အာဏာသိမ်းမှုကြောင့် မြန်မာသည် နိုင်ငံပြိုလဲမည့် အလားအလာဆီ တဖြည်းဖြည်းချင်း ရွေ့နေ

အာဏာသိမ်းမှုကြောင့် မြန်မာသည် နိုင်ငံပြိုလဲမည့် အလားအလာဆီ တဖြည်းဖြည်းချင်း ရွေ့နေ

ရစ်ချတ် ဟော့ဆေး (အကြီးတန်းအကြံပေးပုဂ္ဂိုလ်)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေမှုများသည် ကြီးလေးသော လူ့အခွင့်အရေးဆိုင်ရာ ကပ်ဆိုက်သော အကျပ်အတည်းကာလ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လက်နက်မဲ့ ဆန္ဒပြသူများ၊ ဘေးမှရပ်ကြည့်သူများ၊ ဆေးဘက်ဆိုင်ရာ ကနဦးပြုစုသူများ၊ နေအိမ်များတွင်းရှိ က‌လေးငယ်များ အပါအ၀င် လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးထားခဲ့ရသည်။

ထို့ပြင် မိမိတို့အနေဖြင့် ဤ အင်မတန် ပြင်းထန်စိုးရိမ်ရသည့် အခြေအနေနှင့် အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရသည်။ နိုင်ငံတွင် စစ်တပ်သည် နောက်ပြန်ဆုတ် တပ်ခေါက်မည့် လက္ခဏာရပ်များကို ပြသခြင်း မရှိသလို အမှန်အားဖြင့်ဆိုလျင် ပြီးခဲ့သည့် မကြာသေးသော နေ့ရက်များအတွင်း လက်နက်မဲ့ ဆန္ဒပြသူများအပေါ် RPG များ၊ လက်ပစ်ဗုံးများသုံးပြီး ယင်း၏ အကြမ်းဖက်မှု လယ်ဗယ်ကို တိုးမြှင့်လုပ်ဆောင်နေသည်။

သို့သော် တစ်ချိန်တည်းမှာပင် နိုင်ငံတ၀န်းရှိ ဆန္ဒပြသူများနှင့် ပြည်သူအများစုကလည်း ယခုတိုက်ပွဲကို အရှုံးမပေးရန် အခိုင်အမာ သိန္နိဋ္ဌာန်ချထားသည်ကို ပြသထားသည်။

သို့ရာတွင် အ‌ခြေအနေသည် လူ့အခွင့်အရေး ကပ်ဆိုက်သော အကျပ်အတည်းကာလတစ်ခု ဆိုသည်ထက် အတော်ပင် ပို၍ ကြီးလေးပြင်းထန်နေသည်။ ယင်းအတွက်ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံပြိုလဲမှုအောက်သို့ သက်ဆင်းသွားနိုင်သည့် အန္တရာယ်တစ်ခုလည်း ရှိနေသည်။ ယင်းသည် မည်သို့ အဓိပ္ပါယ်ရသလဲ။

ဆိုလိုသည်မှာ ယခုလက်ရှိဖြစ်စဥ်ကာလတွင် စီးပွားရေး လည်ပတ်လှုပ်ရှားမှုသည် ရပ်နေခဲ့သည်။ စျေးများသည် ပုံမှန်အတိုင်း မလည်ပတ်တော့သည့် အခြေအနေ စဖြစ်လာနေသည်။ အစားအသောက် ရရှိနိုင်မှုက ကျဆင်းနေသည်။ နောက်ပြီး ပြည်သူများ၏ အစားအသောက် ၀ယ်ယူနိုင်စွမ်းသည် စီးပွားရေးအကျပ်အတည်းကြောင့် ကျဆင်းလျော့နည်းနေသည်။

ယင်းအတွက်ကြောင့် မိမိတို့တွင် လူ့အခွင့်အရေး အကျပ်အတည်းတစ်ခု ရှိနေသည်။ စီးပွားရေးအကျပ်အတည်းတစ်ခု ရှိနေသည်။ လုံခြုံရေး အကျပ်အတည်းတစ်ခု ရှိနေသည်။ မကြာမီ နေရပ်စွန့်ခွာမှု အကျပ်အတည်းတစ်ခု မိမိတို့တွင် ရှိလာနိုင်သည်။
ထို့အတွက်ကြောင့် မိမိတို့တွင် ဘက်ပေါင်းစုံ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အခြေအနေတစ်ခု ရှိနေပြီး ယင်းသည် အနီးဆုံး ရှေ့အနာဂတ်ကာလအတွင်း ပျောက်ပျက်သွားမည် မဟုတ်ပေ။

ဤအခြေအနေကို စေ့စပ်ဆွေးနွေးခြင်း၊ အပေးအယူလုပ် ညှိခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်သလား။

မြန်မာနိုင်ငံရှိ လက်ရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အကြီးမားဆုံး စိန်ခေါ်မှုများအနက် တစ်ခုမှာ စစ်အစိုးရသည် အပြန်အလှန် ဆွေး‌နွေးခြင်း၊ စေ့စပ်ဆွေး‌နွေးခြင်း နှင့် အပေးအယူလုပ်ခြင်းနှင့်ပတ်သက်ပြီး စိတ်၀င်စားဟန်ကို ပြသမှု မရှိခြင်းပင် ဖြစ်သည်။

ထို့ပြင် လက်နက်မဲ့ ဆန္ဒပြသူများအပေါ် ကြောက်မက်ဖွယ် မတော်တလျော် အင်အားသုံးသည့် ယင်း၏ လုပ်ရပ်များအရလည်း အနာဂတ်တွင် ဤစစ်အစိုးရကို နိုင်ငံအုပ်ချုပ်မှုတွင် အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်စေရန်အတွက် နိုင်ငံပြည်သူများဘက်မှ လက်ခံနိုင်သည်ဆိုသည့် စိတ်ကူးမှန်းဆချက်မှာ မဖြစ်နိုင်သလောက်နီးပါး အခြေအနေကို ဖြစ်စေလျက် ရှိသည်။ ယင်းအတွက်ကြောင့်လည်း စစ်အစိုးရသည် အကယ်၍ ဆန္ဒရှိပါက ဤအကျပ်အတည်းကနေ ရုန်းထွက်နိုင်မည့် လမ်းကြောင်းများကို ယင်းဘာသာပင် ပိတ်ဆို့ဖြတ်တောက်နေသည်။

ထို့ပြင် နိုင်ငံ၏ ပြည်သူတစ်ရပ်လုံးနီးပါးက ယင်းကို ဆန့်ကျင်လျက်ရှိနေစဥ် မြန်မာနိုင်ငံသည် အလွန်တရာ ခက်ခဲသော နိုင်ငံတကာပတ်၀န်းကျင်တစ်ခုကိုလည်း ရင်ဆိုင်နေရသည်။ အာဆီယံသည် ယင်း၏ ဒေသတွင်းအုပ်စု၏ အလယ်ဗဟိုတွင် ကျရှုံးနိုင်ငံတစ်ခု ရှိစေခြင်းအတွက် အရဲစွန့်ရရန် ရှိနေသည်။

မြန်မာနိုင်ငံရှိ မတူညီသော အစဉ်အဆက် စစ်အစိုးရများ၊ အစိုးရများကို အမြဲတမ်း ထောက်ခံပေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိမ်နီးချင်း စူပါပါ၀ါ တရုတ်နိုင်ငံသည်တောင်မှ ယခု အခြေအနေအပေါ် မ‌ပျော်မရွှင်ဖြစ်နေကြောင်း ထုတ်ဖော်ထားသည်။ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်သည့် လုပ်ရပ်ကြောင့် ယင်း၏ စီးပွားရေး အကျိုးတရားများအပေါ် ထိခိုက်စေခဲ့သည့် အချက်ကြောင့် တရုတ်သည် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေမည်မှာ ရှင်းလင်းသည်။

မြန်မာအာဏာသိမ်းမှုနှင့် အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း နိုင်ငံတိုင်းနီးပါးက ထုတ်ဖော်ပြောဆိုထားသည်။ မြန်မာတွင် အင်မတန်နည်းပါးသည့် မိတ်ဆွေများသာ ရှိနေသည်။

ယင်းအတွက်ကြောင့် ဆိုလိုသည်မှာ ကမ္ဘာတ၀န်းရှိ အခြားသော အခြေအနေတစ်ချို့နှင့်မတူဘဲ ဒေသတွင်း အင်အားကြီးနိုင်ငံများနှင့် အနောက်အုပ်စု အင်အားကြီးနိုင်ငံများအကြား အကျိုးစီးပွားဆိုင်ရာ တူညီပေါင်းစုံခြင်း သို့မဟုတ် အနည်းဆုံးအားဖြင့် အကျိုးစီးပွားချင်း တစ်ထပ်တည်းကျခြင်း ရှိသည်။

ထို အကျိုးစီးပွားချင်း တစ်ထပ်တည်းကျမှုကို အသုံးချနိုင်ရန် အင်မတန် အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် အခြေအနေကို ရှေ့ဆက်ရွေ့စေရန် အမှန်တကယ် အကူအညီဖြစ်စေခြင်း မရှိသည့် အရှေ့နှင့် အနောက်အုပ်စုအကြား ကွဲလွဲမှုထက် စာပါက ယင်းက အ‌တော်ပင် ပိုပြီး အစွမ်းထက်အားကောင်းခြင်းကြောင့်ဖြစ်သည်။

၀မ်းနည်းဖွယ် အမှန်တရားမှာ လက်ရှိအချိန်တွင် စစ်အစိုးရသည် ဘယ်လိုအကြမ်းဖက်မှုကိုမဆို သုံးပြီး အာဏာကို ဆက်လက်ဆွဲကိုင်ထားရန်နှင့် ယင်း၏ အာဏာကို ဖြစ်သည့်နည်းနှင့် စုစည်းကြိုးပမ်းရန် ဆုံးဖြတ်ထားပုံ‌ပေါ်နေသည်။

ယင်းသည် အပြန်အလှန် ဆွေး‌နွေးမှု၊ အပေးအယူလုပ် ညှိနှိုင်းမှု၊ စေ့စပ် ဆွေးနွေးမှုတို့တွင် စိတ်၀င်စားမှု မရှိသည့် ပုံပေါ်နေသည်ဖြစ်ရာ ဒေသတွင်း နိုင်ငံတစ်ချို့က တောင်းဆိုထားသော ဖျန်ဖြေစေ့စပ်မှု နည်းလမ်းသည် လက်ရှိအခိုက်အတန့်တွင် စားပွဲဝိုင်းပေါ် ရောက်လာမည့်ပုံ မပေါ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly