တူနီးရှား သမ္မတသက်တော်စောင့်တပ်ဖွဲ့ကို ဗုံးခွဲတိုုက်ခိုက်မှု ၄င်းတို့၏လက်ချက်ဟု အိုင်အက်စ်ကြေညာ

တူနီးရှား သမ္မတသက်တော်စောင့်တပ်ဖွဲ့ကို ဗုံးခွဲတိုုက်ခိုက်မှု ၄င်းတို့၏လက်ချက်ဟု အိုင်အက်စ်ကြေညာ

တူးနစ်၊ နိုဝင်ဘာ-၂၆ ။             ။ တစ်ခါက အာရပ်နွေဦး၏ အောင်မြင်သောဇာတ်လမ်းတစ်ပုဒ်အဖြစ် ချီးကျူးခြင်းခံရသော တူနီးရှားကို လှုပ်ခါသွားစေခဲ့သည့် လတ်တလောအကျဆုံး တိုက်ခိုက်မှုအဖြစ် သမ္မတ၏ သက်တော်စောင့်များကို သယ်ဆောင်လာသည့် ဘတ်စ်ကားကို ဗုံးခွဲမှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်အကြမ်းဖက်အုပ်စုက ကြေညာခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ တူးနစ်မြို့တွင် နိုဝင်ဘာ ၂၄ရက် ပေါက်ကွဲမှု၌ လူ၁၂ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။ အသေခံဗုံးခွဲသမားဟု ယူဆရသူလည်း သေဆုံးခဲ့သည်။ ကနဦးက ဝန်ကြီးချုပ်ရုံးမှ အရာရှိတစ်ဦးက စီအင်အင်ကို ပြောကြားရာတွင်မူ လူ ၁၅ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ဘတ်စ်ကားမှာ သမ္မတ၏ သက်တော်စောင့်များ အတက်အဆင်းပြုလုပ်လေ့ရှိရာ မြို့တော်၏ အဓိက လမ်းမကြီးအနီးတွင် ရပ်နားထားစဉ် ဖောက်ခွဲခံလိုက်ရခြင်းပင်ဖြစ်သည်ဟု အဆိုပါအရာရှိက   ပြောသည်။ ဗုံးခွဲမှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် အာဏာပိုင်များက စုံစမ်းနေသည်ဟု ဆိုသည်။

ဆီးရီးယားနှင့် အီရတ်တွင် ကျယ်ပြန့်သောနယ်မြေကို သိမ်းပိုက်ထားသည့် အိုင်အက်စ် အစ္စလာမ်အစွန်းရောက်အုပ်စုက တိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်တွင် အသေခံဗုံးခွဲသမားက ဘတ်စ်ကားပေါ်တွင် ၎င်း၏ ဗုံးဝတ်စုံကို ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကြေညာချက်တွင် အသေခံဗုံးခွဲသမားဟု ယူဆရသူ၏ ဓာတ်ပုံနှင့်အတူ တူးနစ်ရဲ့ အာဏာရှင်တွေ သူတို့ မလုံခြုံဘူးဆိုတာ သိရမယ်။

ဘုရားသခင်ရဲ့ ဆန္ဒအရ တူးနစ်မှာ ဘုရားသခင်ရဲ့ ဥပဒေတွေ မစိုးမိုးသေးသရွေ့ ငါတို့ရပ်တန့်မှာမဟုတ်ဘူးဟု သတင်းစကားပါးထားသည်။

တူနီးရှားအစိုးရက အိုင်အက်စ်တို့၏ ကြေညာချက်နှင့်ပတ်သက်ရျ် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသကဲ့သို့ အိုင်အက်စ်တို့ တကယ်ပြောမပြောနှင့် ပတ်သက်ရျ်လည်း စီအင်အင်က အတည်ပြုနိုင်ခြင်းမရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required