ယနေ့ ဆန္ဒပြမှုများအတွင်း လက်ရှိအထိ လုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်သတ်ဖြတ်၍ ဆန္ဒပြသူ ၁၆ ဦး ကျဆုံး

ယနေ့ ဆန္ဒပြမှုများအတွင်း လက်ရှိအထိ လုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်သတ်ဖြတ်၍ ဆန္ဒပြသူ ၁၆ ဦး ကျဆုံး

မတ် ၂၇

ယနေ့ စနေနေ့တွင် ရိုက်တာ၏ လက်ရှိသတင်းရေးသည့်အချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်၍ ကျဆုံးသည့် ဆန္ဒပြသူပေါင်း ၁၆ ဦးရှိပြီ ဖြစ်ကြောင်း သတင်းများနှင့် မျက်မြင်များက ဆိုသည်။

အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင်များက စစ်တပ်သည် ပြည်သူကို ကာကွယ်ပေးပြီး ဒီမိုကရေစီအတွက် ကြိုးပမ်းသွားမည်ဟု ပြောထားသည့်ကြားမှပဲ ဖြစ်သည်။

နိုင်ငံ၏ စစ်ဗိုလ်ချုပ်ကြီးများ တပ်မတော်နေ့ ကျင်းပချိန် “ဦးခေါင်းနှင့် ကျော”တို့ကို ပစ်ခတ်ခံရမည်ဟု သတိပေးထားချက်ကို ဖီဆန်ပြီး ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့နယ်များစွာတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ လမ်းပေါ်ထွက်ဆန္ဒပြကြသည်။

“ဒီကနေ့ဟာ လက်နက်ကိုင်စစ်တပ်ဖွဲ့အတွက် ရှက်စရာ နေ့တစ်နေ့ပဲ”ဟု ဖယ်ရှားခံ လွှတ်တော်အမတ်များ ဖွဲ့စည်းတည်ထောင်သည့် စစ်အာဏာသိမ်းအုပ်စု ဆန့်ကျင်သော CRPH ၏ ပြောခွင့်ရသူတစ်ဦးဖြစ်သူ ဒေါက်တာ ဆာဆာက အွန်လိုင်းဖိုရမ်တစ်ရပ်တွင် ပြောသည်။

“အပြစ်မဲ အရပ်သား ၃၀၀ ကျော်ကို သူတို့တွေက သတ်ဖြတ်ထားပြီး စစ်ဗိုလ်ချုပ်တွေဟာ တပ်မတော်နေ့ ကျင်းပနေတယ်”ဟု သီတင်းပတ်များစွာအကြာက ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်ချိန်ကစပြီး သေဆုံးသူဦးရေကို ခန့်မှန်းပြောဆိုရင်း ဒေါက်တာ ဆာဆာက ဆိုသည်။

စနေနေ့ နံနက်အစောပိုင်းတွင် ရန်ကုန်၊ ဒလမြို့နယ်၌ ရဲစခန်းအပြင်ဖက် စုရုံးဆန္ဒပြပွဲကို လုံခြုံရေးတပ်များ ပစ်ခတ်၍ လူအနည်းဆုံး လေးဦး သေဆုံးသည်ဟု Myanmar Now က သတင်းဖော်ပြသည်။ ဒဏ်ရာရသူ ဆယ်ဦးရှိကြောင်းလည်း ယင်းသတင်းတွင် ဆိုသည်။

အင်းစိန်တွင် အသက် ၂၁ အောက် ဘောလုံးအသင်းမှ လူငယ်ကစားသမားတစ်ဦး အပါအဝင် သုံးဦး ဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံရကာ သေဆုံးကြောင်း ဒေသခံတစ်ဦးက ရိုက်တာသို့ ပြောသည်။ လားရှိုးမြို့တွင်လည်း လူ လေးဦး သတ်ဖြတ်ခံရပြီး၊ ပဲခူးတွင်လည်း လေးဦး ကျဆုံးရသည်ဟု မီဒီယာသတင်းများက ဆိုသည်။ ရှမ်းပြည်နယ် ဟိုပင်မြို့တွင် တစ်ဦး သေဆုံးသည်။

နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြပွဲကို တက်ရောက်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ထပ်မံကတိခံသော်လည်း ကျင်းပပေးမည့် အချိန်ကာလ ပြောဆိုခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် ဖြိုခွင်းမှုများအတွင်း သေဆုံးသူ ၃၂၈ ဦး ရှိပြီဟု တက်ကြွလှုပ်ရှားသည့် အဖွဲ့တစ်ရပ် စစ်တမ်းကောက်ယူထားသည့် နှုန်းတွင် ယခု နောက်ဆုံး သေဆုံးသူဦးရေပါ ပေါင်းထည့်ပါက သေဆုံးသူ ၃၄၄ ဦး ရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required