မရှိမဖြစ်မဟုတ်သော သံတမန်များ မြန်မာနိုင်ငံမှ ပြန်လာကြရန် အမေရိကန် အမိန့်ထုတ်

မရှိမဖြစ်မဟုတ်သော သံတမန်များ မြန်မာနိုင်ငံမှ ပြန်လာကြရန် အမေရိကန် အမိန့်ထုတ်

မတ် ၃၁

မရှိမဖြစ် မဟုတ်သော သံတမန်များအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာပြီး ပြန်လာကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၃၀ ရက်တွင် ထုတ်ပြန်သည်။  

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ လူ ရာပေါင်းများစွာကို သတ်ဖြတ်နေသည့် ဆန္ဒပြပွဲ ဖြိုခွင်းမှုများကြားတွင် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းပဲ ဖြစ်သည်။

ရွေးကောက်ခံ အစိုးရအား အာဏာပြန်လည်အပ်နှင်းရေးနှင့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေး တောင်းဆိုရင်း လက်နက်မဲ့ ဆန္ဒပြသူများသည် နိုင်ငံနှင့်တစ်ဝန်း နေ့စဉ်စုရုံးဆန္ဒပြသည်ကို မျက်ရည်ယိုဓာတ်ငွေ့များ၊ ရာဘာကျည်များနှင့် ကျည်စစ်များဖြင့် ပစ်ခတ်ဖြိုခွင်းနေသည်။

“မြန်မာစစ်တပ်ဟာ ရွေးကောက်ခံအစိုးရတာဝန်ရှိသူတွေကို ဖမ်းဆီးဖယ်ရှားခဲ့တယ်၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပွားပေါ်ပေါက်နေပြီး ဆက်လက်ဖြစ်နေဦးမှာလည်း ဖြစ်တယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖေဖော်ဝါရီ လလယ်၌လည်း အရေးပေါ် မဟုတ်သည့် အမေရိကန်အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများအနေဖြင့် ဆန္ဒအလျောက် မြန်မာနိုင်ငံမှ ထွက်ခွာပြန်လာနိုင်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ဖူးသည်။

စစ်တပ်၏ ဖြိုခွင်းမှုများအတွင်း လက်ရှိအထိ အရပ်သားသေဆုံးသူ ၅၂၀ ရှိပြီဖြစ်ကာ ကမ္ဘာ့အင်အားကြီးနိုင်ငံများကလည်း စစ်တပ်၏ လုပ်ရပ်များအပေါ် ထပ်ဆင့်ရှုတ်ချလျက် ရှိနေသည်။

“အမေရိကန် အစိုးရအမှုထမ်းတွေနဲ့ မှီခိုသူတွေအပြင် တစ်သီးပုဂ္ဂလအမေရိကန်နိုင်ငံသားတွေ ဘေးကင်းရေးနဲ့ လုံခြုံရေးဟာ ဌာနရဲ့ ဦးစားပေးဖြစ်တာကြောင့် ခုလို ထွက်ခွာခွင့် အမိန့်ထုတ်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်တယ်”ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ယခု အမိန့်ထုတ်ထားသော ပြန်လည်ထွက်ခွာခွင့် အခြေအနေကို ရက် ၃၀ အတွင်း နှစ်ဆတိုးကာ ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းလည်း ယင်း ပြောခွင့်ရသူက ဆိုသည်။

အမေရိကန်၊ ဗြိတိန်နှင့် ဥရေပသမဂ္ဂတို့သည် အာဏာသိမ်းမှုနှင့် ဖြိုခွင်းမှုများကို တုံ့ပြန်ကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း သံတမန်ရေး ဖိအားပေးမှုများကမူ မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက် လက်ရှိအထိ အရာမထင်ဘဲ ရှိနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required