မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် ကုမ္ပဏီများကို ထပ်တိုးအရေးယူဒဏ်ခတ်မှုများ ယူကေ ချမှတ်

မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် ကုမ္ပဏီများကို ထပ်တိုးအရေးယူဒဏ်ခတ်မှုများ ယူကေ ချမှတ်
Photo - AFP

ဧပြီ ၂

ယူကေအစိုးရသည် အာဏာသိမ်း မြန်မာစစ်တပ် (တပ်မတော်) ကို ပစ်မှတ်ထားသည့် နောက်ထပ် အရေးယူမှုအစီအမံများကို ကြေညာခဲ့ပြီး စစ်တပ်နှင့် ဆက်စပ်နေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ထုတ်ပြန်ခဲ့သည်။

MEC အပေါ် ချက်ချင်းချမှတ်ဆောင်ရွက်မည့် အရေးယူပိတ်ဆို့မှုများသည် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် စစ်တပ်၏ ပါ၀င်ပတ်သက်မှုအပေါ် တုံ့ပြန်သောအားဖြင့် ချမှတ်လုပ်ဆောင်ခြင်း ဖြစ်သည်။ MEC သည် စစ်တပ်ကို ငွေကြေးများ ပံ့ပိုးကူညီပေးနေသလို စစ်တပ်အဆင့်မြင့်အရာရှိများနှင့်လည်း ပတ်သက်နေသည့်အတွက် ယူကေက ယခုကဲ့သို့ အရေးယူမှုများကို ချမှတ်ခြင်းဖြစ်သည်။

MEC ဒါရိုက်တာများဘုတ်အဖွဲ့သည် အဓိကအားဖြင့် ကြည်း၊ ရေ၊ လေ စစ်ဦးစီးအရာရှိချုပ်များနှင့် စစ်ထောက်ချုပ်ဟောင်းတို့အပါအ၀င် လက်ရှိတာ၀န်ထမ်းဆောင်နေသည့် သို့မဟုတ် အငြိမ်းစားယူထားသည့် စစ်ဘက်အမှုထမ်းပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။

MEC ကို အရေးယူဒဏ်ခတ်မှုသည် ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုစနစ်၏ သတ်မှတ်ထားမှုအရ MEC က ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသော မည်သည့် လက်အောက်ခံလုပ်ငန်းကုမ္ပဏီများကိုမဆို ရန်ပုံငွေများ သို့မဟုတ် စီးပွားရေးအရင်းအမြစ်များ ထောက်ပံ့ပေးခြင်းကို တားမြစ်မည်ဖြစ်သည်။

ပိုင်ဆိုင်မှု ထိန်းချုပ်ကန့်သတ်မှုအရ အရေးယူဒဏ်ခတ်ခံထားရသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းက ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသော ရန်ပုံငွေများ သို့မဟုတ် စီးပွားရေးအရင်းအမြစ်များကို တစ်ဦးတစ်ယောက်က ပတ်သက်အသုံးပြုမှုကို တားဆီးမည်ဖြစ်သည်။

ထို့ပြင် ယခု MEC ကိစ္စရပ်တွင် အ‌ရေးယူဒဏ်ခတ်ခံထားရသည့် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း၏ အကျိုးတရားအတွက် ရန်ပုံငွေများ သို့မဟုတ် စီးပွားရေးအရင်းအမြစ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ဖြစ်စေ အခြားသူတစ်ဦးဦးက ထောက်ပံ့ပေးခြင်းကိုလည်း တားမြစ်သည်။

ယခုကဲ့သို့ ယူကေက ထပ်တိုးအရေးယူဒဏ်ခတ်မှုများ ချမှတ်ခြင်းအပေါ် Burma Campaign UK က ကြိုဆိုသွားခဲ့သည်။ သို့သော် မြန်မာအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ကုန်သွယ်မှုပိတ်ပင်မိန့်တစ်ခု ရရှိရေး၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး လုပ်ဆောင်ချက်များကို ပံ့ပိုးရေး၊ ကုလ လုံခြုံ‌ရေးကောင်စီ၌ မြန်မာနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ရပ် ရယူနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြင့် ပိုမို လုပ်ဆောင်သွားရန် Burma Campaign UK က ဗြိတိန်ကို တိုက်တွန်းတောင်းဆိုသွားခဲ့သည်။
“မြန်မာစစ်တပ်ကို ဖိအားပေးဖို့အတွက် အခွင့်အလမ်းမှန်သမျှကို အသုံးပြုရပါလိမ့်မယ်” ဟု ပြောရေးဆိုခွင့်ရှိသူ အန်နာ ရောဘတ်စ်က ပြောခဲ့သည်။ “ဒေါမနစ် ရဲဘ်အနေနဲ့ ခုထက်ပိုပြီး လုပ်နိုင်သလို လုပ်ကိုလုပ်ရပါလိမ့်မယ်”

ယမန်နေ့က မြန်မာနိုင်ငံရှိ သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်နှင့် နယူးဇီလန် ကုန်သည်ကြီးများအသင်းများက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်စောင်တွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတ၀န်း အခြေအနေများ ဆက်လက် ယိုယွင်းဆိုးရွားလာနေသည့်အပေါ် “အလွန် အင်မတန် စိုးရိမ်ပြီး ၀မ်းနည်းမိ” ကြောင်း ထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို့ဟာ အခြားသော စီးပွားရေး အသင်းကြီးတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံခြား သံရုံးတွေ၊ အစိုးရတွေ၊ ကုမ္ပဏီတွေ၊ မြန်မာပြည်သူတွေ၊ ကမ္ဘာ့အသိုက်အ၀န်းတို့နဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ မြန်မာပြည်သူတွေကို သတ်ဖြတ်၊ အကြမ်းဖက်နေမှုအပေါ် ပြစ်တင်ရှုတ်ချပြီး ဒီလိုလုပ်ရပ်တွေ အဆုံးသတ်ရေးအတွက် တောင်းဆိုပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly