ထိုင်၀မ် မီးရထားလမ်းချော်မှု လူ ၄၈ ဦးထက်မနည်း သေဆုံး

ထိုင်၀မ် မီးရထားလမ်းချော်မှု လူ ၄၈ ဦးထက်မနည်း သေဆုံး
Photo - AFP

ဧပြီ ၂

ထိုင်၀မ် အရှေ့ပိုင်းရှိ ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှာ ဧပြီ ၂ ရက်က မီးရထားတစ်စီး လမ်းချော်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူပေါင်း ၄၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါဟာ ထိုင်၀မ်ကျွန်းမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုး၀ါးဆုံး ရထားမတော်တဆမှုလည်း ဖြစ်ပါတယ်။

ဒီမတော်တဆမှုကြောင့် လူ ၄၈ ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး အခြား လူပေါင်း ၆၆ ဦးကို ‌ဆေးရုံပို့ထားရတယ်လို့ ထိုင်၀မ် အမျိုးသား မီးသတ်အေဂျင်စီက ပြောပါတယ်။

ပင်လယ်ကမ်းခြေမြို့ Hualien အနီးမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဥ်တစ်စီး ကုန်းတစ်ခုပေါ်ကနေ လျှောဆင်းပြီး ရထားကို တိုက်မိကာ ဥမင်ထဲ ၀င်ရောက်သွားခဲ့ရာကနေ ဒီမတော်တဆမှု ဖြစ်ခဲ့တာ ဖြစ်နိုင်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

“အဲဒီအနားမှာ သေချာစနစ်တကျ မရပ်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဥ်တစ်စီး ရှိနေခဲ့ပါတယ်၊ အဲဒါက ရထားလမ်းပေါ် လျှောဆင်းခဲ့တာပါ” လို့ Hualien ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ ဆိုင်ဒင်းဆီအန်က သတင်းထောက်တွေကို ပြောပါတယ်။

“ဒါကတော့ ကျွန်တော်တို့ ကနဦး နားလည်ထားတာပါ၊ ဖြစ်စဥ် ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာသိရဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်” လို့ ၎င်းက ပြောခဲ့ပါတယ်။ လူအများအပြား သေဆုံး၊ထိခိုက်မှု ဖြစ်စဥ်အတွက် ပြင်ဆင်ဖို့ ဆေးရုံတွေကို ထိုင်၀မ်သမ္မတ ဆိုင်ယင်၀မ်က ညွှန်ကြားထားတယ်လို့ သူမရဲ့ ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly