ရှင်းကျန်းဒေသထွက် ချည်ထုတ်ကုန်များ ၀ယ်ယူရန် ငြင်းဆန်သည့် H&Mသည် တရုတ်တွင် တုံ့ပြန်ဆန်ကျင်မှုနှင့်ကြုံတွေ့

By Sify.com
02 April 2021
ရှင်းကျန်းဒေသထွက် ချည်ထုတ်ကုန်များ ၀ယ်ယူရန် ငြင်းဆန်သည့် H&Mသည် တရုတ်တွင် တုံ့ပြန်ဆန်ကျင်မှုနှင့်ကြုံတွေ့

ဧပြီ ၂

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၌ ထုတ်လုပ်သော ချည်ထုတ်ကုန်များကို ၀ယ်ယူရန် ငြင်းဆန်မှုအတွက် ဆွီဒင် အ၀တ်အထည် လက်လီလုပ်ငန်းကုမ္ပဏီကြီး H&M သည် ယခုအခါ တရုတ်နိုင်ငံအတွင်း တုံ့ပြန်ဝေဖန်ဆန့်ကျင်မှုတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ ရှင်းကျန်းဒေသတွင် တရုတ် ကွန်မြူနစ်အစိုးရသည် ဝီဂါများနှင့် အခြား မျိုးနွယ်စုလူနည်းစုများအပေါ် ကြမ်းကြုတ်ရက်စက်သောလုပ်ရပ်များ ကျူးလွန်နေပြီး ယင်းအပေါ် “လူမျိုးတုန်း သတ်ဖြတ်မှု” အဖြစ် နိုင်ငံအချို့က သတ်မှတ်ပြောဆိုထားခဲ့ကြသည်။

ယခုအခါ H&M ထုတ်ကုန်များသည်  JD ၊ Taobao နှင့် Pinduoduo အပါအ၀င် တရုတ်၏ အဓိက e-commerce စီးပွားရေးပလက်ဖောင်းအားလုံးကနေ ဖယ်ရှားခံခဲ့ရသည်ဟု တရုတ်ပြည်မကြီး သတင်းမီဒီယာများက ဖော်ပြခဲ့ကြောင်း South China Morning Post (SCMP) က ဖော်ပြသည်။

မတ်လ ၂၁ ရက်နေ့က ထိုစီးပွားရေးပလက်ဖောင်းများပေါ်တွင် H&M ထုတ်ကုန်များကို ရှာဖွေမှုများ လုပ်ဆောင်ရာ ရလဒ်များ မတွေ့ရှိဟု သိရသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး အ၀တ်အစား လက်လီလုပ်ငန်း H&M က ယမန်နှစ်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ယင်းအနေဖြင့် ရှင်းကျန်းဒေသမှ ချည်များကို ဝယ်ယူအသုံးပြုခြင်းမလုပ်ဟု ပြောခဲ့သည်။ “ရှင်းကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိတဲ့ ဘယ် အထည်ချုပ် စက်ရုံတွေနဲ့မှ ကျွန်တော်တို့ အတူ အလုပ်မလုပ်ပါဘူး၊ ဒီ ဒေသကနေ ထုတ်ကုန်တွေကိုလည်း ကျွန်တော်တို့ ဝယ်ယူခြင်းမလုပ်ပါဘူး” ဟု ကုမ္ပဏီက ပြောခဲ့သည်။

တရုတ်သည် H&M အတွက် စတုတ္ထမြောက် အကြီးဆုံး စျေးကွက် ဖြစ်သလို ယင်းကုမ္ပဏီသည် တရုတ်နိုင်ငံတွင် စတိုးပေါင်း ၅၂၀ ရှိရာ စတိုးပေါင်း ၅၉၃ ဆိုင်ရှိသည့် အမေရိကန်ပြီးလျင် တရုတ်သည် ဒုတိယနေရာတွင် ရှိနေကြောင်း SCMP က ဖော်ပြသည်။

မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှုဆိုင်ရာ စင်တာမှ အစီရင်ခံစာတစ်ရပ်အရ တရုတ်သည် တကမ္ဘာလုံးရှိ ချည်ထုတ်ကုန်များ၏ ၂၂ ရာခိုင်နှုန်းကို ထုတ်လုပ်နေပြီး ယင်းအနက် ၈၄ ရာခိုင်နှုန်းမှာ ရှင်းကျန်းဒေသမှ လာခြင်းဖြစ်ကြောင်း သိရသည်။

ရှင်းကျန်းဒေသရှိ လူနည်းစုဖြစ်သော မျိုးနွယ်စု များအပေါ် ပြုမူဆက်ဆံမှုအတွက် အမေရိကန်၊ ဥရောပသမဂ္ဂ(အီးယူ) ၊ ကနေဒါ၊ ယူကေနှင့် တရုတ်အကြား အရေးယူဒဏ်ခတ်မှုများ အပြန်အလှန် လုပ်ဆောင်ပြီးနောက် တစ်ရက်အကြာတွင် H&M အ‌ပေါ် တုံ့ပြန်မှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

 “ရှင်းကျန်း ချည်ထုတ်ကုန်တွေကို အသရေပျက်စေပြီး သပိတ်မှောက်ပြီးတော့ တရုတ်မှာ ငွေကြေးအကျိုးအမြတ်ရဖို့ မျှော်လင့်နေတယ်‌ပေါ့လေ၊ အဲဒီအတွက် အိပ်မက်ထဲတောင် ထည့်မမက်နဲ့တော့” ဟု ကွန်မြူနစ်လူငယ်အဖွဲ့အစည်းက တရုတ် ဆိုရှယ်ပလက်ဖောင်း Weibo တွင် ပြောခဲ့သည်။

ထို့ပြင် အဆိုပါ လူငယ်အဖွဲ့အစည်းက ပြီးခဲ့သည့်အပတ် အမေရိကန်နှင့်တရုတ် တာ၀န်ရှိသူများ အလက်စကာ၌တွေ့ဆုံခဲ့စဥ် တရုတ်နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ယန်ကျဲ့ချီ၏ ထုတ်ပြန်ချက်များနှင့်ပတ်သက်သည့်ပေါ်ပြူလာဖြစ်သည့် memes များကို ရည်ရွယ်ချက်တစ်မျိုးဖြင့် ပြန်လည်အသုံးပြုခဲ့သည်။

“H&M ရေ၊ မင်းတို့ရဲ့ ဘက်လိုက်တဲ့ ကြည့်မှန်ဘီလူးတွေ ဖယ်လိုက်ပါ၊ သတင်းမှားတွေ ဖြန့်နေတာတွေကို  ချက်ချင်းရပ်လိုက်ပါ၊ ရှင်းကျန်း ချည်ထည်တွေကို မ၀ယ်နဲ့ ဆိုတဲ့ သတင်းမှားတွေ ဖြန့်နေတာတွေကို ရပ်လိုက်ပါတော့” ဟု ၎င်းတို့က ပြောခဲ့သည်။

ပေါ်ပြူလာ Weibo ပို့စ်တစ်ခုတွင်လည်း အင်တာနက် သုံးသူတစ်ဦးက ၎င်းအနေဖြင့် ကုမ္ပဏီ၏ ထုတ်ပြန်ချက်ကိုဖတ်ပြီးတဲ့နောက် အလုပ်ကနေ ထွက်လိုက်ပြီဖြစ်ကြောင်း ပြောထားခဲ့သည်ဟု SCMP က ဖော်ပြသည်။

“အချိန်အကြာကြီး လုပ်ခဲ့တဲ့ ၀န်ထမ်းတစ်ဦးဖြစ်ပေမယ့် ကျွန်တော်ဟာ ခုချိန်မှာ အလုပ်နုတ်ထွက်တဲ့ လမ်းစဥ်ကိုစတင်လုပ်ဆောင်ပါပြီ၊ နှုတ်ဆက်ခဲ့ပါတယ် ဘိုင်ဘိုင် H&M” ဟု အဆိုပါ ပို့စ်တွင် ရေးသားထားသည်။ ယင်းပို့စ်သည် အကြိမ်ပေါင်း ၂၀၀,၀၀၀ ကျော်အထိ like ရခဲ့သည်။

ထို့ပြင် တရုတ်အကျော်အမော်ပုဂ္ဂိုလ်တစ်ချို့သည်လည်း မဆိုင်းမတွပင် H&M နှင့် ပတ်သက်မှုများကို ဖျက်သိမ်းခဲ့ကြပြီး မင်းသား ဟွမ်ရွှမ်ကလည်း ၎င်းသည် ဆွီဒင် အ၀တ်အထည်ကုမ္ပဏီ H&Mနှင့် စီးပွားရေးအရ ပတ်သက်မှုအားလုံးကို အဆုံးသတ်လိုက်ပြီဟု မတ်လ ၂၁ ရက်နေ့တွင် ပြောခဲ့ကြောင်း SCMP က ဖော်ပြသည်။
 “တရုတ်နဲ့ လူ့အခွင့်အရေးအပေါ် အသရေဖျက်ပြီး အပုပ်ချတဲ့ ဘယ်လိုအပြုအမူမျိုးကိုမဆို မင်းသား ဟွမ်ရွှမ်နဲ့သူ့အဖွဲ့က ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် တရုတ်အဆိုတော် ဗစ်တိုးရီးယား ဆုန်းကလည်း သူမသည် H&M နှင့်အကြား ဘယ်လိုနည်းနှင့်မှ မပတ်သက်တော့ဟု မတ်လ ၂၁ ရက်နေ့တွင် ပြောခဲ့သည်။

“နိုင်ငံ့အကျိုးစီးပွားက အခြားအရာတွေထက် ပိုအရေးကြီးပါတယ်၊ ဗစ်တိုးရီးယား ဆုန်းအနေနဲ့ တရုတ်နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ဘယ်လိုအပြုအမူတိုင်းကိုမဆို ဆန့်ကျင်ကန့်ကွက်ပါတယ်၊ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေကို အပုပ်ချဖို့၊ အရှက်ရစေဖို့အတွက် စီးပွား‌ရေးဆန်တဲ့ နည်းလမ်းတွေ အသုံးပြုတဲ့ ဒီလို လုပ်ရပ်တွေကိုပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” ဟု သူမက ပြောခဲ့သည်။

တရုတ်သည် ဝီဂါ မွတ်ဆလင်များကို ထိန်းသိမ်းရေး ကမ့်စခန်းများသို့ စေလွှတ်ပို့ဆောင်ခြင်း၊ ၎င်းတို့၏ ဘာသာရေး လုပ်ဆောင်ချက်များကို စွက်ဖက်ခြင်းနှင့် အတင်းအကျပ် ခိုင်းစေသောပုံစံဖြင့် ပြန်လည်ပညာပေးခြင်းသို့မဟုတ် အယူဝါဒသွတ်သွင်းခြင်းကို ခံယူစေရန် လုထုအဖွဲ့အစည်းမှ အဖွဲ့၀င်များကို စေလွှတ်ခြင်းများဖြင့် ဝီဂါများကို ဖြိုခွင်းနှိမ်နင်းသည့်အတွက် တကမ္ဘာလုံး၏ ပြစ်တင်ခြင်းကို ခံထားခဲ့ရသည်။
ဂျာနယ်လစ်များ၊ NGO များနှင့် ထိန်းသိမ်းခံရဖူးသူများထံမှ အစီရင်ခံထုတ်ဖော်မှုများ ပေါ်ထွက်ပြီး ဝီဂါမျိုးနွယ်စုအပေါ် တရုတ်ကွန်မြူနစ်ပါတီ၏ လူမဆန်သော ဖြိုခွင်းမှုများကို မီးမောင်းထိုးပြသချိန် ပေကျင်းသည် ရှင်းကျန်းရှိဝီဂါများအပေါ် လူ့အခွင့်အရေး နှိပ်စက်ညှင်းပန်းမှုများကို ပတ်သက်လုပ်ဆောင်ခြင်း မရှိဟု အပြင်းအထန် ငြင်းဆိုပြောကြားထားခဲ့သည်။

ဝီဂါများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို “လူမျိုးတုန်း သတ်ဖြတ်မှု” အဖြစ် ယခင် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဟောင်း မိုက် ပွန်ပဲယိုးက ပြောခဲ့သည်။ ပေကျင်းသည် သက်သေအထောက်အထားများကို ဖျက်ရန် ဒေသအတွင်းမှ သတင်းအချက်အလက် စီးဆင်းမှုအပေါ် ကန့်သတ်ထားသောကြောင့် နိုင်ငံများအနေဖြင့် ယင်းတို့ တတ်နိုင်သမျှအစွမ်းကုန် စူးစမ်းလေ့လာစုံစမ်းမှုများကို လုပ်ဆောင်ထားခဲ့ရသည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ဝီဂါများနှင့် အခြား အစုအဖွဲ့များအပေါ် ကြီးမားသည့် နိုင်ငံရေးဆိုင်ရာ “ပြန်လည်ပညာပေးရေး” ကမ်ပိန်းတစ်ခုကို ရှင်းကျန်းရှိ အစိုးရက ဆောင်ရွက်ခဲ့ပြီး လူတစ်သန်းကျော် ကမ့်စခန်းများ၌ ထိန်းသိမ်းခံရခြင်း၊ အချို့သည် အကျဥ်းထောင်သို့ ရွှေ့ပြောင်းခံရခြင်း၊ အချို့မှာ စက်ရုံများတွင် အလုပ်လုပ်ရန် ဖိအားပေးခံရခြင်း တို့ ရှိခဲ့သည်ဟု ပညာရှင်များက ခန့်မှန်း မှန်းဆခဲ့ကြကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly