ဒလိုင်းလားမား၏ ဓာတ်ပုံ WeChat ပေါ်တင်သည့် တိဘတ်အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

By Phayul
27 March 2021
ဒလိုင်းလားမား၏ ဓာတ်ပုံ WeChat ပေါ်တင်သည့် တိဘတ်အမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

မတ် ၂၇
 
ဒလိုင်းလားမား၏ ဓာတ်ပုံကို WeChat ပေါ်တွင် တင်မှုအတွက် တာရှီ ဂျယဲလ် အမည်ရ တိဘတ်လူမျိုး အမျိုးသားတစ်ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ‘သီးခြားနေရေး ဝါဒ’  လှုံ့ဆော်နှိုးဆွမှုနှင့် အမျိုးသားလုံခြုံရေးကိုအန္တရာယ်ဖြစ်စေမှု စွဲချက်များဖြင့် တိဘတ်၏ အမ်ဒိုကောင်တီ ဂိုလော့ဂ် စီရင်စုနယ်ရှိ တရားရုံးက တာရှီ ဂျယဲလ်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။ တာရှီသည် ၂၀၁၅ ခုနှစ်က ဒလိုင်းလားမားနှင့် အဝေးရောက် ဗဟိုတိဘတ်အစိုးရနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ဝေမျှခဲ့မှုအတွက် ၂၀၂၀ ခုနှစ် မေလ ၃၀ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း တရုတ်၀က်ဘ်ဆိုဒ် ‘Rights Defender’ က ဖော်ပြသည်။

တာရှီ ဂျယဲလ်သည် ၂၀၁၄ ခုနှစ် မေလနှင့် အောက်တိုဘာလတွင် ဒလိုင်းလားမား၏ ဓာတ်ပုံလေးပုံကို အွန်လိုင်းပေါ် တင်ခဲ့ပြီး ၎င်း၏ သူငယ်ချင်းများနှင့် ယင်းတို့ကို ဝေမျှခဲ့သည်ဟု သိရသည်။ ထို့နောက် ၎င်းသည် ၂၀၁၅ ခုနှစ်ဇန်န၀ါရီ ၁ ရက်တွင်လည်း တိဘတ် ဘာသာရေးခေါင်းဆောင်နှင့် ပြည်ပရောက် တိဘတ်အသိုင်းအဝိုင်း၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် သမ္မတ ဒေါက်တာလော့ဘ်ဆန်း ဆန်ဂေး၏ ဓာတ်ပုံများကို အွန်လိုင်းပေါ်တွင်တင်ပြီး ဝေမျှခဲ့သည်။

၎င်း၏ အွန်လိုင်း အသုံးပြုမှုကို ခြေရာခံလိုက်လံစုံစမ်းပြီးနောက် အာဏာပိုင်တို့သည် တာရှီ ဂျယဲလ် ၂၀၁၅ ခုနှစ်မတ်လ တိဘတ်နှစ်သစ်ကူးပွဲရက်အတွင်း အွန်လိုင်းပေါ် တင်ထားခဲ့သည့် တိဘတ် အမျိုးသားအလံဓာတ်ပုံများနှင့်ဒလိုင်းလားမား တိဘတ်သို့ ပြန်လာရေး၊ တိဘတ် လွတ်လပ်ရေးအတွက် ၎င်း၏ တောင်းဆိုမှု တို့ကို စုံစမ်းတွေ့ရှိထားခဲ့သည်။

ယင်းနောက် ငါးနှစ်ခန့်ကြာပြီးနောက် ယမန်နှစ် မေလ ၁၆ ရက်တွင် ပြည်တွင်း အာဏာပိုင်များသည် တာရှီ ဂျယဲလ်ကို ထိန်းသိမ်းပြီး ၁၅ ရက်ဆက်တိုက် စစ်ဆေးမေးမြန်းမှုများ လုပ်ခဲ့သည်။ ထို့နောက် အာဏာပိုင်များ၏ စီရင်ဆုံးဖြတ်ချက်တွင် ၎င်း၏ လုပ်ရပ်များသည် ဥပဒေနှင့်ဆန့်ကျင်နေကြောင်း ပြောခဲ့ပြီး ထိုလုပ်ရပ်များသည် “နိုင်ငံပြိုကွဲစေရန်” နှင့် “အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေရန်” ရည်ရွယ်ခဲ့သည်ဟု ပြောခဲ့သည်။

ကြားနာစစ်ဆေးမှုကို တံခါးပိတ် လုပ်ဆောင်ခဲ့သလို တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ ၎င်း၏ မိသားစု၀င်များအနေဖြင့် ဘာတစ်ခုမျှ မသိရှိခဲ့ဟု သတင်းဖော်ပြချက်အရ သိရသည်။ ၎င်းအား ထောင်ဒဏ်ချမှတ်သည့် သတင်းကို ၎င်းဖမ်းဆီးခံရပြီး ၁၀ လကြာပြီးနောက်ပိုင်းမှသာ သိရှိခဲ့ရသည်။ ကြားနာစစ်ဆေးမှု အပြီးတွင် တာရှီ ဂျယဲလ်၏ ဖုန်းကိုလည်း တရုတ်အာဏာပိုင်များက သိမ်းဆည်းခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly