စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်ကတိပြု

စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်ကတိပြု

ပေကျင်း၊နိုဝင်ဘာ ၂၆ ။              ။ လွန်ခဲ့သည့် သီတင်းပတ်က မာလီနိုင်ငံတွင် အစ္စလာမ္မစ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားသုံးဦးအပါအဝင် လူ ၁၉ ဦးသေဆုံးပြီးနောက် အကြမ်းဖက်အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာတွင် အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၂၆ တွင်ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၀က မာလီမြို့တော်ရှိ ဟိုတယ်တစ်ခုတွင် သေနတ်သမားများက တိုက်ခိုက်ပြီးနောက် လွန်ခဲ့သည့်သီတင်းပတ်က တရုတ်နယ်ခြားပြင်ပတွင် လုံခြုံရေးလုပ်ဆောင်မှုမြင့်တင်ရန် သက်ဆိုင်ရာဋ္ဌာနများကို တရုတ်သမ္မတရှီကျင်ပင်းက တောင်းဆိုခဲ့သည်။

ဟိုတယ်တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော တရုတ်နိုင်ငံသားသုံးဦးမှာ နိုင်ငံပိုင်တရုတ်ရထားလမ်းတည်ဆောက်မှုကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိများဖြစ်သည်။

"တရုတ်နဲ့ အာဖရိကကြား လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တရုတ်က ဆက်လက်မြင့်တင်နေချိန်မှာ ကျွန်တော်တို့ဟာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုကို တိုက်ဖျက်ရာမှာ နှစ်ဖက်ပူးပေါင်းမှုကို ခိုင်မာအောင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်"ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သံတမန်များနှင့် သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ထပ်အသေးစိတ်များကိုမူ ၎င်းက မပြောကြားခဲ့ပေ။

အာဖရိကအပေါ်တရုတ်၏ ကူညီမှုသည် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်မှုမရှိကြောင်းလည်း ဝမ်က တရုတ်၏ရပ်တည်ချက်ကို ထပ်မံပြောကြားခဲ့သည်။ လာမည့်လတွင် တရုတ်သမ္မတရှီကျင်ပင်း ဇင်ဘာဘွေနှင့် တောင်အာဖရိကသို့သွားရောက်စဉ် အာဖရိကနိုင်ငံများသို့ အကူအညီသစ်များပေးအပ်မည်ဟု အကြီးတန်းတရုတ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required