ဗြိတိန်အသိအမှတ်ပြု ဟောင်ကောင်အထူးပတ်စ်ပို့ကို လက်မခံရန် နိုင်ငံခြားအစိုးရများကို ပြောဆိုပိုင်ခွင့် ဟောင်ကောင်တွင် မရှိဟု ဗြိတိန် ပြော

ဗြိတိန်အသိအမှတ်ပြု ဟောင်ကောင်အထူးပတ်စ်ပို့ကို လက်မခံရန် နိုင်ငံခြားအစိုးရများကို ပြောဆိုပိုင်ခွင့် ဟောင်ကောင်တွင် မရှိဟု ဗြိတိန် ပြော

မတ် ၃၀
 
ဟောင်ကောင်လူငယ်များအလုပ်လုပ်ကိုင်ခွင့် အစီအစဥ်တစ်ခုအတွက် ယူကေခရီးသွား သက်သေခံအထောက်အထားစာရွက်စာတမ်းတစ်ခုကို လက်မခံစေရေး ဟောင်ကောင်အနေဖြင့် အခြားနိုင်ငံများကို ပြောဆိုညွှန်ကြားပိုင်ခွင့်  မရှိကြောင်း ဗြိတိန်က သောကြာနေ့တွင် ပြောဆိုလိုက်သည်။ ယင်းမတိုင်မီက ထို ယူကေခရီးသွားသက်သေခံအထောက်အထားကို လက်မခံကြရန် အခြားသော နိုင်ငံအချို့ကို ပန်ကြားမှုများ ပြုလုပ်ခဲ့သည်ဟု ဟောင်ကောင်က အတည်ပြုထားခဲ့သည်။  

ယခု သဘောထားချင်းဆန့်ကျင်မှုသည် ပြည်ပရှိ ဗြိတိန်နိုင်ငံကူးလက်မှတ် (BNO) နှင့်ပတ်သက်ပြီး နောက်ဆုံးပေါ်ပေါက်လာသည့် သံတမန်ရေးရာ ကတောက်ကဆတ် ဖြစ်မှု ဖြစ်သည်။ တရုတ်သည် ဟောင်ကောင်တွင် အမြင်မတူသဘောကွဲလွဲမှုများအပေါ် အကြွင်းမဲ့ နှိမ်နင်းဖြိုခွင်းမှုတစ်ရပ်ကို ချမှတ်လုပ်ဆောင်နေသည်။

BNO ပတ်စ်ပို့သည် ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ဗြိတိန်ကနေ တရုတ်လက်သို့ လွှဲပြောင်းပေးအပ်မှု၏ အမွေတစ်ခု ဖြစ်သည်။  

မကြာသေးသည့် ကာလ မတိုင်မီအထိ ယင်းသည် ၁၉၉၇ မတိုင်မီ မွေးဖွားသည့် ဟောင်ကောင်သားများ ယူကေသို့ခရီးသွားလာရာတွင် အထူးအခွင့်အရေးများကို ခွင့်ပြုထားခဲ့သည်။ သို့သော် အလုပ်လုပ်ကိုင်ခြင်း နှင့် အခြေချခြင်း ဆိုင်ရာ အခွင့်အရေးများကိုတော့ ခွင့်ပြုပေးမထားခဲ့ပေ။

သို့ရာတွင် ယမန်နှစ်က ဟောင်ကောင်တွင် အကြွင်းမဲ့ အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ်ကို တရုတ်က ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ဗြိတိန်သည် BNO နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်ဆောင်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ လမ်းကြောင်းတစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။

ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ဟောင်ကောင်နှင့် တရုတ်က BNO ပတ်စ်ပို့ကို တရား၀င်ခရီးသွားလာမှုသက်သေခံအထောက်အထားတစ်ခုအဖြစ် အသိအမှတ်ပြုတော့မည် မဟုတ်ဟု ပြောခဲ့သည်။

ဥရောပ၊ မြောက်အမေရိကနှင့် အာရှ၏ အချို့ဒေသများတွင်  အားလပ်ရက်ခရီးထွက်ရင်း အလုပ်လုပ်ခွင့် ဗီဇာများလျှောက်ထားရာတွင် လူငယ်များအား ၎င်းတို့၏ BNO ပတ်စ်ပို့များ အသုံးပြုခွင့်မပေးရန် ကောင်စစ်၀န်ရုံး ၁၄ ရုံးထံ မကြာသေးခင်က စာရေးသားပြောဆိုခဲ့ကြောင်း ဟောင်ကောင်က ကြာသပတေးနေ့ညနေပိုင်းတွင် မီဒီယာများကို အတည်ပြုခဲ့သည်။

 “အားလပ်ရက်ခရီးထွက်ရင်း အလုပ်လုပ်ခွင့်ကို ဟောင်ကောင်မှလျောက်ထားသူများသည် HKSAR (ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ) ပတ်စ်ပို့ ကိုင်ဆောင်သူများကိုသာ ကန့်သတ်ထုတ်ပေးသင့်ပါတယ်” ဟု ဟောင်ကောင်အလုပ်သမားဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။

ယင်းကိစ္စက ဗြိတိန်တွင် အမျက်ဒေါသများကို ဖြစ်ပေါ်စေခဲ့သည်။ ဗြိတိန်က တုံ့ပြန်ရာတွင် နိုင်ငံများအနေဖြင့်မည်သည့် ခရီးသွားသက်သေခံအထောက်အထားများကို ၎င်းတို့ လက်ခံမည် ဆိုသည်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်စည်းမျဥ်းများ ချမှတ်ခွင့်ရှိထားကြောင်း ပြောခဲ့သည်။
 “ဘယ်ပတ်စ်ပို့တွေသာ တရား၀င်ဖြစ်တယ်ဆိုပြီး နိုင်ငံခြားအစိုးရတွေကို အသိအမှတ်ပြုစေဖို့ နှုတ်တိုက်ချစည်းကမ်းသတ်မှတ်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ဟောင်ကောင်အစိုးရမှာ မရှိပါဘူး” ဟု ဗြိတိန် နိုင်ငံခြားရေးရုံးမှပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက သောကြာနေ့တွင် ပြောခဲ့သည်။

“တရား၀င် ခရီးသွား သက်သေခံ အထောက်အထားတွေအဖြစ် ဆက်ရှိနေမယ့် BNO နိုင်ငံကူးလက်မှတ် တွေကို ယူကေအနေနဲ့ ဆက်ပြီး ထုတ်ပေးသွားမှာပါ” ဟုသူမကပြောကြားခဲ့သည်။

ဟောင်ကောင်နှင့်အကြား အားလပ်ရက်ခရီးထွက်ရင်း အလုပ်လုပ်ခွင့် သဘောတူညီချက်များ လက်မှတ်ထိုးထားသည့် နိုင်ငံ ၁၄ နိုင်ငံမှာ သြစတြေးလျ၊ သြစတြီးယား၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ဂျပန်၊ တောင်ကိုရီးယား၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ဗြိတိန်တို့ ဖြစ်သည်။

ထိုနိုင်ငံအများစုသည် BNO ပတ်စ်ပို့များကို အားလပ်ရက်ခရီးထွက်ရင်း အလုပ်လုပ်ခွင့်အစီအစဥ်များအတွက်ဆက်လက် လက်ခံနေကြဆဲဖြစ်သည့်အတွက် ဟောင်ကောင်အစိုးရ၏တောင်းဆိုမှု အသက်၀င် အကျိုးသက်ရောက်စေမည့် နည်းလမ်း မရှိဟု ဟောင်ကောင်ရှိ အနောက်အုပ်စု သံတမန်တစ်ဦးက အေအက်ဖ်ပီကို ပြောခဲ့သည်။

ဟောင်ကောင် ဒေသခံများကို BNO ပတ်စ်ပို့များဖြင့် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးသို့ ၀င်ရောက်ခွင့် ပြုတော့မည် မဟုတ်ပေ။  

ထိုပိတ်ပင်တားမြစ်ချက်က လက်တွေ့ကျသည့် သက်ရောက်မှု အနည်းငယ်သာရှိသည်။ ဟောင်ကောင်သားများသည် နိုင်ငံသားသက်သေခံကတ်ပြားများကို သုံးပြီး လေဆိပ်များကနေ ထွက်ခွာကြသလို အများစုတွင်လည်းသာမန်ဟောင်ကောင်ပတ်စ်ပို့များ ရှိနေကြသည်။

သို့သော် BNO ပတ်စ်ပို့များသာ ပိုင်ဆိုင်ကိုင်ဆောင်ထားပြီး အာဏာပိုင်များဘက်မှ “တရုတ်နိုင်ငံသားများ”အဖြစ်သဘောမထားသည့် တောင်အာရှ ဟောင်ကောင်သား အရေအတွက်အနည်းအကျဥ်းအပေါ်တွင်မူ ယင်းကသက်ရောက်မှု ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly