စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရ အရပ်သားတွေ နယ်စပ်ဖြတ်ပြီး ထိုင်းဆေးရုံမှာ ကုသမှုခံယူ

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရ အရပ်သားတွေ နယ်စပ်ဖြတ်ပြီး ထိုင်းဆေးရုံမှာ ကုသမှုခံယူ
Photo - AFP

မတ် ၃၁

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နေရာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဒဏ်ရာရတဲ့ အရပ်သားတွေကို ထိုင်းနိုင်ငံဖက်ကို နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းဆေးရုံတစ်ရုံဆီ ပို့ဆောင်ကုသရပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေမှာ လက်ရှိအထိ သေဆုံးမှု အများဆုံးနေ့ရက်တွေနဲ့ ကြုံနေရချိန် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ စစ်တိုက်လေယာဉ်တွေဟာ ကရင်ပြည်နယ်အရှေ့ပိုင်းမှာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရကြတဲ့ အရပ်သားတွေဟာ တောတောင်ကို ခြေလျင်ဖြတ်ပြီး ထိုင်းနိုင်ငံထဲမှာ ဆေးဝါးကုသမှု ခံယူကြရတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေမှာ အကြီးဆုံးတပ်တစ်တပ်ဖြစ်တဲ့ KNU ရဲ့ နယ်မြေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် အစောပိုင်းမှာ KNU ဟာ စစ်တပ်စခန်းတစ်ခုကို လက်ရသိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို လေကြောင်းကနေ တိုက်ခိုက်တာဟာ နှစ် ၂၀ အတွင်းမှာ KNU ကို စစ်တပ်က ပထမဆုံး လေကြောင်းတိုက်ခိုက်မှုပဲ ဖြစ်ပြီး ဒီ တိုက်ခိုက်မှုကြောင့် ကရင်ရွာသူရွာသား ၇၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးကြရတယ်လို့ ဆိုပါတယ်။

နယ်စပ်ခြားထားတဲ့ သံလွင်မြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဆေးကုသမှု ခံယူဖို့အတွက် အင်္ဂါနေ့မှာ ဝင်ရောက်လာနိုင်သူ လက်တစ်ဆုပ်စာထဲက နော်အဲ့သာက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဗုံးတွေ ကျရောက်ပေါက်ကွဲတဲ့ အခိုက်အတန့်ကာလကို ခြောက်ခြားစရာအဖြစ် ပြန်လည်ပြောဆိုပါတယ်။

“လေယာဉ်ပျံသံ မကြားခဲ့ဘူး၊ ကြားခဲ့ရင် ကျွန်မတို့ ထွက်ပြေးကြမှာ”လို့ အသက် ၁၈ နှစ်အရွယ် နော်အဲ့သာက ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆွန်ပြည်နယ်က ဆေးရုံတစ်ရုံပေါ်မှာ အေအက်ဖ်ပီကို ပြောပါတယ်။

“ဘာဖြစ်လဲဆိုတာ ကျွန်မ သိလိုက်တယ်၊ ကျွန်မတို့ အိမ်ခေါင်းမိုး ဗုံးပေါက်ကွဲမှု ထိမှန်တာပဲ”ဆိုပြီး သူက ပြောပါတယ်။ “ကျွန်မလည်း ဗုံးဆန်မှန်တော့တယ်၊ လမ်းမလျှောက်နိုင်တော့ဘူး”လို့ သူက ဆိုပါတယ်။

ခြေထောက်တွေမှာ ဗုံးဆန်မှန်တဲ့ နော်အဲ့သာဟာ တောထူထူကို တစ်နေ့ကုန် ဖြတ်ပြီး မြစ်ဆီ ရောက်အောင် လာခဲ့ရတာ ဖြစ်ပါတယ်။ “ဆက်ပြီး နေလို့မဖြစ်လို့ ဒီဖက်ကို ကူးလာရတာပဲ၊ မြန်မာစစ်တပ်ဟာ ကျွန်မတို့ကို တိုက်ခိုက်နေတာကြောင့်ပဲ”လို့ နော်အဲ့သာက ဆိုပါတယ်။

“လေကြောင်းက တိုက်ခိုက်တာကို အရင်က တစ်ခါမှ မကြုံဖူးဘူး၊ ကျွန်မ တော်တော်လေး ကြောက်မိတယ်”ဆိုပြီး သူက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required