ဖားကန့်မြေပြိုမှု ရှာဖွေရေးလုပ်ငန်းများ အပြီးသတ်ရပ်နား

ဖားကန့်မြေပြိုမှု ရှာဖွေရေးလုပ်ငန်းများ အပြီးသတ်ရပ်နား

ကချင်ပြည်နယ် ဖားကန့်တွင်ဖြစ်ပွားသည့် လူပေါင်း ရာကျော် သေဆုံးခဲ့သည့် မြေစာပုံပြိုမှုတွင် လုပ်ဆောင်နေသည့် ရှာဖွေရေးလုပ်ငန်းများ အပြီးသတ်လိုက်ပြီဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ရှာဖွေရေးလုပ်ငန်းများ ပြီးစီးကြောင်း ဖားကန့်ရဲအရာရှိ ဦးနိုင်ဝင်းက ပြောကြောင်း Associated Press တွင် သတင်းဖော်ပြသည်။

မြေပြိုမှုမှာ ကျောက်စိမ်းတူးရာမှ စွန့်ပစ်မြေစာများ တောင်လိုစုပုံထားရာမှ မြေပြိုမှုဖြစ်ပွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် ညပိုင်းက မြေပြိုမှုဖြစ်ပွားခြင်းဖြစ်ရာ မြေစာပုံတောင်အခြေတွင်   နေထိုင်ကြသည့် ကျောက်တူးသမားများ အိပ်စက်နေကြစဉ် မြေပြိုကျခြင်းလည်းဖြစ်သည်။

ကယ်ဆယ်ရေးသမားများက အလောင်း ၁၁၃ လောင်းကို ဆွဲထုတ်ရှာဖွေနိုင်ခဲ့သော်လည်း ပျောက်ဆုံးသူ ၁၀၀ နီးပါးရှိနေသည်။

စွန့်ပစ်မြေစာပုံကို Triple One Jade Mining Company က ဆောင်ရွက်နေခြင်းဖြစ်သော်လည်း အခြားကုမ္ပဏီများကလည်း တူးဖော်ရာမှ ထွက်ရှိမြေစာများကို လာရောက်စုပုံကြသည်။

Triple One မှ စွန့်ပစ်မြေစာပုံနှင့် ပတ်သက်သည့် ဆိုက်မန်နေဂျာ ဦးစိုးက သေဆုံးမှုများအတွက် ကုမ္ပဏီတွင် တာဝန်မရှိကြောင်း၊ ကျောက်တူးသမားများက စွန့်ပစ်မြေစာပုံအောက်ခြေတွင် ၎င်းတို့ သဘောဖြင့် ၎င်းတို့ လာရောက်နေထိုင်နေကြခြင်းသာဖြစ်ကြောင်း ရိုက်တာသို့ ပြောသည်။

"ဒါက ကုမ္ပဏီ အမှားမဟုတ်ပါ။ ကျောက်ရှာအလုပ်သမားတွေက သူတို့ဘာသာ ဒီကိုရောက်လာကြပြီး နေနေကြတာပါ။ မြေစာပုံကနေ ကျောက်စိမ်းအရိုင်းတုံးလေးတွေ လိုက်ရှာရာမှာလည်း နီးနီးနားနားနေပြီး အလွယ်တကူရှာလို့ရတယ်ဆိုပြီး နေနေတာပါ။ ဒါအပြင်လည်း ဒီမှာ နေတော့ အိမ်ငှားနေစရာလည်း မလိုဘူးဆိုပြီးတော့ပါ။"ဟု ၎င်းက ပြောသည်။

၂၀၁၀ ခုနှစ်အတွင်းကလည်း ကုမ္ပဏီကပင်လုပ်ဆောင်သည့် အခြားစွန့်ပစ်မြေစာပုံတစ်ခုတွင် မြေပြိုကျမှုဖြစ်၍ ၅၀ မှ ၁၀၀ သေဆုံးခဲ့ကြောင်း အကျိုးအမြတ်ကြီးသည့် ကျောက်စိမ်းလုပ်ငန်းတွင်   ဘေးကင်းလုံခြုံရေး လျော့ရဲလျက်ရှိသည့် အခြေအနေကို ထောက်ပြကာ ပြောဆိုခဲ့သည်။

Ref ; The Straits Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required