မြန်မာ့အရေး နိုင်ငံတကာ၏ တုံ့ပြန်မှု လုံလောက်မှုမရှိဘဲ နှေးကွေးလွန်းနေဟု ကုလ ကျွမ်းကျင်သူ ပြော

မြန်မာ့အရေး နိုင်ငံတကာ၏ တုံ့ပြန်မှု လုံလောက်မှုမရှိဘဲ နှေးကွေးလွန်းနေဟု ကုလ ကျွမ်းကျင်သူ ပြော
Photo - AFP

မတ် ၂၆

အာဏာသိမ်းမှု ဖြစ်ထားသည့် မြန်မာနိုင်ငံ အရေးကိစ္စအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုက နှေးကွေးလေးလံလွန်းနေပြီး နောက်ထပ် ယိုယွင်းဆိုးရွားမှုများကို ကာကွယ်ရန်အတွက် လုံလုံလောက်လောက် တုံ့ပြန်နိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလကျွမ်းကျင်သူက ကြာသပတေးနေ့တွင် ပြောသွားခဲ့သည်။

ထို့အတွက် မြန်မာအပေါ် တုံ့ပြန်မှုများ ပိုမိုအားကောင်းထက်မြက်စေရန်အတွက် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူရေးအတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးစုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က တိုက်တွန်းလိုက်သည်။

ထို အရေးပေါ် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ပါ၀င်သင့်ကြောင်းလည်း ၎င်းက ပြောသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အရပ်သားအစိုးရခေါင်းဆောင်များကို ထိန်းသိမ်းပြီး ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတစ်၀န်း ပေါ်ပေါက်နေခဲ့ပြီး ထိုဆန္ဒပြမှုများအပေါ် စစ်တပ်ဘက်က လူသေဆုံးစေသည့် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ထားခဲ့သည်။

“မြန်မာနိုင်ငံက အခြေအနေတွေက ယိုယွင်းလာနေပါတယ်၊ ဒါပေမယ့် ခုချိန်မှာ ဖြိုခွင်းဖိနှိပ်ခံထားရသူတွေကို ထောက်ကူဖို့ အားကောင်းပြီး ချက်ချင်းလက်ငင်းဖြစ်မယ့် နိုင်ငံတကာ တုံ့ပြန်မှုတစ်ရပ် မရှိရင် အခြေအနေတွေဟာ ပိုပြီးတော့ ဆိုးလာနိုင်ဖွယ် ရှိပါတယ်” ဟု အန်ဒရူးစ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားခဲ့သည်။

“အဖွဲ့၀င်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု အနည်းအကျဥ်းက စစ်အာဏာသိမ်းအုပ်စု သူတို့ရဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ဆက်ထိန်းထားဖို့ အကူအညီဖြစ်စေတဲ့ ၀င်ငွေ ရလမ်းတွေကို ဖြတ်တောက်မထားနိုင်ပါဘူး၊ ဒစ်ပလိုမေစီ အရှိန်နှေးကွေးမှုက ဒီအရေးကိစ္စ အတိုင်းအတာနဲ့ လိုက်လျောညီထွေ မဖြစ်ပါဘူး၊ ဒါကြောင့် အခြေအနေအချိန်အခါနဲ့ ကိုက်ညီပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက်တွေ ပါ၀င်မယ့် အားကောင်းခိုင်မာတဲ့ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly