မတည်ငြိမ်သည့် အခြေအနေကြောင့် ယခုနှစ် မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်း ကျုံ့နိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း 

မတည်ငြိမ်သည့် အခြေအနေကြောင့် ယခုနှစ် မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်း ကျုံ့နိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း 
Photo - AFP

မတ် ၂၆

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်နိုင်ငံလုံးဆန္ဒပြမှုများ၊ သပိတ်တိုက်ပွဲများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ အပြင်းအထန် ရင်ဆိုင်နေရခြင်းကြောင့် မြန်မာ့စီးပွားရေးသည် ယခုနှစ်၌ ၁၀ ရာခိုင်နှုန်း ကျုံ့သွားနိုင်သည်ဟု သောကြာနေ့က ထုတ်ပြန်ချက်၌ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ 

ယခု ခန့်မှန်းချက်သည် ကမ္ဘာ့ဘဏ်၏ အောက်တိုဘာလအတွင်းက မြန်မာ့စီးပွားရေးအတွက် ခန့်မှန်းချက်နှင့် သိသိသာသာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ အောက်တိုဘာခန့်မှန်းချက်၌ မြန်မာနိုင်ငံသည် ဒေသတွင်း စီးပွားရေး အားအကောင်းဆုံးနှုန်းအဖြစ် ၅ ဒသမ ၉ ရာခိုင်နှုန်း စီးပွားရေးဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။ 

“ဆန္ဒပြမှုများ၊ အလုပ်သမားသပိတ်များနှင့် စစ်တပ်၏ လုပ်ရပ်များဖြစ်သော သွားလာလှုပ်ရှားမှုများ ကန့်သတ်ခြင်းများ၊ အရေးပါသည့် အများပြည်သူဝန်ဆောင်မှုများမှသည် ဘဏ်လုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများအထိ ဖြစ်ပေါ်နေသော လုပ်ငန်းနှောင့်နှေးရပ်တန့်မှုများက မြန်မာနိုင်ငံတွင် ပြင်းပြင်းထန်ထန် သက်ရောက်မှုများ ရှိနေသည်”ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ 

CDM လှုပ်ရှားမှုများနှင့်အတူ စီးပွားရေးကို ပစ်မှတ်ထားသည့် ဆန္ဒပြမှုများသည် ဘဏ်စနစ် ထိခိုက်ရခြင်းနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ပြန်လည်အာဏာမရမချင်း လုပ်ငန်းများ မလည်ပတ်မလုပ်ကိုင်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကို တွန်းအားပေးခြင်းများ ဖြစ်စေသည်။ 

တစ်ချိန်တည်းတွင် စစ်အာဏာသိမ်းအစိုးရက ဆန္ဒပြမှုများကို နှိပ်ကွပ်နိုင်ရန် အင်တာနက်အား ပုံမှန် ပိတ်လျက်ရှိခြင်းကလည်း စီးပွားရေးဆောင်ရွက်မှုများအတွက် နောက်ထပ် ထိုးနှက်ချက် ဖြစ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly