မြန်မာနိုင်ငံ၏ လျှပ်စစ်ဖြန့်ဖြူးရေး အဆင့်မြှင့်တင်နိုင်ရန် ADB ဘဏ်က ဒေါ်လာ သန်း ၈၀ ချေးမည်

မြန်မာနိုင်ငံ၏ လျှပ်စစ်ဖြန့်ဖြူးရေး အဆင့်မြှင့်တင်နိုင်ရန် ADB ဘဏ်က ဒေါ်လာ သန်း ၈၀ ချေးမည်
(ဓာတ်ပုံ - ရဲမင်း၊ မဇ္စျိမ)
 

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက် အဆင့်မြှင့်နိုင်ရေးအတွက် ဒေါ်လာ သန်း ၈၀ ချေးငှားမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်က ကြေညာသည်။

စီးပွားရေးရုတ်ခြည်း ဖွံ့ဖြိုးလာချိန်အတွက် မြန်မာနိုင်ငံက အံ့ကိုက်ဖြစ်စေရန် "ဟောင်းနွမ်းကာ ဝန်နှင့် အားမမျှတော့သည့် ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်"အား ပြုပြင်နိုင်ရေးအတွက် ADB က မြန်မာနိုင်ငံသို့ ထုတ်ချေးခြင်းဖြစ်သည်။ လာမည့် ဆယ်စုနှစ်တွင် မြန်မာစီးပွားရေးက ၇ ဒသမ ၈ ရာခိုင်နှုန်း ဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်က ၂၀၃၀ ခုနှစ်အထိ နှစ်စဉ် ၉ ရာခိုင်နှုန်းကျော် မြင့်တက်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

"မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးရည်မှန်းချက်များနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးဦးတည်ချက်တွေ အထောက်အပံ့ဖြစ်မယ့် လျှပ်စစ်အလုံအလောက် ရရှိနိုင်ဖို့အတွက်က အဆောတလျင်ပဲ လိုအပ်နေတာကြောင့် မြန်မာနိုင်ငံရဲ့ ဓာတ်အားဖြန့်ဖြူးရေးကွန်ရက် အဆင့်မြှင့်တင်ဖို့ အရေးတကြီး လိုအပ်ပါတယ်။"ဟု ADB မှ အရှေ့တောင်အာရှဌာန အကြီးတန်းစွမ်းအင်စီးပွားရေးပညာရှင် Bui Duy Thanh က ပြောသည်။

"ရန်ကုန်မြို့က နိုင်ငံအတွက် စီးပွားရေးအချက်အခြာဗဟို မြို့တော်ပဲဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့နဲ့ ဘေးပတ်ဝန်းကျင် နယ်မြေတွေမှာ လျှပ်စစ်မီးရရှိဖို့အတွက် အစိုးရက အာမခံလုပ်ဆောင်နိုင်အောင် ကူညီပေးခြင်းပဲဖြစ်ပါတယ်။"ဟု ၎င်းက ပြောသည်။

AGD ဘဏ်၏ ချေးငွေအကူအညီကို အစိုးရက ပေါင် ၃ ဒသမ ၃ သန်း ဖြည့်စွက်ပေးမည်ဖြစ်သည်။ ယခုစီမံကိန်းအစီအစဉ်ကို သုံးနှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၉ တွင် ပြီးစီးမည် ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက ရွေးကောက်ပွဲတွင် ရေရှည်ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့သည့် NLD ပါတီအနိုင်ရခြင်းဖြင့် ရာစုနှစ်ဝက်ကျော် စစ်တပ်ကြီးစိုးမှု အဆုံးသတ်မည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်က အရပ်သားတစ်ပိုင်းအစိုးရထံ စစ်တပ်က အာဏာလွှဲပြောင်းပြီးနောက် ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ကာ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေး အဓိကနယ်ပယ်များတွင် မြှင့်တင်မှုများ လုပ်ဆောင်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နိုင်ငံအား တံခါးဖွင့်လှစ်မည် မျှော်လင့်ရပြီး သန့်ရှင်းသည့် သူ့ပုံရိပ်ကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ အလုံးအရင်း စီးဝင်လာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required