မတ်လ၊ ၂၅ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ်လ၊ ၂၅ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ် ၂၅၊ ၂၀၂၁

ယနေ့ မတ် ၂၅၊ အာဏာသိမ်းစစ်ကောင်စီတပ်၏ ဆန္ဒပြပြည်သူများအပေါ် လက်နက်သုံး အကြမ်းဖက်ဖြိုခွင်းမှုများ

မနေ့ မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်လုံးကျွတ် တိတ်ဆိတ်ခြင်းသပိတ်ကို လူထုများစွာ ပူးပေါင်းခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းများခဲ့သည်။ အသံတိတ်သပိတ်တွင် ပါဝင်ပြီးနောက် ယနေ့ မတ် ၂၅ တွင် နိုင်ငံတစ်ဝန်းမှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ပြည်သူအင်အား ထောင်ပေါင်းများစွာသည် စစ်အာဏာရှင်ဆန့်ကျင်ရန်အတွက် လမ်းပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြသည်။ ယနေ့မှာ စစ်ကောင်စီလက်နက်ကိုင်များက အနယ်နယ်အရပ်ရပ်မှ ဆန္ဒပြလူထုအပေါ် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု ပိုစိပ်လာပြီး အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများစွာရှိနေသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကံသာရပ်ကွက်တွင် ယနေ့ မတ် ၂၅၊ နေ့လည်ပိုင်းက ဆန္ဒပြသပိတ်စစ်ကြောင်းကို အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ကျည်အစစ်နှင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၄ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များက ပြည်သူများကို မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်း ရိုက်နှက်ဖမ်းဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်သည်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များက တောင်ကြီးမြို့ကို စစ်မြေပြင်ကဲ့သို့၊ ပြည်သူကို ရန်သူသဖွယ်ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အိမ်များကို အင်အားသုံးရိုက်ဖွင့်ပြီး ကျောင်းသားနှင့်ပြည်သူများကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်အပြင် ပြည်သူပိုင် ဆိုင်ကယ်နှင့် ကားများကို အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦး ကျည်ထိမှန်ပြီး ၁ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။ ယနေ့ မနက်ပိုင်းတွင် ပြည်သူများက ရွှေဘို- ခင်ဦးလမ်းကို ပိတ်ထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ခင်ဦးရဲစခန်းအနီးတွင် ပစ်ခတ်ဖြိုခွင်းခံရခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ယနေ့ မတ် ၂၅ နံနက် အစောပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူငယ် ၁ ဦး ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထိုလူငယ်သည် ပေါင်ရင်း၊ ဆီးခုံနားတွင် ကျည်ဆန်ထိမှန်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုချက်ချင်းပြုလုပ်ခဲ့တာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

မိုးညှင်းမြို့တွင် စစ်ကောင်စီလက်နက်ကိုင်များ လက်ချက်ဖြင့် ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆ ဦးခန့်ရှိသည်။ မိုးညှင်းမြို့၊ စက်ကုန်းရပ်ကွက်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်သပိတ်ချီတက်သူများကို စစ်ကောင်စီလက်နက်ကိုင်များမှ အင်အားသုံး ဖြိုခွင်းပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။ ထိုဖမ်းဆီးခံပြည်သူများကို ပြန်လွတ်ပေးဖို့ မိုးညှင်းရဲစခန်းတွင် သံဃာတော်များက ဝင်ရောက်ညှိနှိုင်းနေစဉ် ရဲစခန်းပြင်ပနှင့် မြို့နယ်တရားရုံးရှေ့တွင် စုဝေးနေသောလူစုအား ရဲတပ်ဖွဲ့က သေနတ်ပစ်ပြီး ဖြိုခွင်းခဲ့ရာ မိုးညှင်းမြို့၊ အောင်သပြေ (၃) ရပ်ကွက်နေ ဦးဝင်းဆွေ ဝမ်းဗိုက်ကျည်ဆံထိမှန်ခဲ့သည်။ အခြား ပြင်းထန်ဒဏ်ရာရရှိသူ (၆) ဦးရှိပြီး ဦးဝင်းဆွေကတော့ ဝမ်းဗိုက်ကျည်ဒဏ်ရာကြောင့် ယနေ့ မတ်လ၊ နေ့လည် ၁ နာရီအချိန်တွင် သေဆုံးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၌ ကျည်ထိမှန် ဒဏ်ရာရသူ ၁၁ ဦးရှိပြီး ဒဏ်ရာပြင်းထန်သူ ၄ ဦး၊ အဖမ်းခံရသူ ၂၀ ဦးခန့် ရှိသည်ဟု သိရသည်။ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များက သုဝဏ္ဍ၊ သံသုမာလမ်းမပေါ်က အတားအဆီးအကာအရံများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ထားပြီး ရပ်ကွက်တွင်းသို့ဝင်ကာ လက်နက်ကိုင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ သုဝဏ္ဍ၊ ကမာကြည်သပိတ်ကို ဦးဆောင်နေသော ဒိုင်းကိုင်လူငယ်များအကြောင်းနှင့် အကာအကွယ်ပစ္စည်းများရှိရာနေရာကို ရပ်ကွက်တွင်းမှ မသမာသူတစ်ဦးက သတင်းပေးလိုက်ခြင်းကြောင့် စစ်ကောင်စီလက်နက်ကိုင်များက ၎င်းအကာအကွယ်ပစ္စည်းများကို သိမ်းဆည်းသွားပြီး ယင်းလူငယ်များကိုလည်း ဖမ်းဆီးဖို့ ရပ်ကွက်တွင်း အပြင်းအထန်ဝင်ရောက်ရှာဖွေနေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများလည်း ရှိနေသည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့များက ရပ်ကွက်တွင်းက Wifi Fiber အင်တာနက် ကြိုးလိုင်းများကိုလည်း ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

 

 

 

 

စစ်တပ်နှင့် ရဲက အင်အားသုံး လက်နက်ကိုင်အကြမ်းဖက် လူသတ်နေသော်လည်း လူထုက စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြသည်

ယနေ့ မတ်လ ၂၅ ရက်မှာ မြန်မာနိုင်ငံကို အကြမ်းဖက်စစ်အုပ်စု လုယူအာဏာသိမ်းခဲ့သည်မှာ ၅၃ ရက်ရှိပါပြီ။ အကြမ်းဖက်အာဏာသိမ်းကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူလူထုကို မဆင်မခြင် ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေပေမယ့် စစ်မှန်သောဒီမိုကရေစီရရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားနေသော ပြည်သူလူထုကတော့ အကြမ်းဖက်စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်လျက်ရှိသည်။ မြို့နယ်အတွင်း၊ ရပ်ကွက်အတွင်းက လူထုခံတပ်၊ အတားအဆီးတွေကို ဖယ်ရှားခံခဲ့ရသော်လည်း လူငယ်များရဲ့ စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုတွေကိုတော့ မဖယ်ရှားနိုင်ခဲ့ပါ။

အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တွေရဲ့ အကြမ်းဖက်ဖိနှိပ်ခံရမှုအများဆုံးမြို့ကြီးတွေထဲမှာ မန္တလေးမြို့လည်း အပါအဝင်ဖြစ်သည်။ မန္တလေးမြို့တွင် ပြီးခဲ့သည့် ၄ ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များရဲ့ လက်ချက်ဖြင့် အသက် ၇ နှစ်အရွယ်နှင့် ၁၃ နှစ်အရွယ် ကလေးများအပါအဝင် ပြည်သူ ၃၀ အထက် ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူ ရာချီရှိသည်။ သို့သော်လည်း မန္တလေးမြို့နေပြည်သူတွေဟာ စစ်အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုကို သွေးအေးသွားခြင်းမရှိပါ။ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များရဲ့ ပစ်ခတ်မှုတွေကြားကပဲ နေ့စဉ် လူထုအင်အား ရာချီ၊ ထောင်ချီပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေကို အားပါးတရ မြင်တွေ့ရပါသည်။ မန္တလေးမြို့ရဲ့ နာမည်ကြီးသပိတ်စစ်ကြောင်းများဖြစ်သည့် မြတောင်စစ်ကြောင်း၊ သံဃသမဂ္ဂစစ်ကြောင်း၊ ကျန်းမာရေး မိသားစုစစ်ကြောင်း၊ အင်ဂျင်နီယာအဖွဲ့စစ်ကြောင်း၊ ပညာရေး မိသားစုစစ်ကြောင်း၊ ဒေါင်းစစ်သည်စစ်ကြောင်း၊ စက်မှုစစ်ကြောင်းများသည် နေ့စဉ်မပျက် ဆန္ဒပြနေဆဲဖြစ်သည်။ ဒါ့အပြင် အရုဏ်ဦးသပိတ်၊ လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်၊ လူမဲ့သပိတ်၊ ညသပိတ် စသဖြင့် ပုံစံအမျိုးမျိုးဖြင့် စစ်အာဏာရှင်ကိုတော်လှန်နေကြသည်။

မန္တလေးအပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာနှင့် အနီးတဝိုက် ကျေးရွာများ၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး စသဖြင့် မြန်မာတစ်နိုင်ငံလုံးမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုချီတက်ဆန္ဒပြပွဲတွေသည် နေ့စဉ်မပျက် ပိုမို အားကောင်းလာသည်။ ရန်ကုန်မြို့သည်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များရဲ့ ပစ်ခတ်မှုများကြောင့် လူသေဆုံးမှုများခဲ့ပြီး ရန်ကုန်မြို့နေလူထုသည် ရပ်ကွက်တွင်း ချီတက်လှည့်လည်သပိတ်၊ အရုဏ်ဦးသပိတ်၊ ညသပိတ်များကို ဆက်လက်ပြုလုပ်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့တွင် ယနေ့ မတ်လ ၂၅၊ နံနက်ပိုင်းက ရေပေါ်သပိတ်လည်း ပြုလုပ်ခဲ့ကြသည်။

အထက်ပါ သတင်းအကြောင်းအရာများသည် မတ်လ ၂၅ ရက်၊ နံနက်ပိုင်းမှ ညနေ ၆ နာရီအတွင်းရရှိသော သတင်းများထဲမှ စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly