ရက်စက်ကြမ်းကြုတ်သည့် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက ဝိုင်းဝန်းအရေးယူသွားရန် ကုလကျွမ်းကျင်သူ တောင်းဆို

ရက်စက်ကြမ်းကြုတ်သည့် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက ဝိုင်းဝန်းအရေးယူသွားရန် ကုလကျွမ်းကျင်သူ တောင်းဆို

မတ် ၂၈

ဖေဖေါ်၀ါရီ အာဏာသိမ်းမှုနောက်ပိုင်း သေဆုံးမှုအများဆုံးနေ့ဖြစ်ခဲ့သည့် ယမန်နေ့တွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ၁၀၀ ကျော်ကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ခြင်းအပေါ် ကမ္ဘာတဝန်း ‌ဒေါသထွက်နာကြည်းမှုများ ဖြစ်ပေါ်ခဲ့သလို ရက်စက်မှုအပေါင်း သရဖူဆောင်းသည့် မြန်မာစစ်တပ်အပေါ် ကမ္ဘာတ၀န်းက ပိုမို အားကောင်းစွာ တုံ့ပြန်သွားရေး တောင်းဆိုမှုများလည်း ထွက်ပေါ်ခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာအာဏာသိမ်းစစ်တပ်အပေါ် ကမ္ဘာက အရေးယူဆောင်ရွက်ရန် အချိန်ကျနေခဲ့ပြီဖြစ်ကြောင်း၊ အကယ်၍ ကုလ လုံခြုံရေးကောင်စီကနေတဆင့် မဟုတ်လျင်လည်း နိုင်ငံတကာ အရေးပေါ် အထူးအစည်းအဝေးတစ်ရပ်ကနေတဆင့် ကမ္ဘာက အရေးယူဆောင်ရွက်ရန် အချိန်ကျပြီဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ စုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က ပြောကြားသွားခဲ့သည်။

ထို့ပြင် အာဏာသိမ်းစစ်အုပ်စုကို ရေနံနှင့် ဓာတ်ငွေ့ ဝင်ငွေများကဲ့သို့ ငွေကြေးထောက်ပံ့မှုနှင့် လက်နက်များ ရရှိစေနိုင်မည့်လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်သင့်ကြောင်းလည်း ၎င်းက ပြောသွားခဲ့သည်။

“ခပ်ရှင်းရှင်း ပြောရရင် ရှုတ်ချပြစ်တင်တဲ့ ဒါမှမဟုတ် စိုးရိမ်ပူပန်ကြောင်း ပြောတဲ့ စကားလုံးတွေက မြန်မာပြည်သူတွေအတွက် အနှစ်မပါတဲ့ အပေါ်ယံသဘောမျိုး ဖြစ်နေတယ်၊ ခုချိန်မှာ အာဏာသိမ်းစစ်တပ်က ပြည်သူတွေကို ဦးတည်ပြီး လူအများအပြားကို သတ်ဖြတ်မှုတွေ ကျူးလွန်နေတာပါ” ဟု ၎င်းက ပြောသွားခဲ့သည်။

“မြန်မာပြည်သူတွေဟာ ကမ္ဘာရဲ့ ပံ့ပိုးကူညီမှုကို လိုနေပါပြီ၊ စကားလုံးတွေနဲ့တင် မလုံလောက်တော့ပါဘူး၊ အားကောင်းပြီး ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်တဲ့ အရေးယူမှုမျိုး လုပ်ကိုလုပ်သင့်နေခဲ့ပါပြီ” ဟု ၎င်းက ပြောသွားခဲ့သည်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကန်က အာဏာသိမ်းမြန်မာစစ်အုပ်စုကို အပြင်းအထန် ရှုတ်ချခဲ့ပြီး စနေနေ့က လူသေဆုံးမှုများအတွက် ဝါရှင်တန်အနေဖြင့် တုန်လှုပ်ထိတ်လန့်ကြောင်း ပြောသွားခဲ့သည်။ အကြမ်းဖက်မှုများကို ကြည့်မည်ဆိုပါက အာဏာသိမ်းစစ်အုပ်စုသည် လူနည်းစုအကျိုးအတွက် ပြည်သူများ၏ အသက်များကို သတ်ဖြတ်မည်ဆိုသည်ကို ပြသနေသည်ဟုလည်း ၎င်းက ပြောသွားခဲ့သည်။

“သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကျွန်တော်လည်း ဝမ်းနည်းကြေကွဲရပါတယ်၊ မြန်မာနိုင်ငံက သတ္တိရှိတဲ့ ပြည်သူတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တွန်းလှန်တိုက်ထုတ်နေတာပါ” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required