လှိုင်မြို့နယ်မှာ သွေးမျက်ရည်သပိတ် ဆင်နွှဲ

လှိုင်မြို့နယ်မှာ သွေးမျက်ရည်သပိတ် ဆင်နွှဲ
Photo - AFP

ဧပြီ ၁

မျက်ဝန်းအိမ်ကနေ သွေးမျက်ရည်ကျတဲ့ ပုံစံ လိမ်းခြယ်ထားတဲ့ ဆန္ဒပြသူ တစ်ရာနီးပါးဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စုရုံးဆန္ဒပြကြပါတယ်။ ဆန္ဒပြသပိတ် တေးသီချင်းတွေ သီဆိုရင်း အခု ဆန္ဒပြသမှုကို ရန်ကုန်က လှိုင်မြို့နယ်မှ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စုရုံးဆန္ဒပြကြတာပါ။

“ကျွန်မတို့ဟာ သင်ယူလေ့လာနေတယ်၊ ကျွန်မတို့ အလုပ်ကို ကျွန်မတို့ လုပ်နေတာ ဖြစ်တယ်၊ အချို့ လူတွေက ဆန္ဒပြသူတွေကို ပြစ်မှုကျူးလွန်သူတွေလို ဆက်ဆံနေတယ်၊ အမှန်တော့ သူတို့ ဒီလို ဆက်ဆံသင့်တာက ကျွန်မတို့ ပြည်သူတွေကို ဒုက္ခရောက်စေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုပဲ၊ ဒီအတွက် ကျွန်မတို့ရဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ၊ စစ်တပ်ကို ဆက်လက်တိုက်ပွဲ ဝင်နေဆဲ ဆန္ဒပြသူတွေအတွက် ကျွန်မတို့ အရမ်းစိတ်မကောင်း ဝမ်းနည်းရတယ်၊ ဒါပေမယ့် ကျွန်မတို့ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ဘူး”ဆိုပြီး ဆန္ဒပြအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သွေးချောင်းစီး သတ်ဖြတ်မှုတွေ ဖြစ်အံ့ဆဲဆဲ အခြေအနေမှာ ရှိနေတယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Christine Schraner Burgener က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သတိပေးထားချိန်လည်းဖြစ်ပါတယ်။
ဒီကနေ ကြာသပတေးနေ့မှာပဲ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်အမှုစစ်ဆေးတယ်လို့ ကြားသိရပါတယ်။  

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အရသာကို ဆယ်စုလောက် ထိတွေ့ရမှုကို ရပ်တန့်ပစ်လိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ နေ့စဉ်ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုတွေအတွင်း ကျဆုံးသူ ၅၃၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။

အရှိန်မြင့်တက်လာတဲ့ မြန်မာအရေး ပဋိပက္ခနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီဟာ ဗုဒ္ဓဟူးနေ့မှာ အရေးပေါ် တံခါးပိတ်အစည်းအဝေး ခေါ်ယူခဲ့တာပါ။ အဲဒီ အစည်းအဝေးမှာ မြန်မာ့အရေးကို အရေးယူဆောင်ရွက်ဖို့ Christine Schraner Burgener က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေကို ဆောင်ကြဉ်းပေးဖို့နဲ့ မှန်းဆလို့မရနိုင်တဲ့ ဒုက္ခဘေးကို တားဆီးဖို့အတွက် ပူးပေါင်းအရေးယူဆောင်ရွက်မှုတွေကို ဖြစ်နိုင်သမျှ စဉ်းစားသုံးသပ်ပေးကြဖို့ ကောင်စီကို ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်”လို့ သူက ပြောဆိုတိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required