အင်ဒိုနီးရှား ရေနံချက်စက်ရုံ မီးအကြီးအကျယ် လောင်ကျွမ်း၊ လူ‌ထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

အင်ဒိုနီးရှား ရေနံချက်စက်ရုံ မီးအကြီးအကျယ် လောင်ကျွမ်း၊ လူ‌ထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း
Photo - AFP

မတ် ၂၉

အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးသော ရေနံချက်စက်ရုံတွေအနက် တစ်ရုံမှာ မီးလောင်ကျွမ်းမှုကြီးတစ်ခု ဖြစ်ခဲ့လို့ လူငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ‌အနီးအနားရှိ ဒေသခံပြည်သူ ၁,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ညပိုင်းမှာ လောင်ခဲ့တဲ့ အဆိုပါ မီးလောင်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းရချိန် အနောက် ဂျာဗားရှိ ဘယ်လောင်ဂန် ရေနံချက်စက်ရုံကို ပိတ်ထားခဲ့ရတယ်လို့ အင်ဒိုနီးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ Pertamina က မတ်လ ၂၉ ရက်မှာ ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ် ရောက်လာခဲ့တဲ့ ‌ဗီဒီယိုတွေထဲမှာတော့ တစ်နေ့ကို စည်ပေါင်း ၁၂၅,၀၀၀ ချက်လုပ်ထွက်ရှိတဲ့ အဆိုပါ စက်ရုံမှာ ကြီးမားတဲ့ မီးတောက်တွေ ၀ါးမြိုလောင်ကျွမ်းနေတာကို မြင်တွေ့ရသလို ကျယ်လောင်တဲ့ ‌ပေါက်ကွဲသံတစ်ခုလည်း ကြားခဲ့ရတယ်လို့ သိရပါတယ်။

မီးဟာ ညသန်းခေါင်နောက်ပိုင်း စလောင်ခဲ့တာဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပြီး Pertamina ရဲ့ ထုတ်ပြန်ချက်အရ ရာသီဥတု ဆိုးရွားနေခဲ့စဥ် မီးလောင်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းအနေနဲ့ နောက်ထပ် ပျံ့နှံ့မှုတွေကနေ ကာကွယ်ဖို့ ရေနံ ပိုက်လိုင်းစီးဆင်းမှုပိုင်း ထိန်းချုပ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

“မီးလောင်ရခြင်းရဲ့ အကြောင်းရင်းကို မသိရသေးပါဘူး၊ ဒါပေမယ့် ဒီဖြစ်စဥ် ဖြစ်ချိန်အတွင်း မိုးသည်းထန်စွာ ရွာပြီး မိုးကြိုးပစ်တာတော့ ရှိခဲ့ပါတယ်” လို့ ယင်းက ထုတ်ပြန်ပါတယ်။

အဆိုပါ မီးဟာ ရေနံချက်စက်ရုံရဲ့ သိုလှောင်ရုံတွေမှာ လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ထုတ်လုပ်မှု အလုပ်ရုံအပေါ် သက်ရောက်မှု မရှိဘူးလို့ Pertamina က ထုတ်ပြန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required