မြန်မာထံ အကူအညီသစ် ပေးအပ်မှု ဂျပန် ရပ်ဆိုင်း

မြန်မာထံ အကူအညီသစ် ပေးအပ်မှု ဂျပန် ရပ်ဆိုင်း
Photo - AFP

မတ် ၃၁

အာဏာသိမ်းမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ အကူအညီ အထောက်အပံ့သစ် ပေးအပ်မှုကို ဂျပန်နိုင်ငံဘက်က ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း ယင်းနိုင်ငံ၏ နိုင်ငံခြားရေး၀န်ကြီးက ပြောသည်။ သို့သော် နိုင်ငံအချို့က မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ အကြီးအကဲများအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားခြင်းကဲ့သို့သောလုပ်ဆောင်ချက်များကို‌  ဂျပန်အနေဖြင့် လိုက်လံလုပ်ဆောင်မည် မဟုတ်ကြောင်း သိရသည်။

ဂျပန်သည် မြန်မာနိုင်ငံအတွက် အဓိက အကူအညီ အလှူရှင်နိုင်ငံ ဖြစ်သည်။ ယခုကဲ့သို့ အကူအညီ ရပ်ဆိုင်းခြင်းက “ရှင်းလင်းသော” မက်ဆေ့ချ်တစ်ခုကို ပေးပို့ရာ ရောက်သည်ဟု ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆု မိုတဲဂီက ပြောခဲ့သည်။

“မြန်မာအတွက်တော့ ဂျပန်က စီးပွားရေး အကူအညီဆိုင်ရာ အကြီးဆုံး ပံ့ပိုးသူ ဖြစ်ပါတယ်” ဟု ၎င်းက အင်္ဂါနေ့တွင် ပါလီမန်ကို ပြောခဲ့သည်။

“စီးပွားရေး အကူအညီပိုင်းအရ ဂျပန်အနေနဲ့ ဘယ်လို ရပ်တည်ချက်များကို လုပ်ဆောင်နေသလဲ၊ ခုတော့ အကူအညီသစ်တွေ မရှိတော့ပါဘူး၊ ကျွန်တော်တို့ ဒီ ရှင်းလင်းတဲ့ ရပ်တည်ချက်ကို လုပ်ဆောင်နေပါပြီ” ဟု ၎င်းက ပြောခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့သည် မြန်မာစစ်အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ အကြီးအကဲများ၊  စစ်တပ်ပိုင် ကုမ္ပဏီများကို ပစ်မှတ်ထားပြီး အရေးယူဒဏ်ခတ်မှုများကို ကြေညာထားခဲ့သည်။

သို့သော် မြန်မာနှင့်အကြား အားကောင်းသည့် စီးပွားရေး ဆက်ဆံပတ်သက်မှု ရှိထားပြီး စစ်တပ်နှင့်အကြား ကာလကြာ ဆက်ဆံရေး ရှိသည့် ဂျပန်သည် ပိုမိုတိုက်ရိုက်ကျသည့် ဒဏ်ခတ်မှု အစီအမံများ မလုပ်ရန်ကိုသာ ရွေးချယ်ထားခဲ့သည်။

ယခု ဂျပန်၏ ရပ်ဆိုင်းမှုသည် အကူအညီသစ်များတွင်သာ သက်ရောက်မည်ဖြစ်ပြီး ရှိရင်းစွဲ ပရောဂျက်များကို မသက်ရောက်ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအပေါ် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ရပြီး ယခုကဲ့သို့ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများကလည်း ရှုတ်ချပြစ်တင်မှုများကို တိုးမြင့်လုပ်ဆောင်ထားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly