင်သပိတ်မှောက်မှုတစ်ရပ်ကို အတည်ပြုထောက်ခံပေးခဲ့သလို ယူကေရှိ ၀တ်လုံတော်ရ ရှေ့နေများ အဖွဲ့တစ်ခု အပါအ၀င် အဖွဲ့အစည်းအမျိုးမျိုးအပေါ်အရေးယူဒဏ်ခတ်မှုများ ချမှတ်ခဲ့သည်။ ထို့နောက်တွင် ရှီသည် ဟောင်ကောင်ရှိ လွှတ်တော်ကိုယ်စားလှယ်တိုင်းအပေါ်  ပေကျင်းက ဗီတိုအာဏာ  သုံးနိုင်သည့် ဟောင်ကောင်ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကျယ်ပြန့်သော ပြောင်းလဲမှုများကို အင်္ဂါနေ့တွင် အပြီးသတ် အတည်ပြုခဲ့သည်။

တရုတ်၏ ပိုမို ရန်မူသော ရပ်တည်ချက်ကြောင့် ကုမ္ပဏီများအနေဖြင့် အရင်ထက် ပိုသည့် ငွေသုံးစွဲအား ရှိသည့်စားသုံးသူ ၁ ဒသမ ၄ ဘီလီယံဆီမှ ငွေ၀င်နိုင်သည့် အခွင့်အလမ်းကို ဆက်ထိန်းထားနိုင်ရေး လုပ်ဆောင်သွားမည်လား ဆိုသည်နှင့်ပတ်သက်၍ ချိန်ဆတွက်ချက်ရသည့် အခြေအနေကို ရောက်ရှိနေသည်။ တရုတ်၏ ပိုမို ရန်မူသောရပ်တည်ချက်ကြောင့်လည်း အမေရိကန်နှင့် ယင်း၏ မဟာမိတ်များဘက်မှ စုပေါင်းအရေးယူမှု တစ်စိတ်တစ်ဒေသအဖြစ် တရုတ်အရာရှိများအပေါ် အရေးယူဒဏ်ခတ်မှုများလည်း ဖြစ်ပေါ်ထားခဲ့သည်။ လက်ရှိအချိန်ထိတော့ ကမ္ဘာ့ကျန်ဒေသများရှိ တိုးတက်မှုများသည် အားရစရာ မကောင်းဘဲ ဖြစ်နေချိန် ကုမ္ပဏီအများစုသည် အန္တရာယ်ဖြစ်စေသည့် အခြေအနေတစ်ရပ်တွင် ပါ၀င်ပတ်သက်မှုမှ ရှောင်ကြဥ်ရန် ကြိုးပမ်းနေကြသလို ရင်းနှီးမြှုပ်နှံမှုများကိုတိုးမြှင့်ရန် လုပ်ဆောင်နေကြသည်။

တရုတ်နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ရန်နှင့် CSR (စီးပွားရေးလုပ်ငန်းများ လူမှုနယ်ပယ်အတွင်း ကောင်းကျိုးဖြစ်ထွန်းစေရေး ပါ၀င်ဆောင်ရွက်မှု) ဆိုင်ရာ စီမံခန့်ခွဲရန် ကုမ္ပဏီများအတွက် အရင်ကာလက လွယ်ကူခဲ့သော်လည်း ယခုအချိန်တွင် ပြင်ပ သြဇာလွှမ်းမိုးမှုက ကွန်မြူနစ်ပါတီ၏ လုပ်ဆောင်ချက်များကို ပြောင်းလဲစေရေးအတွက် သက်ရောက်မှု တစ်စုံတစ်ရာ ရှိသည်ဆိုသည်ကို ပြသရန် ခက်ခဲနေပြီဟု Seton Hall တက္ကသိုလ်မှဥပဒေ ပါမောက္ခတစ်ဦးဖြစ်သလို တရုတ်ရေးရာ ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သည့် မာဂရက် လူး၀စ်ကပြောသည်။

 “ရှင်တို့အနေနဲ့ ဒီနိုင်ငံထဲမှာ မကောင်းတဲ့လူတွေရဲ့ ကြံရာပါတွေအဖြစ်ဆက်ရှိနေမလား၊ ဒါမှမဟုတ် လုပ်ငန်းတွေပြန်ရုပ်သိမ်းမလား ဆိုတဲ့ ဆုပ်လည်းစူး စားလည်းရူးတဲ့အခြေအနေနဲ့ အဆုံးသတ်ရနိုင်ပါတယ်၊ ဒီနှစ်ခုအကြားမှာရှိတဲ့ အလယ်အလတ် အနေအထားကို ရှာတွေ့ဖို့ကလည်း ပိုပိုပြီး ခက်နေပါတယ်၊ ဒါက ခုချိန်မှာ ပိုပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်” ဟု သူမက ပြောသည်။

တရုတ်တွင် ဆန့်ကျင်သပိတ်မှောက်မှုတစ်ရပ်နှင့် ရင်ဆိုင်နေရသည့် H&M ကဲ့သို့သော ကုန်ပစ္စည်းအမှတ်တံဆိပ်များအတွက် အကောင်းဆုံးသော မဟာဗျူဟာမှာ သတိပြုမခံရစေရန် ကြိုးပမ်းခြင်းနှင့် တုံ့ပြန်ဆန့်ကျင်မှုက“ပြောပလောက်အောင် ထိခိုက်မှု မရှိဘဲ ပြီးဆုံးသွားမှု” မရောက်မချင်း စောင့်ဆိုင်းရန်ပင် ဖြစ်ကြောင်း တရုတ်ရှိ ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်းအကြီးအကဲ ဂျော့၀က်ကီက အင်္ဂါနေ့တွင် Bloomberg TV ကို ပြောခဲ့သည်။အမှန်တကယ်တွင် ကုမ္ပဏီတစ်ချို့သည် ရှင်ကျန်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များကို ယင်းတို့၏ ၀က်ဘ်ဆိုဒ်များကနေ ဖယ်ရှားထားခဲ့ကြသည်။

 “ဒါက ခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ” ဟု ၀က်ကီက ပြောသည်။ “တစ်ဘက်မှာတော့ မနှစ်က တရုတ်ဟာကုမ္ပဏီအများအပြားကို အန္တရာယ်အခြေအနေတွေကနေ ကာကွယ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။ “တစ်ချိန်တည်းမှာလည်းပဲ ခင်ဗျားအနေနဲ့ တကယ်တမ်းမှာ ခင်ဗျားအပေါ်မှာ ကျရောက်တဲ့ ဒီလို နိုင်ငံရေးဖိအားမျိုးနဲ့ ကြုံရနိုင်တယ်၊ အနိုင်မရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်တဲ့ ရှင်ကျန်းလိုမျိုး အကြောင်းအရာလိုမျိုး ထပ်ကြုံရနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဆက်ဆံရေးကောင်းများ ထူထောင်ထားသည့် နိုင်ငံခြားကုမ္ပဏီအများအပြားသည် တရုတ်တွင် ယင်းတို့၏ တည်ရှိမှုကို ချဲ့ထွင်နေသလို ယခုနှစ်တွင် IPOs (ပထမဆုံး စတော့ စရောင်းခြင်း) များ စုပြုံ၀င်မှုနှင့် SPAC listing (အထူးရည်ရွယ်ချက်၀ယ်ယူရေးကုမ္ပဏီများ စာရင်း၀င်မှု) သဘောတူညီချက်များနှင့်ပတ်သက်သည့် လုပ်‌ဆောင်မှုများကြောင့် ဟောင်ကောင်၏ ဘဏ္ဍာရေးကဏ္ဍသည်လည်း ကောင်းမွန်တိုးတက်နေသည်။ Baidu Inc. နှင့် Bilibili Inc. အပါအ၀င် ကုမ္ပဏီများသည် ယခုနှစ် လက်ရှိအချိန်အထိ ဟောင်ကောင်တွင် ပထမဆုံးအကြိမ် ရှယ်ယာ ရောင်းချမှုများကနေတဆင့် ဒေါ်လာ ၁၇ ဘီလီယံနီးပါး မတည်ထားနိုင်ခဲ့ပြီး ယင်းက အစောပိုင်းတစ်နှစ်ကထက် ကိုးဆ ပိုများခဲ့ခြင်းဖြစ်ကြောင်း Bloomberg က ပြုစုသည့် အချက်အလက်များအရ သိရသည်။

နယူး‌ယော့ခ် အခြေစိုက် Citigroup Inc. သည် ဟောင်ကောင်တွင် ၀န်ထမ်း ၁,၇၀၀ အထိ ငှားရမ်းခေါ်ယူရန် စီစဥ်နေပြီး ယင်းအနေဖြင့် ကွမ်ကျိုးနှင့် ရှန်ကျန်းကဲ့သို့ ပြည်မကြီးတောင်ပိုင်း မြို့များတွင် ဥစ္စာဓနကြွက်၀မှု မြင့်တက်ခြင်းနှင့် စီးပွားရေးအချက်အချာကျသော ဟောင်ကောင်၏ ကြီးထွားလာသည့် စီးပွားရေးလုပ်ငန်းများကို အသုံးချနိုင်ရန် ကြိုးပမ်းနေသည်။ ကပ်ရောဂါကြောင့် နည်းပညာဆိုင်ရာ စတော့များ အလွန်အမင်းလိုအပ်လာခြင်းနှင့် စတော့စာရင်း၀င်အဖြစ်မှ ပယ်ဖျက်ခြင်းဆိုင်ရာ အမေရိကန်၏ ခြိမ်းခြောက်မှုတို့ကြောင့် စီးပွားရေးအချက်အချာကျသော ဟောင်ကောင်အတွက် ကောင်းကျိုးတစ်ခု ဖြစ်စေခဲ့ပြီး ပထမဆုံးစရောင်းသည့် ရှယ်ယာများနှင့် စတော့စျေးကွက်၌ အရောင်းအ၀ယ်ရှိပြီးသား ရှယ်ယာများ ရောင်းချမှုများတွင် တစ်ဟုန်ထိုးတက်လာခြင်းကို မောင်းနှင်တွန်းအားပေးလျက် ရှိသည်။

သို့သော် ကုမ္ပဏီများကို အကြံပေးနေသည့် နိုင်ငံတကာ ဥပဒေလုပ်ငန်းတစ်ချို့အတွက် ဟောင်ကောင်တွင် အလုပ်လုပ်ကိုင်ရခြင်းသည် အတော်ပင် ပို၍ ခဲရာခဲဆစ်ဖြစ်လာခဲ့သည်။ ယူကေအပေါ် တရုတ်၏ လက်တုံ့ပြန် အရေးယူဒဏ်ခတ်မှုတွင် Essex Court Chambers လုပ်ငန်းအဖွဲ့တစ်ခုလည်း ပါ၀င်ခဲ့ရာ ယင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အတော်အတန် ပိုမိုကြီးမားသော အကျိုးဆက်များ ရှိစေနိုင်ကြောင်း လူသိများ ထင်ရှားသော ရှေ့နေတစ်ဦးက သတိပေးခဲ့သည်။

အရေးယူဒဏ်ခတ်မှုများ ချမှတ်ခံရပြီးနောက် ဥပဒေလုပ်ငန်းအဖွဲ့သည် ရှင်ကျန်းဒေသ လူမျိုးတုန်းသတ်ဖြတ်မှုရှိသည်ဆိုသော ကိစ္စများတွင် တရုတ်အစိုးရ ပါ၀င်ပတ်သက်ကြောင်း ရည်ညွှန်းခဲ့သည့် ယင်း၏ ရှေ့နေတစ်ချို့၏ဥပဒေဆိုင်ရာ ထင်မြင်ချက်တစ်ရပ်အပေါ် ရည်ညွှန်းကိုးကားချက်ကို ယင်း၏ ၀က်ဘ်ဆိုဒ်မှ ဖယ်ရှားခဲ့သည်ဟုFinancial Times ကရေးသားဖော်ပြခဲ့သည်။ ကွန်မြူနစ်ပါတီ ကျောထောက်နောက်ခံ ဂလိုဘယ်လ်တိုင်းမ်သတင်းစာက ဖော်ပြရာတွင် ယခုလုပ်ဆောင်ချက်ကို ကြည့်မည်ဆိုပါက တရုတ်၏ အရေးယူဒဏ်ခတ်မှုက “ ကောလာဟလများအပေါ် ထိရောက်သည့် ဟန့်တားမှု” ဖြစ်သည်ကို ပြသနေကြောင်း ဖော်ပြခဲ့သည်။

သို့သော် အင်္ဂလန်နှင့် ‌ဝေးလ်၏ ၀တ်လုံတော်ရ ရှေ့နေများဆိုင်ရာ ဥက္ကဋ္ဌဟောင်း ဂိုင်း ဆန်းဟာ့စ်တ်က ပြောကြားရာတွင် ယခု လုပ်ဆောင်ချက်က “တရုတ် ဖောက်သည်များနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် ဗြိတိန်ကုမ္ပဏီအားလုံး” အပေါ် သက်ရောက်လိမ့်မည်ဖြစ်ကြောင်း၊  အဘယ့်ကြောင့်ဆိုသော် ဟောင်ကောင် ကုမ္ပဏီများအတွက်အငြင်းပွားမှု ဖြေရှင်းပေးခြင်းတွင် ပါ၀င်ပတ်သက်ခဲ့သော ရှေ့နေများသည် နယ်မြေတွင်းသို့ ၀င်ခွင့် ငြင်းဆန်တားမြစ်ခံရနိုင်သောကြောင့် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ အနာဂတ် ကန်ထရိုက်စာချုပ်များအားလုံးအတွက်“အနောက်ကမ္ဘာ” အနေဖြင့် တရုတ်နိုင်ငံပြင်ပတွင် အငြင်းပွားမှု ဖြေရှင်းပေးခြင်း လုပ်ထုံးလုပ်နည်း ယန္တရားများခိုင်ခိုင်မာမာ ရှိထားရန် ၎င်းက တိုက်တွန်းခဲ့သည်။

 “ဒီနေ့ကတော့ ဆန်ရှင်ချမှတ်ခံရတဲ့ Essex Court Chambers ရဲ့ အဖွဲ့၀င်တွေဖြစ်ပါတယ်” ဟု ဆန်းဟာ့စ်တ်က ကွန်ဆာတေးဗစ် ရှေ့နေများအဖွဲ့အစည်း၏ ၀က်ဘ်ဆိုဒ်တွင် ရေးခဲ့သည်။ “ဒါပေမယ့် မနက်ဖြန်ကျရင်တော့ ဒါက Clifford Chance ၊ Freshfields ဒါမှမဟုတ် အခြား အဓိက မြို့က ဥပဒေအကြံပေးလုပ်ငန်း ဒါမှမဟုတ် တရုတ်နိုင်ငံကို တမင်တကာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ၀တ်လုံတော်ရ ရှေ့နေ အဖွဲ့တွေ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ်ကို တရား၀င် အလုံးစုံ ပြင်ဆင်ပြောင်းလဲသည့် ရှီကျင့်ဖျင်၏ အင်္ဂါနေ့လုပ်ဆောင်ချက်သည် တရုတ်၏ အပြုအမူကို ပြောင်းလဲစေနိုင်ခြင်း မရှိသည့် အနောက်အုပ်စုနိုင်ငံများထံမှနောက်ထပ်တစ်လှည့် ဝေဖန်မှု နှင့် အရေးယူပိတ်ဆို့မှုများ ထပ်မံ ပေါ်ပေါက်လာစေနိုင်သည်။ အပြောင်းအလဲများအရ ပြည်မကြီးနှင့် ဟောင်ကောင် အမျိုးသားလုံခြုံရေးအရာရှိများ ပါသည့် အဖွဲ့ငယ်တစ်ခုက ရွေးကောက်ပွဲအတွက် ကိုယ်စားပြုယှဥ်ပြိုင်မည့် ကိုယ်စားလှယ်တိုင်းကို စိစစ်နိုင်ခွင့် ရှိမည်ဖြစ်ပြီး ပေကျင်းကို သစ္စာခံသူများသာ မူဝါဒ အကောင်အထည်ဖော်နိုင်ခွင့် ရရှိစေရေး သေချာစေရန် လုပ်ဆောင်မည်ဖြစ်သည်။  

ယခုအပြောင်းအလဲများသည် လူ့အဖွဲ့အစည်းအတွင်း “အလွန်အကျွံ နိုင်ငံရေးသဘော သက်၀င်စေခြင်း” ကို ကူညီလျော့ပါးစေမည်ဖြစ်သလို ဟောင်ကောင်နယ်မြေကိုလည်း စီးပွားရေး တိုးတက်ပြောင်းလဲစေရန်နှင့် မိမိတို့၏ ပြည်သူများ၏ အသက်မွေးမှုများကို တိုးတက်စေခွင့် ရှိစေလိမ့်မည်ဖြစ်ကြောင်း ဟောင်ကောင် ခေါင်းဆောင် ကာရီလမ်းက ပြောခဲ့ပြီး ထိုပြောကြားချက်များကို ဗုဒ္ဓဟူးနေ့ ဟောင်ကောင်သတင်းစာတစ်ချို့၏ ရှေ့မျက်နှာဖုံးစာမျက်နှာများတွင် ရိုက်နှိပ်ဖော်ပြထားသည်။

ဟောင်ကောင် အမှုဆောင်အရာရှိချုပ်ဟောင်း လီအန်ချွန်းယင်ကလည်း အင်္ဂါနေ့ အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်း တသဘောထားတည်း ပြောထားခဲ့သည်။

 “အခွင့်အလမ်းတွေ အများကြီးပါပဲ” ဟု ၎င်းက ဟောင်ကောင်၏ စီးပွါးရေးအနာဂတ်အလားအလာနှင့်ပတ်သက်ပြီး မေးမြန်းမှုကို တုံ့ပြန်ဖြေကြားသွားခဲ့သည်။ “ဒါက ကျွန်တော်တို့ရဲ့ မျက်စိတွေ၊ နားတွေ၊ စိတ်တွေကို ဒီအခွင့်အလမ်းတွေဆီ ဖွင့်လှစ်ပေးတဲ့ မေးခွန်းတစ်ခုပါ၊ ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဝေမျှနိုင်မှာပေါ့” ဟု ၎င်းက ပြောခဲ့သည်။

သို့သော် ဟောင်ကောင်နှင့် ရှင်ကျန်းဒေသတွင် ရှီ၏ လုပ်ဆောင်ချက်များမှာ ခက်ထန်ကြမ်းတမ်းနေပုံ ပေါ်နေနိုင်ပြီး “ယခုအချိန်တွင် ၎င်းတို့တွင် သင်ယူလေ့လာစရာ မရှိ” ဟု တရုတ်အရာရှိများက ကမ္ဘာကို ပြောဆိုနေချိန်မှာပဲအထက်ပါ လုပ်ဆောင်ချက်များက ကုမ္ပဏီများနှင့် နိုင်ငံများအကြား မလိုလားအပ်သော ထိခိုက်မှုများသာရစေမည့် ယုံမှားသံသယလွန်ကဲမှုတစ်ခုကို အမှန်တကယ် ထုတ်ဖော်နေသည်ဟု တရုတ်နိုင်ငံခြားမူဝါဒအကြောင်းစာအုပ်တစ်ချို့ ရေးသားခဲ့သည့် ဟောင်ကောင် နှစ်ခြင်းခရစ်ယာန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျန် ပီရာရီကက်ဘက်စ်တန်က ပြောသည်။

 “ဒါက စိတ်လှုပ်ရှား ရင်ဖိုစရာ အခြေအနေတစ်ခုပါ၊ အားနည်းချက် လက္ခဏာတစ်ရပ်နဲ့ သူတို့တွေ စိတ်အေးလက်အေးမရှိတော့တဲ့ လက္ခဏာတစ်ခုပါ” ဟု ၎င်းက ပြောသည်။ “ဒါက စိတ်ပူစရာပါ၊ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းနေချိန်၊ မသေချာမရေရာဖြစ်နေချိန်မှာ ခင်ဗျားအနေနဲ့ သူတို့အပေါ်အန္တရာယ်ဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို လုပ်မိသွားနိုင်လို့ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly