ဝီဂါများနှင့် ဂျာနယ်လစ်များကို ပစ်မှတ်ထားသည့် တရုတ်ဟက်ကာများ၏ လုပ်ဆောင်မှုများကို ဖေ့ဘွတ်ခ်ဟန့်တားအရေးယူ

ဝီဂါများနှင့် ဂျာနယ်လစ်များကို ပစ်မှတ်ထားသည့် တရုတ်ဟက်ကာများ၏ လုပ်ဆောင်မှုများကို ဖေ့ဘွတ်ခ်ဟန့်တားအရေးယူ

ဧပြီ ၂
 
ရှင်းကျန်းဒေသမှ ဝီဂါအများစုအပါအ၀င် အစိုးရနှင့် သဘောထားကွဲလွဲသူများအပေါ် ပစ်မှတ်ထားလုပ်ဆောင်နေခဲ့သည့် တရုတ် ဟက်ကာအဖွဲ့တစ်ခုအပေါ် အမေရိကန် လူမှုမီဒီယာကုမ္ပဏီ ဖေ့ဘွတ်ခ် (Facebook) က အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခဲ့ကြောင်း ကုမ္ပဏီ၏ ဆိုက်ဘာသူလျှိုမှု ထောက်လှမ်းရေးအဖွဲ့က မတ် ၂၁ တွင် ထုတ်ပြန်ခဲ့သည်။

 “Earth Empusa သို့မဟုတ် ဒုစရိုက်မျက်လုံးအဖြစ် လုံခြုံရေးလုပ်ငန်းထဲမှာ သိကြတဲ့ တရုတ်ဟက်ကာအဖွဲ့တစ်ခုအပေါ် ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အရေးယူဆောင်ရွက်ချက်တွေကို ဒီကနေ့မှာ ကျွန်တော်တို့ မျှ‌ဝေပြောပြပါရစေ။ အင်တာနက်ပေါ်က လူတွေရဲ့ အကောင့်တွေကို ဟက်ကာတိုက်ခိုက်ဖို့၊ အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲ တွေ ပျံ့နှံ့စေဖို့၊ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို အလွဲသုံးစားလုပ်ဖို့အတွက် သူတို့ရဲ့ အခြေခံအဆောက်အအုံကို အသုံးပြုနိုင်စွမ်းအပေါ် အလျဥ်ပြတ်အောင် ကျွန်တော်တို့ နှောင့်ယှက်ဟန့်တားအရေးယူလုပ်ဆောင်ခဲ့ပါတယ်။ များသောအားဖြင့်တူရကီ၊ ကာဇက်စတန်၊ အမေရိကန်၊ ဆီးရီးယား၊ သြစတြေးလျ၊ ကနေဒါနဲ့ အခြားနိုင်ငံတွေလိုမျိုး ပြည်ပမှာနေထိုင်ကြတဲ့ တရုတ် ရှင်ကျန်းဒေသက ဝီဂါအများစုအပါအ၀င် အစိုးရနဲ့ သဘောထားဆန့်ကျင်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေအပေါ် သူတို့ ပစ်မှတ်ထားခဲ့တာပါ” ဟု ဖေ့ဘွတ်ခ် (Facebook) ကုမ္ပဏီ၏ ဆိုက်ဘာ သူလျှိုမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုဌာန အကြီးအကဲ မိုက်ခ် ဒက်ဗီလ်ယန်စကီးနှင့် လုံခြုံရေးမူဝါဒ အကြီးအကဲနေသန်နီယယ် ဂလိုင်ချာက ပြောသွားခဲ့သည်။

ဟက်ကာများ အသုံးပြုခဲ့သည့် အန်းဒရွိုက် malware (အန္တရာယ်ရှိသည့် ဆော့ဖ်ဝဲ) အချို့၏ နောက်ကွယ်တွင်တရုတ်ကုမ္ပဏီများဖြစ်သည့် Beijing Best United နည်းပညာကုမ္ပဏီလီမိတက် (Best Lh) နှင့် Dalian 9Rush နည်းပညာကုမ္ပဏီလီမိတက်တို့ ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း ဖေ့ဘွတ်ခ်က ပြောသည်။
ဖေ့ဘွတ်ခ်သည် အန္တရာယ်ရှိသည့် domain များကို ယင်း၏ ပလက်ဖောင်းပေါ်တွင် ဝေမျှခြင်းကနေ တားဆီးပိတ်ဆို့ခြင်းဖြင့် တရုတ်ဟက်ကာများ၏ လုပ်ဆောင်မှုကို နှောင့်ယှက်ပျက်ပြားစေခဲ့သလို အဆိုပါအဖွဲ့၏ အကောင့်များကို ဖြုတ်ချခဲ့ပြီး ပစ်မှတ်ထားခံရသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အကြောင်းကြားခဲ့သည်။

အဆိုပါ ဥပဒေနှင့်ဆန့်ကျင်နေသည့် ဟက်ကာများသည် လူသိများသော ဝီဂါနှင့် တူရကီ သတင်းဆိုဒ်များအတွက်တစ်ထေရာတည်းတူသည့် domain များ သုံးထားသည့် အန္တရာယ်ရှိသော ၀က်ဘ်ဆိုဒ်များ ထူထောင်ခြင်း သို့မဟုတ်၎င်းတို့၏ ပစ်မှတ်များ မကြာခဏ ၀င်ရောက်ကြည့်ရှုသည့် တရား၀င် ၀က်ဘ်ဆိုဒ်များကို ထိခိုက်အောင်လုပ်ဆောင်ခြင်းတို့ ရှိခဲ့ကြောင်း၊ အချို့၀က်ဘ်ဆိုဒ်များတွင် အန္တရာယ်ဖြစ်စေနိုင်သည့် javascript ကုဒ်လည်း ပါ၀င်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 “ဒီ ဟက်ကာအဖွဲ့က သူတို့ ပစ်မှတ်ထားတဲ့ လူတွေရဲ့ ယုံကြည်မှု တည်ဆောက်ဖို့၊ နောက်ပြီး အန္တရာယ်ရှိတဲ့ လင့်ခ်တွေကို ပရိယာယ်ဆင်ပြီး ကလစ်နှိပ်စေဖို့အတွက် ဝီဂါအသိုင်းအဝိုင်းက အဖွဲ့၀င်တွေ ဒါမှမဟုတ် လူ့အခွင့်အရေးထောက်ခံကာကွယ်လှုပ်ရှားသူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဂျာနယ်လစ်တွေအဖြစ် သရုပ်သကန်တွေဖန်တီးဖို့ ဖေ့ဘွတ်ခ်ပေါ်မှာ အကောင့်တုတွေ အသုံးပြုလုပ်ဆောင်ခဲ့ပါတယ်” ဟု ယင်းက ဖြည့်စွက်ပြောထားသည်။

ဖေ့ဘွတ်ခ် လုံခြုံရေး ကျွမ်းကျင်ပညာရှင်များအနေဖြင့် ဆိုက်ဘာ သူလျှိုမှု ကမ်ပိန်းများအပါအ၀င် အမျိုးမျိုးသော ခြိမ်းခြောက်မှုများ၊ နိုင်ငံအစိုးရတစ်ရပ်၏ ပံ့ပိုးအားပေးမှုကို ရထားသည့် ဟက်ကာများနှင့် အခြားအဖွဲ့များထံမှ ယင်း၏ ဖေ့ဘွတ်ခ် (Facebook) ပလက်‌ဖောင်းကို ဟက်ကာလုပ်ခြင်းနှင့် လွှမ်းမိုးခြယ်လှယ်မှုဆိုင်ရာလုပ်ဆောင်ချက်များကို ရှာဖွေဖော်ထုတ် တားဆီးရန် လုပ်ဆောင်လျက် ရှိသည်။

ဤ ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် ဖေ့ဘွတ်ခ် (Facebook) အဖွဲ့များသည် ရန်သူ့လုပ်ဆောင်ချက်များကို နှောင့်ယှက်ဟန့်တား အလျဥ်ပြတ်စေပြီး ယင်းတို့ကို မအောင်မြင်စေရေး လုပ်‌ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required