ပျောက်နေသည့် နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ နှိပ်စက်ညှင်းပန်းခံရနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ဟု HRW ပြော

ပျောက်နေသည့် နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ နှိပ်စက်ညှင်းပန်းခံရနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ဟု HRW ပြော
Photo - AFP

ဧပြီ  ၃

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်းရာနှင့်ချီကို အတင်းအဓမ္မ ဖမ်းဆီးပြီး ပျောက်ကွယ်ထားစေခဲ့ကြောင်း  လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောသည်။

အာဏာပိုင်များသည် နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲအရာရှိများ၊ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ၎င်းတို့၏ တည်နေရာကို အတည်ပြုရန် သို့မဟုတ် ရှေ့နေများ (သို့) မိသားစု၀င်များနှင့် တွေ့ဆုံခွင့်ပေးရန် ငြင်းဆန်ရင်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ထားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံတ၀န်း နေအိမ်များကို ညပိုင်း စီးနင်းရှာဖွေမှုများ လုပ်ဆောင်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများ သို့မဟုတ် အတိုက်အခံ CDM လှုပ်ရှားမှုတွင် ပါ၀င်သည်ဟု သံသယရှိသည့် လူအများအပြားကို ဖမ်းဆီးထားခဲ့သည်။

အကျဥ်းသားများအရေး ကူညီဆောင်ရွက်သည့် အဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်‌ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ မကြာသေးခင်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူပေါင်း ၂,၅၀၀ ကျော်အနက် အနည်းငယ်မျှကိုသာ ခွဲခြားဖော်ထုတ်ထားနိုင်သည်ဟု သိရသည်။

ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းများနှင့် enforced disappearances (ဖမ်းဆီးခံရပြီး မည်သည့်နေရာတွင် ‌ရောက်နေပြီး မည်သို့ အခြေအနေရှိကြောင်း မိသားစုများက သိခွင့်မရသည့်အဖြစ်များ) တို့ကို အာဏာသိမ်းစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများ၏ စိတ်နှလုံးထဲတွင် အကြောက်တရားများ ရိုက်သွင်းရန် ရည်ရွယ်ပုံပေါ်ကြောင်း HRW ၏ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ်က ပြောသည်။

“သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ပျောက်နေတဲ့ တစ်ဦးတစ်ယောက်တိုင်း ပြန်လည်လွတ်မြောက်ဖို့အတွက် တောင်းဆိုသင့်ပါတယ်၊ ဒီ အရိုင်းအစိုင်း စစ်တပ်ကို အဆုံးသတ်မှာ တာ၀န်ခံခိုင်းစေဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထားပြီး စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်ပါတယ်”

HRW သည် အာဏာသိမ်းမှုနောက်ပိုင်း အတင်းအကျပ် ဖမ်းဆီးခံရပြီး ပျောက်ကွယ်နေသည်ဆိုသည့် လူ ၁၆ ဦး၏ မိသားစု၀င်များ၊ မျက်မြင်တွေ့ရှိသူများ၊ ရှေ့နေများနှင့် စကားပြောဆိုခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းသည် ဖမ်းဆီးခံထားရသည့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများ၏ မိသားစု၀င်များ၊ မိတ်ဆွေသူငယ်ချင်း အများအပြားနှင့်လည်း စကားပြောဆိုခဲ့ရာ ဖမ်းဆီးခံထားသူများ မည်သည့်နေရာတွင် ဖမ်းဆီးခံထားရသည်လဲဆိုတာကို ၎င်းတို့လည်း အတိအကျ မသိကြောင်း အတည်ပြုခဲ့သည့်အတွက် အဆိုပါ အဖမ်းခံထားရသူများ၏ ဘေးကင်းမှု၊ စိတ်နှင့် ကိုယ် ကျန်းမာမှုတို့နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို မြင့်တက်စေလျက် ရှိသည်။

အစိုးရအာဏာပိုင်များ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ် အေးဂျင့်များသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဖမ်းဆီး သို့မဟုတ် ထိန်းသိမ်းပြီး ယင်းနောက်တွင် ဖမ်းဆီးခံရသူ၏ လွတ်လပ်မှုကို ပိတ်ပင်ထားကြောင်းကို ၀န်ခံရန် ငြင်းဆန်ခြင်း၊ ၎င်းဖမ်းဆီးခံရသူ၏ တည်နေရာနှင့် မည်သို့အခြေအနေရှိသည်ဆိုသည်ကို ဖုံးကွယ်ထားခြင်းတို့ကို လုပ်ဆောင်ကာ ၎င်းကို ဥပဒေအကာအကွယ်အောက်တွင် ရှိမနေစေသည့်အခြေအနေကို ဖြစ်စေသည့်အချိန်တွင် နိုင်ငံတစ်နိုင်ငံသည် enforced disappearance ကို ကျူးလွန်သည်ဟု နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွင် ဖော်ပြထားသည်။ အတင်းအကျပ် မတရားဖမ်းဆီးခံရပြီး ပျောက်ကွယ်သွားသော လူများသည် အများအားဖြင့် နှိပ်စက်ညှင်းပန်းမှု သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်မှုတို့ကို ခံရနိုင်ဖွယ် ရှိသည်။ မိသားစု၀င်များအနေဖြင့် ၎င်းတို့၏ ချစ်ရသူများ သေသလား၊ ရှင်သလား မသိရဘဲ မသေချာမရေရာမှုဖြင့် နေထိုင်ကြရသလို ၎င်းတို့၏ ချစ်ခင်ရသူများ ဖမ်းဆီးခံထားရရင်း မည်သို့မည်ပုံ ဆက်ဆံခံရမည်လဲ ဆိုသည့်အပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ကြရသည်။

ဖမ်းဆီးခံရပြီး ပျောက်ကွယ်သွားစေမှုများသည် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်မှုများပင် ဖြစ်ပြီး အရပ်ဘက် ပြည်သူလူထုတစ်ရပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ တိုက်ခိုက်မှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျူးလွန်ချိန်တွင်လည်း ယင်းသည် လူသားတို့အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများပင် ဖြစ်သည်။

“ဖမ်းဆီးခံရပြီး သတင်းအစအန မကြားရဘဲ ပျောက်ကွယ်နေမှုတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတစ်ခုပါ၊ အထူးသဖြင့်တော့ မိသားစုနဲ့ သူငယ်ချင်းတွေအပေါ် မချိတင်ကဲ ‌ဝေဒနာနဲ့ ဆင်းရဲဒုက္ခတွေ ဖြစ်စေလို့ဖြစ်ပါတယ်” ဟု အဒမ်စ်က ပြောသည်။ “မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးအတွက် လေးစားလိုက်နာရမှာတွေကို ဆက်ပြီး မထီမဲ့မြင်ပြုနေပါတယ်၊ ဒါပေမယ့် ဒီ ဖမ်းဆီးခံထားရတဲ့ တစ်ဦးတစ်ယောက်စီတိုင်း ပျောက်ကွယ်နေမှုတွေအတွက်နဲ့ ဒီ ဖမ်းဆီးခံရပြီး ပျောက်နေသူတိုင်း ဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက် သူတို့တွေအနေနဲ့ တာ၀န်ခံရလိမ့်မယ်ဆိုတာ သူတို့ သိသင့်ပါတယ်”

ဖမ်းဆီးခံရပြီး ပျောက်ကွယ်နေသူတစ်ချို့

ကိုမြအေး

ကိုမြအေးသည် စစ်တပ်ကို ဘွင်းဘွင်းရှင်းရှင်း ‌ဝေဖန်သူဖြစ်သလို ယခင် ၁၉၈၉ နှင့် ၂၀၀၇ တို့တွင် နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးခံရသည့် ဒီမိုကရေစီလိုလားသော ၀ါရင့်တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည်။ ယခင်နှစ်ကြိမ်စလုံးတွင် ၎င်းသည် ရှည်လျားသည့် ပြစ်ဒဏ်များ ကျခံခဲ့ရသည်။ ထိုနှစ်ကြိမ်စလုံးတွင် မိသားစုက ၎င်း၏ တည်နေရာကို ရှာမတွေ့နိုင်ခင်အထိ ၎င်းသည် လများစွာနှင့်ချီ မည်သည့်နေရာတွင် ‌ရောက်နေပြီး မည်သို့ အခြေအနေရှိကြောင်း မိသားစုက သိခွင့်မရသည့် အခြေအနေဖြင့် ပျောက်ကွယ်ထားခဲ့ကြောင်း ၎င်း၏ သမီးဖြစ်သူက ပြောသည်။

ကိုမြအေးသည် ဖေဖေါ်၀ါရီ ၁ ရက်က ရန်ကုန်ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ဖေဖေါ်၀ါရီ ၃ ရက်တွင် မိသားစု၀င်များသည် မင်္ဂလာတောင်ညွန့် ရဲစခန်းသို့ သွားရောက်ပြီး ၎င်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ဆိုသည်နှင့် ၎င်းအပေါ် မည်သည့် စွဲချက်များဖြင့် စွဲဆိုထားသည်ဆိုသည်ကို သွားရောက်မေးမြန်းခဲ့သည်။ ယင်းနောက် အဆိုပါ ရဲစခန်းမှ ရဲစခန်းမှူး တင်မောင်ဆွေက ကိုမြအေး ဖမ်းဆီးခံရမှုအတွက် ရဲတပ်ဖွဲ့တွင် တာ၀န်မရှိကြောင်းနှင့် နောက်ထပ် အသေးစိတ်အချက်အလက်များ ပေး၍မရနိုင်ဟု ပြောခဲ့သည်ဟု မိသားစုက ပြောသည်။ ထို့နောက် ဖေဖေါ်၀ါရီ ၆ ရက်တွင် ၎င်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိရှိနိုင်ရန်အတွက် ၎င်း၏ မိသားစုသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီထံမှ အကူအညီ တောင်းခံခဲ့သည်။ ဖေဖေါ်၀ါရီ ၁၇ ရက်တွင် ၎င်း၏ မိသားစုသည် အတင်းအဓမ္မ ဖမ်းဆီးခံရပြီး ပျောက်ကွယ်သွားမှုများဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ထံ တင်ပြအသနားခံလွှာတင်ခဲ့သည်။

၎င်း ပျောက်နေခဲ့ပြီး နှစ်လကြာပြီးနောက်တွင်လည်း အာဏာပိုင်များသည် ၎င်း မည်သည့်နေရာတွင် ရှိနေသည် ဆိုသည်ကို မိသားစုထံ အသိပေးခဲ့ခြင်း မရှိသလို ၎င်းဖမ်းဆီးခံရမှုနှင့် ပျောက်ကွယ်နေမှု အခြေအနေများအပေါ် စုံစမ်းစစ်ဆေးမှုတစ်ခုအတွက် မိသားစု၏ အကြိမ်ကြိမ် ပန်ကြားခဲ့မှုများကို အာဏာပိုင်များက တုံ့ပြန်ခဲ့ခြင်း မရှိပေ။ ကိုမြအေးသည် နှလုံးသွေးကြော လေးခုစလုံး ခွဲစိတ်ထားရပြီး နေ့စဥ် ဆေးသောက်ရန် လိုအပ်ကြောင်း မိသားစုက ပြောသည်။ မိသားစုသည် ရန်ကုန်အင်းစိန်အကျဥ်းထောင်တွင် ၎င်းရှိလိမ့်မည်နှင့် ဆေး၀ါးများ ၎င်းထံ ရောက်လိမ့်မည် အထင်ဖြင့် ဆေး၀ါးများနှင့် အစားအသောက်များပါသည့် အထုပ်များကို ပေးပိုခဲ့သည်။  သို့သော် ထို အထုပ်များကို ၎င်း လက်ခံရရှိခဲ့သလား ဆိုသည်ကို မိသားစုအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ကိုညီညီကျော်

မတ်လ ၆ ရက်တွင် ရဲတပ်ဖွဲ့သည် မန္တလေးမြို့တွင် ကိုညီညီကျော်ကို ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဆန္ဒပြသူတစ်ဦး၏ နာရေးအခမ်းအနားကို ၎င်း တက်ရောက်ခဲ့စဥ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ၆၂ လမ်းနှင့် ၁၀၂ လမ်းထောင့်တွင် ပြုလုပ်သည့် နာရေးအခမ်းအနားသို့ လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိခဲ့ချိန်တွင် နာရေးအခမ်းအနား တက်လာသူများသည် ကြောက်အားလန့်အား ထွက်ပြေးခဲ့ကြသည်။ ကိုညီညီကျော်သည် ပြေးနေရင်း ခလုတ်တိုက် လဲကျသွားခဲ့ရာကနေ ရဲတပ်ဖွဲ့က ၎င်းအား ချက်ချင်း ပစ်မှတ်ထား ဖမ်းဆီးသွားခဲ့ပုံရသည်ဟု ၎င်း၏ သူငယ်ချင်းဖြစ်သူက ပြောသည်။ နာရေးသို့ အခြားသော အရပ်ဘက် လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့သော်လည်း ကိုညီညီကျော် တစ်ဦးတည်းသာ ဖမ်းဆီးခံခဲ့ရသည်။

ကိုညီညီကျော် မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရသည် ဆိုသည်ကို သိရှိနိုင်ရန်အတွက် ၎င်း၏ မိသားစုသည် မန္တလေးရှိ အကျဥ်းထောင်နှစ်ခုသို့ အထုပ်များ ယူပြီး သွားခဲ့ကြသည်။ ထို အကျဥ်းထောင်နှစ်ခုစလုံးက ထိုနေရာများတွင် ၎င်းကိုထိန်းသိမ်းထားခြင်းမရှိဟု ပြောခဲ့သည်။

၎င်း ဖမ်းဆီးခံရပြီးနောက် လေးရက်အကြာ မတ်လ ၁၀ ရက်တွင် ကိုညီညီကျော်၏ သားဖြစ်သူသည် ၎င်း၏ ဖခင်ဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီးနောက် မိသားစုသည်လည်း ဘေးလွတ်ရာ ပုန်းအောင်းရန် ဆုံးဖြတ်ခဲ့သည်။ ကိုညီညီကျော်၏ ဖုန်းကို မည်သူက အသုံးပြုနေသလဲ ဆိုသည်ကို မိသားစုဘက်က မသေမချာ ဖြစ်နေခဲ့သည်။ သို့သော် ၎င်း မည်သည့်နေရာတွင် ရှိနေသည် ဆိုသည်နှင့် အဆင်ပြေသလား ဆိုပြီး မေးမြန်းမှုများကို ၎င်းက မဖြေဘဲ ထပ်တလဲလဲ ရှောင်တိမ်းခဲ့သည်။ ၎င်း၏ ဖခင်ဖြစ်သူသည် စိတ်ရှုပ်ထွေးနေပုံ ပေါ်နေခဲ့သလို CDM လှုပ်ရှားမှုတွင် ပါ၀င်ပြီး ထွက်ပြေးလျက် ရှိသည့် အခြားလူတစ်ဦးအကြောင်း မေးခွန်းများ မေးခဲ့ကြောင်း သားဖြစ်သူက မိသားစု၏ မိတ်ဆွေတစ်ဦးကို ပြောပြခဲ့သည်။ ၎င်း၏ သားဖြစ်သူက အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှု၏ အဓိက ခေါင်း‌ဆောင်များနှင့်ပတ်သက်သည့် မေးခွန်းများကို မဖြေနိုင်ခင်မှာပင် ကိုညီညီကျော်ဘက်မှ ဖုန်းချပစ်ခဲ့သည်။

“ကိုညီညီကျော် ခေါ်တာပဲ ဖြစ်နိုင်ပါတယ်၊ သူ အသက်ရှင်နေတယ်ဆိုတာကို သူ့သားကို သိစေချင်တာ ဖြစ်လိမ့်မယ်” ဟု မိသားစု၏ မိတ်ဆွေတစ်ဦးက ပြောသည်။ “သူ့သားက သူ့အဖေ အဆင်မှပြေပါ့မလား ဆိုပြီး စိုးရိမ်ပူပန်နေပါတယ်၊ ဒါ့အပြင် သူတို့ ကျန်တဲ့ မိသားစုဆီ လိုက်ဖမ်းမှာကိုလည်း ကြောက်နေတယ်၊ ဆိုတော့ သူတို့လည်း ပုန်းဖို့ လုပ်ခဲ့ပါတယ်၊ ဒီအခြေအနေက ကိုညီညီကျော်အတွက် ပိုပြီး စိုးရိမ်စရာ ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ သူက သူ့မိသားစု၀င်တွေဆီက အစားအသောက်၊ ဆေး၀ါးစတဲ့ ပေးပို့မှုတွေကိုလည်း မရဘူး၊ ဒီလိုမျိုး မိသားစုဆီက ပေးပို့မှုက မြန်မာနိုင်ငံ အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေ အသက်ရှင်ဖို့အတွက် အင်မတန် အရေးပါပါတယ်”

ကိုနေသန်မောင်နှင့် ဦးဟန်သာငြိမ်း

မတ်လ ၉ ရက်တွင် အာဏာပိုင်များသည် ရန်ကုန်ရှိ ကမာရွတ်မီဒီယာ၏ ရုံးကို ၀င်စီးခဲ့ပြီး အယ်ဒီတာချုပ် ကိုနေသန်မောင်နှင့် တွဲဖက်တည်ထောင်သူ ဦးဟန်သာငြိမ်းတို့ကို ဖမ်းဆီးခဲ့သည်။ အိမ်နီးချင်း အဆောက်အအုံတစ်ခုမှ ရိုက်ကူးမှတ်တမ်းယူထားသည့် မတ်လ ၁၀ ရက်တွင် ဖေ့ဘွတ်ခ်ပေါ် ရောက်ခဲ့သည့် ဗီဒီယိုနှစ်ခုထဲတွင် အဆိုပါ ရုံးအပြင်ဘက်တွင် အနည်းဆုံး စစ်ကား ခြောက်စီး ရပ်ထားသည်ကို တွေ့ခဲ့ရသည်။ စစ်သားများသည်လည်း အိတ်များ၊ ပစ္စည်းများကို ရုံးအဆောက်အအုံထဲမှ သယ်လာပြီး ကားများပေါ် တင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ဗီဒီယိုများထဲတွင် တွေ့ခဲ့သည့် အဆောက်အအုံများကို ဂြိုဟ်တုပုံရိပ်များနှင့် တိုက်ဆိုင်ကိုက်ညှိကြည့်ရာတွင် ယင်းသည် ကမာရွတ်မြို့ရှိ ကမာရွတ်မီဒီယာ၏ တည်နေရာဖြစ်မည်ဟု HRW က အတည်ပြုခဲ့သည်။

“သူတို့ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို ပြောနိုင်တဲ့သူ မရှိပါဘူး” ဟု ဦးဟန်သာငြိမ်း၏ မိသားစု၀င်တစ်ဦးက ပြောသည်။ ရှေ့နေများသည်လည်း အဆိုပါ နှစ်ဦးနှင့်တွေ့ခွင့်မရသလို အာဏာပိုင်များကလည်း ၎င်းတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်ကို မပြောပြကြောင်း မိသားစု၀င်တစ်ဦးက ပြောသည်။

မတ်လ ၁၀ ရက်တွင် မိသားစုများသည် အင်းစိန်ထောင်သို့ အထုပ်များ ပေးပို့ရန် ကြိုးပမ်းခဲ့သည်။ နောက်တစ်နေ့တွင် အဆိုပါ အမည်များဖြင့် လူများ ထောင်တွင် မရှိဟု ဆိုပြီး အထုပ်များကို ပြန်လာယူရန် အကျဥ်းထောင်တာ၀န်ရှိသူများက ၎င်းတို့ကို ပြောခဲ့သည်ဟု သိရသည်။

ကိုရန်ပိုင်ဟိန်း

မတ်လ ၉ ရက်တွင် အာဏာပိုင်တို့သည် ရန်ကုန် လမ်းမတော်မြို့ ၃ လမ်းမှ အသက် ၂၅ နှစ်ရှိ ကိုရန်ပိုင်ဟိန်းနှင့် အခြားမြို့ခံ ၂၂ ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းမတိုင်မီက ဆန္ဒပြမှုများကို နှိမ်နင်းရန် ကြိုးပမ်းရာတွင် ပါ၀င်ခဲ့သည့် ရဲခုနစ်ဦးကို ဆန္ဒပြသူများက ထိန်းသိမ်းခဲ့သည်။

HRW က တည်နေရာရှာနိုင်ခြင်း မရှိဘဲ အော့ဖ်လိုင်း ကော်ပီတစ်ခုကို ၀င်ကြည့်ခွင့်ရခဲ့သည့် မတ်လ ၈ ရက် ဖေ့ဘွတ်ခ်တွင် livestream လွှင့်သည့် ဗီဒီယိုတစ်ခုတွင် ကိုရန်ပိုင်ဟိန်းသည် ထိန်းသိမ်းထားသည့် ရဲများကို မြို့ခံများ မရိုက်နှက်စေရေး တားဆီးရန် ကြိုးပမ်းနေခဲ့သည်ကို တွေ့ရှိကြားသိနိုင်ခဲ့သည်။ ထို့နောက် မကြာမီ စစ်တပ်သည် ယာဥ်တန်းဖြင့် ရောက်လာခဲ့ပြီး ပစ်ခတ်သံများကိုလည်း ကြားခဲ့ရသည်။ ကိုရန်ပိုင်ဟိန်းလည်း ထွက်ပြေးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ မိသားစု၀င်များနှင့် တွေ့ဆုံမေးမြန်းခြင်းဖြင့် ဤဗီဒီယိုထဲတွင် ကိုရန်ပိုင်ဟိန်းကို HRW က ခွဲခြားဖော်ထုတ်နိုင်ခဲ့သည်။ ထို့နောက် ၎င်းသည် ချက်ချင်း အဖမ်းခံရသေးသည့် အခြားသူများနှင့်အတူ ၎င်း၏နေအိမ်သို့ ပြန်ပြေးလာခဲ့ကြောင်း မိသားစု၀င်တစ်ဦးက ပြောသည်။

ည ၁၂ နာရီ ခွဲခန့်တွင် ရဲများသည် ကိုရန်ပိုင်ဟိန်း၏ နေအိမ်ရှေ့တံခါးကို ရိုက်ချိုးဖျက်ခဲ့သည်။ နေအိမ်တွင်းသို့ စစ်သားများ ၀င်ရောက်ခဲ့ပြီး ကိုရန်ပိုင်ဟိန်းကို ဖမ်းဆီးသွားခဲ့သည်။ စစ်သားများသည် ရပ်ကွက်ထဲမှ အခြားလူငယ်အမျိုးသား ၂၂ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

“သူတို့တွေက ကျွန်မတို့ အိမ်ထဲ ၀င်ရှာပြီး ကျွန်မနဲ့ ကျွန်မ အဖေကို သေနတ်တွေနဲ့ ချိန်ထားတယ်၊ ကျွန်မအဖေကို မေးတာမြန်းတာတွေလည်း လုပ်တယ်၊ ပြီးတော့ ရန်ပိုင်ဟိန်းကို သူတို့ ခေါ်သွားတယ်” ဟု ၎င်း၏ အမဖြစ်သူက ပြောသည်။ “သူ့ကို သူတို့ ခေါ်သွားချိန်တုန်းက ကျွန်မ မောင် အရိုက်ခံရတာကို ကျွန်မ မမြင်ခဲ့ဘူး၊ ဒါပေမယ့် နောက်ပိုင်း ပြန်လွတ်လာတဲ့ အခြားတစ်ယောက်ဆီက ပြန်ကြားရတာက သူ့နှာခေါင်းရိုး ကျိုးသွားတယ်လို့ သိရတယ်၊ သွေးတွေက သူ့နှာခေါင်းထဲမှာ ခဲနေလို့ အသက်ကို ကောင်းကောင်း ရှုလို့မရဘူးလို့ သိရပါတယ်”

လုံခြုံရေးတပ်ဖွဲ့များသည် ကိုရန်ပိုင်ဟိန်းကို ရွှေပြည်သာမြို့နယ်ရှိ စစ်ကြောရေးစခန်းတစ်ခုကို ခေါ်သွားခဲ့သည်။ ထိုနေ့ညက ခေါ်ဆောင်ခံရသည့် အခြားအမျိုးသားတစ်ဦးက ပြောကြားရာတွင် ထိုစဥ်က ကိုရန်ပိုင်ဟိန်းအပါအ၀င် အမျိုးသား ၂၃ ယောက်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ သို့သော် ၎င်းနှင့် အခြားလူတစ်ချို့ နောက်တစ်နေ့ ညနေ ၅ နာရီတွင် ပြန်လွတ်ချိန်တွင် ကိုရန်ပိုင်ဟိန်းအပါအ၀င် လူခုနစ်ဦး ပျောက်နေသည်ကို သတိထားမိခဲ့သည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

အာဏာပိုင်များသည် ကိုရန်ပိုင်ဟိန်း မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်ကို မိသားစုထံ မပြောခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် ပြန်လည် လွတ်လာသူများက ၎င်းတို့သည် ကိုရန်ပိုင်ဟိန်းကို အင်းစိန်ထောင်ထဲတွင် တွေ့ခဲ့သည်ဟု မိသားစုအား ပြောခဲ့သည်။ ထို့နောက် ၎င်း၏ မိသားစုသည် အင်းစိန်ထောင်သို့ အထုပ်လေးထုပ် ပို့ခဲ့ပြီး ယင်းတို့အားလုံး ပြန်ရခြင်း မရှိပေ။ မိသားစု ရော၊ ရှေ့နေပါ ၎င်းနှင့် တိုက်ရိုက် တွေ့ခွင့်ရခဲ့ခြင်း မရှိပေ။

ကိုစိုင်းဖြိုးထိုက်

မတ်လ ၁၄ ရက်တွင် မန္တလေးမြို့ ၈၁ လမ်းနှင့် ၂၁ လမ်းထောင့်တွင် အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် ကိုစိုင်းဖြိုးထိုက်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ ကိုစိုင်းဖြိုးထိုက်၏ လက်ရှိ ပြည်ပတွင် နေထိုင်နေသော သူငယ်ချင်းတစ်ဦး၏ အဆိုအရ ကိုစိုင်းဖြိုးထိုက်သည် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကနေ စိန်ပန်းရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် အိမ်ပြန်လာခဲ့ချိန် အရပ်၀တ်များဖြင့် လက်နက်ကိုင်ထားသည့် လူတစ်စုက ၎င်း၏အရှေ့တွင် ပိတ်ရင်း ‌မိုးပေါ်ထောင်ပြီး သတိပေးပစ်ခတ်မှု လုပ်ခဲ့သည်။ ထို့နောက် ကိုစိုင်းဖြိုးထိုက်သည် ဆိုင်ကယ်မှ လဲကျသွားခဲ့ပြီး အမှတ် ၈ ရဲစခန်းရှေ့၌ အဖမ်းခံလိုက်ရသည်။  ၎င်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသလဲ ဆိုသည့် အသေးစိတ်အချက်အလက်များကို အာဏာပိုင်များက ပြောဆိုခဲ့ခြင်း မရှိပေ။ ထို့ပြင် ၎င်းနှင့်တွေ့ခွင့်ရရန် မိသားစုနှင့် ရှေ့နေထံမှ အကြိမ်ကြိမ် ပန်ကြားမှုများကိုလည်း အာဏာပိုင်များဘက်မှ ထပ်တလဲလဲ ငြင်းဆန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required